ရန်ကုန်- ၂၀၂၃၊ မေ ၅ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ ကွမ်း အများဆုံးစိုက်တဲ့ တောဖျားချောင်းဒေသမှာ မိုခါမုန်တိုင်းကြောင့် နေအိမ်တွေနဲ့ ကွမ်းခင်းတွေ ပျက်စီးခဲ့လို့ စားဝတ်နေရေး အကူအညီအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ တောဖျားချောင်းဒေသမှာ ထမင်းအိုးလို့ ပြောလို့ရတဲ့ ကွမ်းခင်းတွေ အကုန်ပျက်စီးသွားတယ်။ ကျွန်တော်တို့ ဆင်သေကျေးရွာ တစ်ရွာတည်းမှာပဲ ကွမ်းခင်း အပင် ၇၀၀ ကျော်လောက် ပျက်စီးသွားတယ်။ လက်ရှိ စားနပ်ရိက္ခာ၊ အမိုးအကာတွေ အရေးပေါ်လိုနေတယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဒေသဟာ ရေလမ်းတစ်ခုပဲ သွားလာရေးအတွက် အသုံးပြုလို့ရပြီး ကွမ်းစိုက်တဲ့လုပ်ငန်းတွေက အဓိကအသက်မွေးဝမ်းကျောင်းစိုက်ပျိုးရေးတွေထဲကတစ်ခုလို့ ဆိုပါတယ်။
အဲဒီဒေသမှာ ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး မိုခါမုန်တိုင်းကြောင့် ကွမ်းခင်းတွေ အားလုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီဒေသခံတွေဟာ သူတို့စိုက်ခင်းတွေက ထွက်တဲ့ ကွမ်းသီးနဲ့ ကွမ်းရွက်တွေကို ပုဏ္ဏားကျွန်းမြို့ပေါ်မှာ လာရောင်းကြပြီး ရတဲ့ငွေနဲ့ စာသောက်ကုန်တွေပြန်ဝယ်ကာ စားဝတ်နေရေး ဖြေရှင်းကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အခြေစိုက် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
“ ကျွန်တော်တို့ရောက်သွားတော့ သူတို့က ထမင်းငတ်နေကြပြီတဲ့။ နေစရာ အိမ်မလိုဘူး။ ဆန်ရရင် ရပြီ။ ထမင်းစားရရင်ရပြီဆိုပြီး ငိုပြီးပြောကြတယ်” လို့ အဲဒီဒေသကို မနေ့တုန်းက သွားရောက်လှူဒါန်းခဲ့တဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။
အဲဒီ အဖွဲ့ဟာ တောဖျားချောင်းဒေသက ရွာ ၈၀ ရာခိုင်နှုန်းလောက်ကို ဆန်၊ဆီ၊ဆား၊ ငါးပိ၊ငါးခြောက်တွေ လှူဒါန်းနိုင်ခဲ့ပေမယ့် လုံးဝအကူအညီ အထောက်အပံ့မရသေးတဲ့ရွာတွေလည်း အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။
လှူနိုင်ခဲ့တဲ့ ပမာဏဟာလည်း တစ်လစာလောက်ပဲ ဖူလှုံနိုင်ပြီး ရေရှည်အတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မှာ အင်အားပြင်းမိုခါမုန်တိုင်းဒဏ်ကြောင့် ကွမ်းသီးပင်စိုက်ခင်း ၁,၃၄၅ ဧကနဲ့ ကွမ်းရွက်စိုက်ခင်း ၅၈ ဧက ပျက်စီးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပုံစာ- မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားကန်ချောင်းကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးနေသည့်မြင်ကွင်း
ပုံ- PDYO
#Dailynews