မုန်တိုင်းတစ်လုံး ရခိုင်ဘက်ကိုထပ်လာဦးမယ်လို့ ခန့်မှန်းမှုတွေရှိနေ၊ မိုးဇလညွှန်မှူးကတော့ ဖြစ်နိုင်ချေနည်းဟုဆို

မုန်တိုင်းတစ်လုံး ရခိုင်ဘက်ကိုထပ်လာဦးမယ်လို့ ခန့်မှန်းမှုတွေရှိနေ၊ မိုးဇလညွှန်မှူးကတော့ ဖြစ်နိုင်ချေနည်းဟုဆို

ရန်ကုန်-၂၀၂၃ ဇွန် ၁ (မော်ကွန်း)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို လာမယ့် ဇွန် ၉ ရက်ခန့်မှာ မုန်တိုင်းတစ်လုံးထပ်မံဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းမှုတွေရှိနေပေမယ့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန ညွှန်ကြားရေးမှူးကတော့ ဖြစ်နိုင်ချေနည်းတယ်လို့ဆိုပါတယ်။

ဧရာဝတီတိုင်း၊မော်တင်စွန်းတောင်ဘက် မိုင် ၄၀ ခန့်အကွာ ကပ္ပလီပင်လယ်မှာ ဇွန် ၃ ရက်မှာဖြစ်လာမယ့် လေပွေလှိုင်း (INVEST 92B)ဟာ ဆိုက်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး ဇွန် ၉ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ အလွတ်တန်း မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်က ဒီနေ့ပြောပါတယ်။

အဲဒီ့လေပွေလှိုင်းဟာ ဇွန် ၇ ရက်မှာ လေတိုက်နှုန်း မိုင် ၅၀ ကျော်အထိဖြစ်လာကာ မုန်တိုင်းငယ်အဆင့်ဖြစ်လာပြီး နောက်ရက်မှာတော့ လေတိုက်နှုန်း မိုင် ၈၀ အထိတက်လာကာ ဆိုက်ကလုန်းမုန်တိုင်းအဆင့်ရောက်မယ်လို့ ၎င်းကခန့်မှန်းထားပါတယ်။

အဲဒီနောက် ဇွန် ၉ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူကြားကနေ ကုန်းတွင်းကိုဝင်သွားမယ်လို့ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှထွန်းကတော့ မုန်တိုင်းဖြစ်၊ မဖြစ် စောင့်ကြည့်အဆင့်မှာပဲရှိသေးတာလို့ ဆိုပါတယ်။

“ လေဖိအားနည်းရပ်ဝန်းတောင်မဖြစ်သေးတဲ့ဟာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေရှိတယ်လို့ပဲ လောလောဆယ် ပြောလို့ရသေးတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်ပြီးမှသာ မုန်တိုင်းဖြစ်နိုင်ချေရှိလား၊ မရှိလားက ပိုပြီးတော့ပြောနိုင်မှာဆိုတော့ အခုကတော့ စောင့်ကြည့်ဆဲအဆင့်ပဲ ရှိသေးတယ်။ မုန်တိုင်းဖြစ်နိုင်ချေဆိုတာတော့ ကျွန်တော်တို့မသုံးပါဘူး။ လေဖိအားနည်း ရပ်ဝန်း ဖြစ်နိုင်ချေပဲရှိတယ်။ မုန်တိုင်းဖြစ်နိုင်ချေကတော့ အလားအလာကနည်းတယ်ဆိုတာ ပြောချင်တာပါ” လို့ မော်ကွန်းကိုပြောတယ်။

ဒီလေထုမငြိမ်မသက်မှုဖြစ်စဉ်ကြောင့် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ချေရှိလို့ ဇွန် ၅ ရက်ကနေ ၁၀ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာအပြင် ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးနိုင်တာတွေ ဖြစ်နိုင်တယ်လို့ ဦးလှထွန်းက ဆက်ပြောပါတယ်။
ဦးဝင်းနိုင်ကတော့ ဒီမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က စစ်တွေမြို့အနီးကနေ ကုန်းတွင်းဝင်ရောက်ခဲ့ပြီး ဖျက်အားပြင်းတဲ့မုန်တိုင်းမိုခါလောက်တော့ အားမပြင်းနိုင်ပေမယ့် ဆက်စောင့်ကြည့်ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ မုန်တိုင်းဝင်လာနိုင်တဲ့လမ်းကြောင်းအနီးက ပြည်သူတွေအနေနဲ့တော့ ကြိုတင်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ဦးဝင်းနိုင်ကအသိပေးထားပါတယ်။

မေ ၁၄ ရက်က ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံအနောက်ဘက်ခြမ်းဒေသတွေကို အပျက်အစီးကြီးမားစေခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်ဖို့ ကြိုးပမ်းနေစဉ်အတွင်းမှာ နောက်ထပ်မုန်တိုင်းတစ်လုံးထပ်ဝင်ဦးမယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရခိုင်ဒေသခံတစ်ချို့ကတော့စိုးရိမ်ပူပန်နေကြောင်း လူမှုကွန်ယက်တွေမှာ ရေးသားနေကြပါတယ်။

ပုံစာ-မိုခါမုန်တိုင်းအပြီး စစ်တွေမြို့မြင်ကွင်း
Photo – U San Myat Shwe


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."