မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၂၀ (မော်ကွန်း)
ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်နေအိမ်ကို ဒီကနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်တွေ သေနတ်နဲ့ပစ်ခတ်ပြီး အတွင်းပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဥိီးစိုးဋ္ဌေးနေအိမ်မှာ လူမနေတော့တာ လေးလခန့်ကြာမြင့်ပြီလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဒီကနေ့ နေအိမ်ကို လာရောက်ဖျက်ဆီးချိန်မှာ မီးစက်အပြင် မိသားစုဝင်တွေ ဖမ်းဆီးခံရချိန် ကျန်ရစ်ခဲ့တဲ့ ဘဲငန်းတွေကိုပါ ဖမ်းဆီ သိမ်းယူသွားတယ်လို့ ဒေသခံကပြောပါတယ်။
“ဒီနေ့ ဗမွန်ရွာအစပ်ဘက်မှာ သေနတ်ပစ်သံကြားတယ်ဆိုပြီး အနီးအနားကလူတွေကိုမေးကြည့်တော့ ဦးစိုးဋ္ဌေးအိမ်ကိုလာပစ်သွားတာ။ လူမရှိတော့ လူတော့မထိဘူး”လို့ဒေသခံက ဆိုပါတယ်။
ဦးစိုးဋ္ဌေးဟာ သပိတ်တွေစတင်တဲ့အချိန်ကစပြီး ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ခံခဲ့ရကာ အခုထိ တိမ်းရှောင်နေရသူ ဖြစ်ပါတယ်။
ဇွန်လတုန်းက ဦးစိုးဋ္ဌေးရဲ့ ဇနီးနဲ့သမီးနှစ်ဦးကို စစ်ကောင်စီတပ်တွေက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
အသက် ငါးနှစ်အရွယ် သမီးအငယ်ဖြစ်သူ မစုထက်ဝိုင်းကိုတော့ ရက်အတော်ကြာ ဖမ်းထားပြီးတဲ့နောက် ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီနောက် ဇနီးနဲ့ သွေးလေးဘက်နာရောဂါရှိသူ သမီးအကြီးတို့ဟာ ထောင်သုံးနှစ်စီချခံရကာ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။
ဦးစိုးဋ္ဌေးရဲ့သားအကြီးကိုလည်း စစ်ကောင်စီတပ် တွေက အလုပ်မှာ ဖမ်းဆီးသွားပြီး အခုအချိန်ထိ အဆက်သွယ် မရရှိသေးဘူးလို့ မိသားစုဝင်ဆီက သိရပါတယ်။
ပုံစာ – ဦးစိုးဌေးအိမ်ကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့က ဝရမ်းလာကပ်စဉ်အချိန်။
ဓာတ်ပုံ – Supplied
#Dailynews

