စစ်တွေ – ၂၀၂၃ ဇွန် ၂ (မော်ကွန်း)
မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အအုံတွေပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေ မဖြစ်မနေပြန်ဖွင့်ရမယ်လို့ ညွှန်ကြားထားလို့ ကျောင်းတွေပြန်ဖွင့်ပေမယ့် ကျောင်းသားတွေကို လုံလောက်အောင် စာသင်ပေးနိုင်တာမျိုးမရှိသေးဘူးလို့ ကျောင်းဆရာတွေကပြောပါတယ်။
“ စစ်တွေမှာ ကျောင်းတွေအားလုံးပြန်ဖွင့်ပြီ။ ဒါပေမယ့် အပျက်အစီးတွေ မပြင်နိုင်သေးတဲ့ကျောင်းတွေဆို အတန်းအားလုံးကို မသင်ပေးနိုင်ဘူး။ ဥပမာ ကျောင်းမှာ အဆောင်သုံးဆောင်ရှိတယ်၊ တစ်ဆောင်ပဲ အမိုးအကာနဲ့ အကောင်းတိုင်းရှိတယ်ဆို အဲဒီအဆောင်မှာ အတန်းကြီးတွေကို ဦးစားပေးအနေနဲ့သင်ပေးနေတာပါ” လို့ စစ်တွေမြို့က အထက်တန်းကျောင်းအုပ်တစ်ဦးက ပြောပါတယ်။ သူကျောင်းမှာ ကျောင်းသား ၇၀၀ လောက်လာအပ်ထားပြီး ၆၉၀ လောက် ကျောင်းကိုရောက်လာတယ်လို့ သူကဆိုပါတယ်။
မြောက်ဦးမြို့နယ်မှာလည်း အခြေခံပညာကျောင်း ၂၀၀ ကျော်မှာ ၈၀ ရာခိုင်နှုန်းလောက် ပြန်ဖွင့်နေပြီလို့ မြောက်ဦးမြို့နယ်က ကျောင်းဆရာတစ်ဦးကပြောပါတယ်။
“ တစ်ချို့ကျတော့ သူတို့နေအိမ်တွေပျက်စီးသွားတော့ ပြန်လည်းမပြင်နိုင်ဘူး၊ ယာယီတဲလေးတွေမှာပဲ နေရတယ်။ အဲဒီတော့ သူတို့ ကျောင်းလည်းမသွားနိုင်ဘူး။ မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်ငါးခုမှာရှိတဲ့ ကျောင်းသားသုံးပုံတစ်ပုံလောက်က ကျောင်းမရောက်နိုင်သေးဘူး” လို့ မြောက်ဦးမြို့က ကျောင်းဆရာက ပြောပါတယ်။
မြောက်ဦးမှာ ကျောင်းသားအများစုက ကျောင်းအပ်ထားပေမယ့် မုန်တိုင်းကြောင့် နေအိမ်အကြီးအကျယ် ပျက်စီးခဲ့ရတဲ့ ကျောင်းသားတွေကတော့ အခုထိကျောင်းမတက်နိုင်ကြသေးတာလည်း ရှိတယ်လို့ သူက ဒီနေ့ နေ့လည်ပိုင်းမှာ ပြောပြပါတယ်။
မဖြစ်မနေ ကျောင်းတွေဖွင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ကျောင်းသားတွေကို အပျက်အစီးတွေကြားမှာပဲ စာသင်ပေးနေရတယ်လို့ ကျောင်းဆရာတွေက ပြောပြပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ကျောင်းပေါင်း ၁,၃၅၂ လုံးပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးက မေ ၁၈ မှာ ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်း ၃,၀၀၀ ကျော်ရှိပြီး ၂,၄၀၀ ကျော် ပြန်ဖွင့်နိုင်အောင်လုပ်မယ်လို့ ပြီးခဲ့တဲ့ မေ ၃၁ ရက်က စစ်ကောင်စီကကြေညာထားပါတယ်။
ရခိုင်ပြည်နယ်က ကျောင်းဆရာ၊ ဆရာမတချို့နဲ့ အရပ်ဖက်ပညာရေးအဖွဲ့အစည်းတချို့ကတော့ မုန်တိုင်းဒဏ်သင့်ပြီး ပြန်လည်ထူထောင်ရေးလုပ်နေရတာကြောင့် ရခိုင်ပြည်နယ် ကျောင်းဖွင့်ချိန်ကို တစ်လနောက်ဆုတ်ပေးဖို့ တောင်းဆိုတာတွေရှိကြပေမယ့် စစ်ကောင်စီကတော့ တစ်နိုင်ငံလုံးကစာသင်ကျောင်းတွေနဲ့အတူ ရခိုင်ပြည်နယ်က ကျောင်းတွေကိုလည်း ဇွန် ၁ ရက်ကတည်းက ဖွင့်ခိုင်းခဲ့ပါတယ်။
ပုံစာ- မိုခါမုန်တိုင်းကြောင့်အမိုးအကာတွေပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်၊ ဥက္ကံရွာ မှအလယ်တန်းကျောင်းမြင်ကွင်း
Photo – Supplied
#Dailynews

