ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၇ (မော်ကွန်း)
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်အားအနည်းငယ်ကနေ အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ပဲခူး၊ တိုက်ကြီး နဲ့ မှော်ဘီမြို့နယ်တို့ကိုဦးတည်ပြီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မှော်ဘီမြို့နယ်က ဗုဒ္ဓသာသနာပြုတက္ကသိုလ်တစ်ခုမှာ ပျက်စီးမှုတစ်ချို့ရှိခဲ့ပြီး ရန်ကုန်မြို့အတွင်း မြို့နယ်တော်တော်များများမှာလည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။
အခုရက်ပိုင်း ရန်ကုန် နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ဘာလို့ ငလျင်တွေ ခက်စိပ်စိပ် လှုပ်လာသလဲ။ ပြည်သူတွအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ မြေငလျင်ဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။
မော်ကွန်း – ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ငလျင်တွေဆက်တိုက်ဆိုသလို လှုပ်လာနေတယ်။ ဘာကြောင့် ရက်စိပ်စိပ် ငလျင်တွေလှုပ်လာရတာလဲ။
ဒေါက်တာယဉ်မျိုးမင်းထွေး – ငလျင်လှုပ်ရှားမှုဆိုတာကတော့ လှုပ်ရှားမှုကိုဖြစ်စေတဲ့ ပြတ်ရွေ့တွေ၊ မြေထုချပ်တိုးဝင်တဲ့ဖြစ်စဉ်တွေရှိရင်တော့ ငလျင်လှုပ်ရှားမှုဆိုတာရှိတယ်။ နောက်ပြီး ကမ္ဘာနဲ့တစ်ဝှမ်းမှာ မြေထုချပ်တွေက အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ ရွေ့လျားနေတာဖြစ်ပြီး တစ်ချိန်ချိန်မှာ မြေထုချပ်တွေ ရွေ့လျားမှု မူမမှန်တာ၊ ချော်ထွက်တာတို့ ပြုတ်ကျတို့ရှိတဲ့အခါ ငလျင်လှုပ်ရှားမှုဆိုတာဖြစ်ပေါ်လာတယ်။ မြန်မာနိုင်ငံမှာ ဆိုလည်း စစ်ကိုင်းပြတ်ရွေ့၊ ကဘော်ကျောက်ကြမ်းပြတ်ရွေ့တွေအပြင် ပြတ်ရွေ့ငယ်ပေါင်းမြောက်များစွာလည်း တည်ရှိနေတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်းဒေသတွေမှာ မြေထုချပ်တိုးဝင်မှုဖြစ်စဉ်တွေရှိ တယ်။ ဒါ့ကြောင့် ဒီလိုနေရာတွေမှာငလျင်လှုပ်ရှားမှုတွေဖြစ်ပေါ်စေတယ်။ ရန်ကုန်မှာ ဒီရက်ပိုင်း လှုပ်ရှားတဲ့ငလျင်တွေဟာ စစ်ကိုင်းပြတ်ရွေ့ အနောက်ခြမ်းမှာရှိတဲ့ ပြတ်ရွေ့ငယ်တွေရဲ့ လှုပ်ရှားမှုကြောင့်လို့ ကျွန်တော်တို့သုံးသပ်ထားတယ်။
မော်ကွန်း – အခုလိုမျိုး မကြာခဏငလျင်လှုပ်လာနေတော့ ရှေ့ဆက်ပြီးတော့ကော ဘာတွေဆက်ဖြစ်လာနိုင်လဲ။
ဒေါက်တာယဉ်မျိုးမင်းထွေး – ငလျင်ဆိုတာ သိသိပပ ခန့်မှန်းတွက်ချက်လို့မရတဲ့ သဘာဝဘေးတစ်မျိုးဖြစ်တယ်။ ငလျင်ဆိုတာ အချိန်မရွေးဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးတစ်မျိုးဖြစ်တာကြောင့် ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ ပြတ်ရွေ့တွေရှိမယ်၊ မြေထုချပ်တိုးဝင်တဲ့ဖြစ်စဉ်တွေရှိခဲ့တဲ့ ဒေသတွေဆိုရင် ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်ရင် ပိုပြီးတော့ ကောင်းမွန်ပါမယ်။
မော်ကွန်း – ရန်ကုန်မြို့မှာနေထိုင်တဲ့သူတွေအနေနဲ့ဘာတွေပြင်ဆင်ထားသင့်လဲ။
ဒေါက်တာယဉ်မျိုးမင်းထွေး – ရန်ကုန်ကတော့ အထပ်မြင့်အဆောက်အဦတွေများတာ၊ နောက်ပြီး စစ်ကိုင်းပြတ်ရွေ့နဲ့လည်း နီးကပ်စွာရှိတဲ့အတွက်ကြောင့်မို့ နေအိမ်အဆောက်အဦကြံ့ခိုင်မှုကိုစစ်ဆေးရမယ်။ လိုအပ်ပါက ကိုယ်နေထိုင်ရာအဆောက်အဦတွေကို ကြံ့ခိုင်အောင်ဆောင်ရွက်ထားမယ်ဆိုပိုပြီးတော့ ကောင်းမွန်ပါမယ်။
