ရန်ကုန် – ၂၀၂၅ ဇူလိုင် ၇ (မော်ကွန်း)
တော်လှန်ရေးတပ်တွေ မိုးဗြဲမြို့ကိုစစ်ကောင်စီတပ်ဆီ လက်လွှတ်ပေးလိုက်ရပြီးနောက် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။
စစ်ကောင်စီတပ်တွေ မိုးဗြဲမြို့ပေါ်ကို ဝင်ရောက်ထိန်းချုပ်ထားပေမယ့် တော်လှန်ရေးတပ်တွေကလည်း စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်နေတယ်။ သူတို့ (စစ်ကောင်စီ) က မိုးဗြဲ-လွိုင်ကော်လမ်းကို ဆက်ထိုးမလို့လုပ်နေတာ။ အဲဒီလက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ မြေပြင်တိုက်ပွဲတွေလည်းဖြစ်နေတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ် မိုးဗြဲမြို့ကို တော်လှန်ရေးတပ်တွေဆီကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ဒီနေ့မနက်က ထုတ်ပြန်ခဲ့ပါတယ်။
ကရင်နီတော်လှန်ရေးအင်အားစုတွေ ၂၀၂၃ နိုဝင်ဘာလပိုင်းမှာ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီဟာ တစ်နှစ်ခွဲခန့်အကြာ ထိန်းချုပ်ထားခဲ့တာပါ။
စစ်ကောင်စီရဲ့ ဒီနှစ်စပိုင်းမှာ မိုးဗြဲမြို့ကို ပြန်ရဖို့နဲ့ လွိုင်ကော်၊ မိုးဗြဲ၊ ပင်လောင်းနဲ့ ဖယ်ခုံ ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးတပ်တွေ လက်ထဲကနေ ပြန်ရဖို့ အင်အားအလုံးအရင်းအသုံးပြုပြီး ထိုးစစ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ဒီလ ၃ ရက်ကစပြီး မိုးဗြဲမြို့အတွင်းက ရပ်ကွက်တွေကို အင်အားအများအပြားနဲ့ ဖြန့်ခွဲဝင်ရောက် နေရာယူထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေပြီး မိုးဗြဲမြို့အနီးက လူနေကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ဘေးရှောင်တွေကတော့ မိုးဗြဲ-ဖယ်ခုံလမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တာကြောင့် ဒေသတွင်း စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးတပ်တွေအတွက် မြေပြင်ထောက်ပံ့ရေး လမ်းကြောင်းတွေ အခက်အခဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
ကရင်နီတောင်ပိုင်း မော်ချီး၊ ဖားဆောင်းနဲ့ ဘော်လခဲမြို့တွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ဖားဆောင်းမြို့ရဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်ရင်းတစ်ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပါသေးတယ်။
ပုံစာ – စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့
ဓါတ်ပုံ – စစ်ကောင်ီစ ဝါဒဖြန့်သတင်းစာ

