မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာ တောင်းရမ်းသူတွေပိုများလာ

မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာ တောင်းရမ်းသူတွေပိုများလာ

စစ်တွေ- ၂၀၂၃၊ ဇူလိုင် ၅ (မော်ကွန်း)

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင်း နေအိမ်ပျက်စီးပြီး စားစရာပါမရှိတော့လို့ တောင်းရမ်းသူတွေပိုများလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ပေါက်တောမြို့ပေါ်မှာဆို အနီးအနားရွာတွေကထင်တယ်၊ တောင်းနေကျ မြင်နေကျလူတွေမဟုတ်ဘူး၊ ကလေးတွေတောင်မဟုတ်ဘူး၊ လူကြီးတွေပါတွေ့လာရတယ်။ ကျွန်မတို့စားစရာမရှိတော့လို့ကူညီကြပါဆိုပြီးလာတောင်းကြတာ” လို့ ပေါက်တောမြို့နယ်မှာကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ စာရင်းတွေအရ မိုခါမုန်တ်ိုင်းကြောင့် ကျေးရွာပေါင်း နှစ်ထောင်ကျော်၊ နေအိမ် သုံးသိန်းနီးပါးထိခိုက်ပျက်စီးသွားတယ်လို့ဖော်ပြပါတယ်။

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေဟာ မိုးရာသီအတွက်သိုလှောင်ထားတဲ့ စပါးကျီတွေလည်း မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သလို၊ ကျွဲနွားတွေလည်းဆုံးရှုံးသွားခဲ့ရပြီး နေအိမ်တွေပါပျက်စီးသွားလို့ စားဝတ်နေရေးပြဿနာကိုအကြီးအကျယ်ကြုံတွေ့နေရတယ်လို့ မုန်တိုင်းဒဏ်ကိုအပြင်းထန်ဆုံးခံစားခဲ့ရတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ နဲ့ စစ်တွေမြို့နယ်တွေက အကူအညီပေးရေးလုပ်နေသူတွေကမော်ကွန်းကိုပြောပါတယ်။

“စစ်တွေ့မြို့ပေါ်မှာလည်း တောင်းရမ်းတဲ့သူတွေပိုများလာနေတယ်။ အရင်လိုလမ်းမပေါ်ထိုင်ပြီးတောင်းရမ်းနေတာမဟုတ်တော့ဘူး။ တစ်ချို့ဆိုကလေးလေးပိုက်ပြီးလိုက်တောင်းရမ်းနေကြတာ။” လို့ ဝံလတ်ဖောင်ဒေးရှင်းတာဝန်ရှိသူ ဦးခိုင်ကောင်းစံကပြောပါတယ်။

ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာမှာဆိုလည်း ဘာအကူအညီမှမရောက်သေးလို့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက်ကြုံသလိုဖြေရှင်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာလည်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်ကတည်းက ရခိုင်ပြည်နယ်အတွင်းခရီးသွားလာခွင့်ကိုရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီလိုပိတ်လိုက်ပြီးနောက်ပိုင်းမှာ မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူတွေအတွက် အကူအညီအထောက်အပံ့တွေဟာ ကြန့်ကြာမှုတွေရှိခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကထောက်ပြပါတယ်။

အဲဒီနောက်ရခိုင်ပြည်နယ်အတွင်း ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတစ်ချို့က်ိုအကူအညီပေးရေးလုပ်ငန်းတွေဆက်လက်လုပ်ကိုင်ခွင့်ပြုပေးထားပြီး ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေမှ တစ်ဆင့် စီစစ်ပြီးမှ ဖြန့်ဝေပေးနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ယာယီအကြီးအကဲ Ms. Danielle Parry ဦးဆောင်တဲ့အဖွဲ့ ကတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နဲ့ ဒီနေ့ နံနက် ၁၀:၀၀ နာရီ က နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

မိုခါမုန်တိုင်းဝင်ရောက်ခဲ့တာအခုဆို နှစ်လနီးပါးရှိပြီး လက်ရှိရခိုင်ပြည်နယ်ရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းဟာအရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးအကာတွေအရေးပေါ်လိုအပ်နေဆဲဖြစ်တယ်လို့ ULA ကထုတ်ပြန်ထားပါတယ်။

ပုံစာ-မိုခါမုန်တိုင်းအပြီးစစ်တွေမြို့ရဲ့အပျက်အစီးမြင်ကွင်း
Photo – WFP


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."