မော်ကွန်း – ငလျင်လှုပ်ခတ်မှု ပြင်းအားကို အကြမ်းဖျင်း ဘယ်လို ခွဲခြားလို့ရနိုင်လဲ။
ဒေါက်တာယဉ်မျိုးမင်းထွေး– ငလျင်ရဲ့သက်ရောက်မှုသာမကပါဘူး၊ လှုပ်ရှားတဲ့ ဗဟိုချက် အတိမ်အနက်ပေါ်မှာလည်း မူတည်ပါတယ်။ ငလျင်ရဲ့ ပြင်းအားအတော်အသင့်လည်းများမယ်၊ လှုပ်ရှားတဲ့ မြေအောက်ဗဟိုချက်အနက်ကလည်း တိမ်မယ်ဆိုရင် လူတွေလည်းပိုပြီးသတိထားမှုပိုများလာမယ်၊ အဆောက်အဦထိခိုက်မှုတွေလည်းရှိလာမယ်။ နောက်ပြီး အင်အားအနည်းငယ်ရှိပေမယ့် အရမ်းတိမ်လွန်းရင်လည်း လူတွေသတိထားမိမယ်။
မော်ကွန်း- ဒေါက်တာပြောသလို ရန်ကုန်က စစ်ကိုင်းပြတ်ရွေ့နဲ့နီးနေတယ်ဆိုရင် ရန်ကုန်ရဲ့ ဘယ်မြို့နယ်၊ ဘယ်နေရာတွေက ပိုပြီးဂရုပြုသင့်မလဲ။
ဒေါက်တာယဉ်မျိုးမင်းထွေး – ၁၉၃၀ လောက်က စစ်ကိုင်းပြတ်ရွေ့မှာ ငလျင်ကြီးတစ်ခုလှုပ်ရှားခဲ့ဖူးတယ်။ ပဲခူးငလျင်ဆိုပြီး လူသိများတယ်။ အဲဒီနေရာမှာ ဂျပန်ကျိုတိုတက္ကသိုလ် နဲ့ မြန်မာနိုင်ငံမိုးဇလရယ် ငလျင်ကော်မတီ တို့ပူးပေါင်းပြီး သုတေသနဆောင်ရွက်ချက်တွေအရ နှစ်ပေါင်း ၁၆၀ (၂၀၉၀ ခုနှစ်) အတွင်း အင်အားပြင်းငလျင်လှုပ်ရှားမှုကြီး တစ်ကျော့ပြန်လှုပ်ရှားလာနိုင်တယ်ဆိုတာ တွေ့ရှိထားတယ်။ အဲဒီ နှစ် ၁၆၀ ဆိုတာ သက်တမ်းပြည့်မှမဟုတ်ဘူး။ သက်တမ်းအတွင်းမှာ အချိန်မရွေးလှုပ်ရှားနိုင်တယ်လို့ တွေ့ရှိထားတယ်။ ၁၉၃၀ ငလျင်လှုပ်ရှားခဲ့မှုမှာဆိုရင် ပဲခူးသာမက ရန်ကုန်ကို သက်ရောက်ခဲ့ဖူးတာရှိတယ်။
ပဲခူးတိုင်းဒေသကြီးဟာ ငလျင်နဲ့ပတ်သက်ပြီး သတိပြုဖို့လိုသလို ရန်ကုန်တိုင်းဒေသကြီးဟာလည်း သတိပြုနေထိုင်ဖို့လိုအပ်ပါတယ်။
မော်ကွန်း – ဒေါက်တာအနေနဲ့ ငလျင်ဘေးအန္တရာယ် နဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများ ပြောချင်တာရှိလဲ။
ဒေါက်တာယဉ်မျိုးမင်းထွေး – ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းတွက်ချက်လို့လည်းမရပါဘူး။ ဘယ်နေ့၊ ဘယ်နေရာမှာ အင်အားဘယ်လောက်နဲ့လှုပ်မလဲဆိုတာကို ဒီနေ့အချိန်ထိ ဘယ်သူမှ တိတိကျကျ ခန့်မှန်းတွက်ချက်လို့မရနိုင်ဘူး။ တစ်ခါတစ်ရံ ဒီလိုမျိုးသတင်းတွေကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြတာတွေရှိတယ်။ ဒါမျိုးတွေတွေ့ရှိခဲ့ရင် ချင့်ချိန်ပြီးယုံကြည်သင့်တယ်။ ငလျင်ဆိုတာ စက္ကန့်ကနေမိနစ်ပိုင်းအတွင်း ဖြစ်နိုင်ပါတယ်။ ရန်ကုန်လို အထပ်မြင့်အဆောက်အဦတွေများတဲ့နေရာမှာ ဆိုလည်း ငလျင်လှုပ်ခဲ့ချိန် မိနစ်အပိုင်းအခြားအတွင်း အထပ်မြင့်တွေပေါ်က ပြေးဆင်းတာတွေ ရှောင်ရှားသင့်တယ်။ အချိန်တိုအတွင်းဖြစ်ပေါ်တဲ့အတွက်ကြောင့် ရုတ်တရတ်ပြေးဆင်းရင် လှေခါးမှာပိတ်မိတာတို့၊ အဆောက်အဦ ပိကျတာမျိုးတွေဖြစ်နိုင်တာကြောင့် ဒါမျိုးတွေကိုရှောင်ရှားသင့်တယ်။ နောက်ပြီး ကိုယ့်အဆောက်အဦကြံ့ခိုင်ရေးကို ဆောင်ရွက်ထားသင့်ပါတယ်။ ကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝဘေးဖြစ်တာကြောင့် ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားမှုဟာအကောင်းဆုံးပါပဲလို့ပြောချင်ပါ တယ်။
ပုံစာ- စက်တင်ဘာ ၂၄ ငလျင်လှုပ်ခတ်မှုကြောင့် မှော်ဘီမြို့နယ်၊ ပန်းတစ်ပွင့်တောင် သာသနာပြုတက္ကသိုလ်ပျက်စီးမှု
ဓာတ်ပုံ- ပေးပို့
#Dailynews