ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၈ (မော်ကွန်း)
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ဒီနေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးအလုံး ၂၀ နီးပါး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီရဲ့ Y-12 လေယာဉ်က မိုးကုတ်မြို့ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ ပတ္တမြားမြေဂေါက်ကွင်းနဲ့ အနီးတစ်ဝိုက်ကို ဗုံးကြဲခဲ့တာလို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ဗုံးကြဲချသွားတဲ့ ဂေါက်ကွင်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီ ယခင်ကတပ်စွဲခဲ့တဲ့ စစ်ဗျူဟာကုန်းတစ်ခုလည်း တည်ရှိပြီး ကျောက်မျက်ရတနာလုပ်ကွက်တချို့လည်း တည်ရှိတယ်လို့ အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူအထိအခိုက်တော့ မကြားမိသေးဘူး။ ကြဲသွားတာတော့ ဗုံးအလုံး ၂၀ ကျော်တယ်။ အရင်ရက်တွေကလည်း လေယာဉ်တွေဝဲတာရှိတယ်။ ဒီနေ့လည်း ပုံမှန်ဝဲသွားတာပဲထင်တာ ဂေါက်ကွင်းဘက်လောက်မှာ ဆက်တိုက်ကြဲသွားတယ်” လို့ ၎င်းမိုးကုတ်ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို လေကြောင်းကနေ တိုက်ခိုက်လေ့ရှိပြီး မိုးကုတ်မြို့ကိုလည်း လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလပိုင်းကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံကိုးဦးအထိ သေဆုံးခဲ့ကာ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ပါသေးတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို မြို့အဝင်အထွက်လမ်းတွေမှာ စစ်ဆေးရေးတင်းကြပ်ထားပြီး အခြေခံစားသောက်ကုန်တွေကိုတော့ စိစစ်ပြီး သယ်ယူခွင့်ပြုထားတယ်လို့ မိုးကုတ်ဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့နယ်ထဲမှာရှိတဲ့ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ကွက်တွေကိုလည်း ပြီးခဲ့တဲ့လပိုင်းကစပြီး တစ်နိုင်တစ်ပိုင် တူးဖော်ခွင့်တွေ ပြန်ခွင့်ပြုပေးထားခဲ့ပါတယ်။
“အိမ်သုံးပစ္စည်းတွေ၊ ဆေးဝါးတွေ နည်းနည်းဈေးကြီးတာကလွဲရင် အကုန်ဝယ်လို့တော့ရတယ်။ ကျောက်အရောင်းအဝယ်ရှိနေတယ်။ ဈေးကောင်းလည်း ရနေတယ်လို့ပြောတယ်။ ကျန်းမာရေးအတွက် ဆေးခန်းတွေလည်း ပြန်ဖွင့်ပေးထားတယ်။ ရောဂါအရမ်းကြီးမဆိုးရင် မြို့ပေါ်မှာပဲ ကုသလို့ရတယ်” လို့ မြို့အခြေအနေကိုသိတဲ့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်းထဲမှာရှိပြီး ရတနာမြေဖြစ်တဲ့ မိုးကုတ်မြို့ကို TNLA ၊ မန္တလေး PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် ဇူလိုင်လပိုင်းမှာ စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ထားနိုင်ခဲ့တာပါ။
လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးတိုင်း မိုးကုတ်မြို့ကို ဆက်သွယ်တဲ့ လမ်းပိုင်းတွေနဲ့ မိုးကုတ်- စဉ့်ကူး ကားလမ်းပိုင်းတွေကို စိုးမိုးထားပြီး မန္တလေးတိုင်းကို စစ်ရေးအရ ခြိမ်းခြောက်နေတာပါ။
ပုံစာ – မိုးကုတ်မြို့ကို သိမ်းပိုက်ထားတဲ့ TNLA တပ်ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး
ဓါတ်ပုံ – TNLA သတင်းနဲ့ ပြန်ကြားရေး

