ရန်ကုန် – ၂၀၂၅ ဧပြီ ၂၈ (မော်ကွန်း)
ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို ဒီနေ့မှာ စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထုတ်ပြန်ပါတယ်။
ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်စခန်းကနေ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် ဒီမြို့တွင်းမှာ နေရာယူထားတဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။
၎င်းစစ်ကြောင်းကို ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) လက်အောက်ရှိတပ်ရင်းတပ်ဖွဲ့တွေ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ခုခံတိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေတာပါ။
၎င်းတိုက်ပွဲမှာ စစ်ကောင်စီဟာ ဖယ်ခုံနဲ့ လွိုင်ကော်မြို့တွေကနေ လက်နက်ကြီးပစ်ကူ မိုးရွာသလို ပစ်နေတဲ့အပြင် ဂျက်ဖိုက်တာတွေနဲ့လည်း လေကြောင်းက ပစ်ခတ်နေတယ်လို့ PDF ရှမ်းတောင်စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ၎င်းတိုက်ပွဲမှာ အပြန်အလှန်တိုက်ခိုက်ရင်း တော်လှန်ရေးတပ်တွေဘက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရသွားကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ပြီး မိုးဗြဲမြို့ရဲ့ ရှေ့တန်းကာကင်းစခန်းတစ်ခုကိုလည်း ဆုတ်ခွာပေးလိုက်ရပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကတော့ “အခုဒီတစ်ကြိမ်က မိုးဗြဲကို ဒုတိယအကြိမ်စစ်ကြောင်းထိုးတာပေါ့။ အရင်ကလည်း အင်အားရာချီစစ်ကြောင်းထိုးလာတာကို PDF တွေတိုက်ထုတ်လိုက်နိုင်တယ်။ လေယာဉ်တွေလည်းတောက်လျှောက်ဝဲနေတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်နီ(ကယား) ဒေသကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လဆန်းပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။
မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေဟာ ၂၀၂၃ နိုဝင်ဘာကတည်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာတဲ့အထိ ထိန်းချုပ်ထားတာပါ။
ပုံစာ – မိုးဗြဲအခြေစိုက် PDF တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – ကျွဲချိုထောက်ပို့

