မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း ၊ မိုးကုတ်မြို့အနောက်ပိုင်းက မိုးကုတ်ခါနန်အသင်းတော်က လူငယ်သုံးဦးကို စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက် သိန်း ၆၀နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဒီသတင်းနဲ့နီးစပ်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ဒလန်အိမ်မီးရှို့တယ်ဆိုပြီး စွပ်စွဲ ဖမ်းသွားတယ် ၊ ခုကျ တစ်ယောက်ကို သိန်း နှစ်ဆယ်ပေးခိုင်းတယ်၊ ပေးမှလွတ်မယ့်သဘောပဲ ၊ ခုတော့ရဲစခန်းမှာ ဖမ်းထားတယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဇူလိုင်လ ၂၄ရက်နေ့ညက ရဲဝန်ထမ်းဟောင်းတစ်ဦးရဲ့ နေအိမ်အနည်းငယ်မီး လောင်ခဲ့ပြီးနောက်
စစ်အုပ်စုလက်အောက်ခံတပ်တွေက အင်အား ၂၀ ကျော်နဲ့ မိုးကုတ်ခါနန်အသင်းတော်ကုန်းကို ဝိုင်းထားခဲ့ပါတယ်။
ဇူလိုင်လ၂၅ရက်နေ့မနက်ပိုင်းမှာတော့ စစ်အုပ်စုက အသင်းတော်ဥက္ကဋ္ဌ၊ အမျိုးသမီးတစ်ဦးနဲ့ လူငယ်သုံးဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ အသင်းတော်ဥက္ကဋ္ဌနဲ့ အမျိုးသမီးတစ်ဦးကိုပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့လူငယ်တွေမှာ လက်နက်လည်း တွေ့ရတာမရှိ ၊ သက်သေလည်း တွေ့ရတာမျိုးမရှိဘဲ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ သူကပြောပါတယ်။
ဇူလိုင်လ ၂၆ရက်နေ့ မနက်မှာတော့ အသင်းတော်ဥက္ကဋ္ဌ၊ ကိုမေးမြန်းစရာရှိတယ်လို့ဆိုကာ ပြန်လည်ခေါ်ဆောင်သွားပြီးနောက် ကျန်ရှိတဲ့ လူငယ်သုံးယောက်ကို သိန်း ၆၀နဲ့ ရွေးခိုင်းတယ်လို့ ဆိုပါတယ်။
#Dailynews

