ရေစကြို – ၂၀၂၂ ဩဂုတ် ၁ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဒီကနေ့ မွန်းလွဲ ၃ :၀၀ ဝန်းကျင်က မိုင်းအတုရှင်းလင်းပြီး ပြန်လာတဲ့ အာဏာသိမ်းစစ်တပ်က စစ်သားတွေ မိုင်းအစစ်ထိမှန်ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Yesagyo Revolution Group က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီးက Gold Power ဆီဆိုင်အနီးမှာ ခဲလုံးအပြည့်ထည့်ထားတဲ့ ဆယ်ပိဿာဆီပုံးကို မိုင်းအနေနဲ့ထားခဲ့ပြီး စစ်သားတွေ လာရောက်ရှင်းလင်းပြီးအပြန်မှာ မိုင်းအစစ်ထိမှန်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။
“မိုင်းအတုကို သူတို့ ဆီဆိုင်နားကနေ မှောက်ပြီး အချက် ၅၀ လောက်ပစ်တယ်၊ မိုင်းအတုဆိုတာသိသွားတော့ ပုံးကိုမီးရှို့သွားခဲ့တာ၊ သူတို့ အပြန် GTC နည်းပညာကျောင်းလမ်းကြားမှာ မိုင်းအသေးစားထားတဲ့ဟာကို ဖောက်ခွဲခဲ့တာ”လို့ Yesagyo Revolution Group အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အာဏာသိမ်းစစ်တပ်က စစ်သားတွေကို ပခန်းကြီးဆေးရုံကိုပို့ဆောင်ထားတယ်လို့ သူကပြောပါတယ်။
မိုင်းအစစ်အသေးစားက ဖြတ်သွားဖြတ်လာပြည်သူတွေနဲ့နီးကပ်နေတာကြောင့် လွှဲပြီးဖောက်ခွဲရတာကြောင့် အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူမရှိခဲ့ဘူးလို့ပြောပါတယ်။
Yesagyo Revolution Group အဖွဲ့အနေနဲ့ လက်နက်၊ ခဲယမ်းဖိုးတွေ လိုအပ်နေတာကြောင့် ဝိုင်းဝန်းလှူဒါန်းပေးကြဖို့လည်း အကူညီတောင်းခံထားပါတယ်။
ပုံစာ – မိုင်းအတု
ဓါတ်ပုံ – Yesagyo Revolution Group
#Dailynews

