ကျော်ဇေယျ
ဒီဇင်ဘာ-၁၂
ပါရမီစွမ်းအင်အုပ်စုမှ မီးဖိုချောင်သုံးရေနံဓါတ်ငွေ့ရည်(LPG)အိုး တစ်သိန်းခွဲခန့်ကှိ ပြည်တွင်းတွင် စတင်ဖြန့်ဖြူးရောင်းချ ပေးမည်ဟု ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ယနေ့ပြုလုပ်သော ပါရမီအိမ်ထောင်သုံး ရေနံဓါတ်ငွေ့ရည်ပစ္စည်းများ မိတ်ဆက်ပွဲတွင် ပါရမီ စွမ်းအင်အုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ပြောသည်။
ထင်း၊မီးသွေးသုံးစွဲမှုကုန်ကျစားရိတ်ထက် သက်သာပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနည်းသည့် ယင်းကုန်ပစ္စည်း သည် လတ်တလောတွင် အစိုးရက အရှုံးခံရောင်းချပေးနေသည့် လျှပ်စစ်ဓါတ်အားဈေးနှုန်းထက် မြင့်နေသေးကြောင်း လည်း ဦးပြည့်ဝထွန်းက ဆိုသည်။
“ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လျှပ်စစ်ဈေးနှုန်းကို အစိုးရက နောက်ပိုင်းပြောင်းလဲ သတ်မှတ်ခဲ့ရင် ဒီဓါတ်ငွေ့ရည်က ဈေးပို သက်သာလာမှာပါ။ ဒီလောင်စာရဲ့ အားသာချက်က အချိန်မရွေး၊ ကြိုက်တဲ့နေရာမှာ ချက်ပြုတ်သုံးစွဲဖို့ အဆင်ပြေတာပါပဲ” ဟု သူက ရှင်းပြသည်။
ဓါတ်ငွေ့ရည်အား လတ်တလောတွင် ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်ကိုသာ ဖြန့်ဖြူးမည်ဖြစ်ပြီး သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် ထင်း၊မီးသွေး လောင်စာသုံးစွဲကြသော “ ကျေးလက်တောရွာတွေအထိ ရောက်အောင် ဖြန့်ဖြူးရောင်းချ ဖို့ ကတော့ ကျွန်တော်တို့လည်း အခက်အခဲရှိနေဆဲပါပဲ ” ဟု ဦးပြည့်ဝထွန်းက ဆက်ပြောသည်။
ပါရမီစွမ်းအင်အုပ်စုသည် ယင်းပစ္စည်းများ၏ မြို့နယ်ဆိုင်ရာ ဖြန့်ဖြူးရေး ကိုယ်စားလှယ်များကို အမျိုးသမီးများသာ ခန့် အပ် မည်ဖြစ်ပြီး “ ဒီလိုလုပ်ဆောင်တာက အမျိုးသမီးတွေဟာ ချက်ပြုတ်နေကြရင်း တစ်ဖက်က မီးဖိုချောင်ဝင်ငွေ ရရှိအောင်လို့ စဉ်းစားတာပါ ” ဟု ဦးပြည့်ဝထွန်းက ဆိုသည်။
နိုင်ငံအတွင်းရှိ အိမ်ထောင်စုများသို့ ရေနံဓါတ်ငွေ့ရည်သုံးစွဲနိုင်ရန် အစိုးရအနေဖြင့် ၂၀၁၈ တွင် အိမ်ထောင်စု တစ်သိန်းခွဲ၊ ၂၀၁၉ တွင် အိမ်ထောင်စု နှစ်သန်းအထိ ရည်မှန်းထားပြီး ပါရမီစွမ်းအင်အုပ်စုက ယင်းကဏ္ဍကို ဝင်ရောက်ဖြည့်စွက်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းလည်း ဦးပြည့်ဝထွန်းက ပြောသည်။
လတ်တလောတွင် ပါရမီစွမ်းအင်အုပ်စုအနေဖြင့် ရေနံဓါတ်ငွေ့ရည်ကဏ္ဍတွင် ဆိပ်ကမ်း၊ ရေနံဓါတ်ငွေ့ရည်ထည့်သည့် အိုးများနှင့် စက်ရုံတို့အတွက် ရင်းနှီးမြုပ်နှံမှုအဖြစ် ကျပ်ငွေ ၅၀ ဘီလီယံမြုပ်နှံ့ထားပြီး လာမည့်သုံးနှစ်အတွင်း အမေရိ ကန် ဒေါ်လာ ၂၅ သန်းခန့်တန်ဖိုးရှိ ရေနံဓါတ်ငွေရည်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများကို ဆက်လက်လုပ်ဆောင်ကာ တစ်နိုင်ငံ လုံးအတိုင်းအတာရှိ ဈေးကွက်များသို့ ကုန်ပစ္စည်းရောက်ရှိစေရန် ရည်မှန်းထားကြောင်း ပါရမီစွမ်းအင်အုပ်စုက ရှင်းလင်း သည်။
နိုင်ငံတကာတွင် အစားထိုးစွမ်းအင်လောင်စာအဖြစ်အသုံးပြုနေသည့် ရေနံဓါတ်ငွေ့ရည်ကို မြန်မာနိုင်ငံတွင် သုံးစွဲမှုသည် လူဦးရေ၏ ငါးရာခိုင်နှုန်းခန့်သာ ရှိသေးသည်။ ယင်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သုံးစွဲမှု ၉၀ ရာခိုင်နှုန်း အချိုးနှင့်ယှဉ်လျှင် များစွာနိမ့်ကျနေသေးကြောင်း ပါရမီစွမ်းအင်အုပ်စုက ရှင်းပြသည်။