မိုးကုတ် – ၂၀၂၄ ဇွန် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လည် ၁း၀၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ လူနေရပ်ကွက်တွေကိုဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့၊ ကသဲရပ်ကွက်အတွင်း နေအိမ်တစ်အိမ်အပေါ် ဒီနေ့နေ့လည်ပိုင်းမှာ လက်နက်ကြီးကျတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။
ကျပ်ပြင်ရပ်ကွက်ဘက်ကိုလည်း လက်နက်ကြီးကျည်တွေကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကလည်းသိရပါတယ်။
“လက်နက်ကြီးကျွန်တော်တို့ အိမ်ဘေးမှာကျတာ၊ ခုအိမ်ပွင့်သွားပြီ၊ ကသဲဘက်ကအမျိုးသမီးလည်းလက်နက်ကြီးထိပြီးသေတယ်၊ ထိထားတဲ့အိမ်တွေများတယ်”လို့ ကျပ်ပြင်ရပ်ကွက် နေထိုင်သူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီတောင်ပေါ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်အထိုင်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA )တပ်တွေက ဒီနေ့ မနက်၈း၀၀နာရီဝန်းကျင်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
” ဒီနေ့ကအရင်နေ့တွေထက်ပြင်းထန်နေတယ်၊ လက်နက်ကြီးတွေလည်းနေအိမ်ပေါ်ကျတယ်၊ မြို့တွင်းကိုရဖို့ကြိုးစားနေတာဆိုတော့ တိုက်ပွဲအခြေနေပြင်းထန်နေတယ်”လို့အနောက်ပိုင်းနေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မရပ်ကွက်ကနေအိမ်တစ်အိမ်အပေါ်ကိုလည်း ဒီနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးကျရောက်တာကြောင့် မီးလောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့ ဖြူရောင်စခန်း၊ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေသာယာ၊ ဗျူဟာစခန်းကုန်းနဲ့ပန်းသပြေစခန်းတို့ကို ဇွန် ၂၆ရက်မှာသိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
အပစ်ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ TNLA တို့ဟာ ဇွန် ၂၅ ရက်မှာ ပြန်လည်တိုက်ပွဲတွေဖြစ်ပွားလာတာ အခုဆိုရင် သုံးရက်မြောက်ဖြစ်လာပါပြီ။
ပုံစာ – မိုးကုတ်မြို့ရဲစခန်းအနီး ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားပုံ
ဓါတ်ပုံ – Supplied

