ရန်ကုန်- ၂၀၂၃၊ မေ ၁၆ (မော်ကွန်း)
မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် အဆိုးရွားဆုံးပျက်စီးကျန်ရစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ အခြေခံစားသောက်ကုန်ဈေးတွေ ခုန်တက်သွားတဲ့အတွက် အပူပေါ်အပူဆင့်တဲ့အဖြစ်ကြုံနေရတယ်လို့ မုန်တိုင်းဒဏ်သင့် ဒေသခံတစ်ချို့ ပြောပါတယ်။
“ ဂေါ်ဖီတစ်ထုပ်ကို အရင်က ၂,၀၀၀ ပဲ ရှိတာ။ အခု ၆,၀၀၀ ရှိတယ်။ ဆန်တစ်အိတ်ကို ၅၀,၀၀၀ ဆို အခု ၈၀,၀၀၀ ဖြစ်နေပြီ” လို့ စစ်တွေမြို့က မုန်တိုင်းသင့်ဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
ဈေးနှုန်းတွေ အကုန်လုံးခုန်တက်သွားတာဖြစ်ပြီး ယခင်က ၃၀၀ တန် ကြက်ဥတစ်လုံးကို အခု ၁,၀၀၀ ကျပ် ပေးဝယ်နေရတယ်လို့ မုန်တိုင်းသင့် အခြားဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။
ဓါတ်ဆီ တစ်လီတာ ၂,၅၀၀ ကျပ် က ဒီနေ့ ၄,၅၀၀ ကျပ် ပေးရတယ်လို့ သူတို့ကရှင်းပြပါတယ်။
စက်သုံးဆီဈေးတက်တာကြောင့် ယဉ်စီးခတွေလည်း ချက်ချင်းတက်သွားခဲ့ပြီး ယခင်က စစ်တွေ-ပုဏ္ဏားကျွန်း ကျပ် ၅,၀၀၀ ပေးရတဲ့ ခရီးကို အခု ယဉ်စီးခ ကျပ် ၁၅,၀၀၀ ခွဲ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မုန်တိုင်းကြောင့် အခက်ကြုံနေတဲ့ လူထုကို ကုန်ဈေးနှုန်းတွေ တင်မရောင်းကြဖို့ ရခိုင်ပြည်သူတွေထံ ပန်ကြားချက်မိန့်ခွန်းမှာ ဒီနေ့သတိပေးခဲ့ပါတယ်။
စကစကတော့ ရခိုင်ပြည်နယ်တစ်ခုလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသအဖြစ် သတ်မှတ်လိုက်ပြီး ကူညီကယ်ဆယ်ပြန်လည်တည်ထောင်ရေးတွေလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ အဆိုးရွားဆုံးပျက်စီး ထိခိုက်ခဲ့တဲ့ မြို့တစ်ခုဖြစ်ပြီး ရာနဲ့ချီတဲ့သေဆုံးမှုတွေ ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပေမယ့် မော်ကွန်းကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါအပြင် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်တဲ့ ရခိုင်အပါအဝင် အခြားသောဒေသတွေမှာလည်း ဆက်သွယ်ရေး ပြတ်တောက်နေဆဲပါ။
စစ်တွေမြို့ပေါ်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့အဆိုအရ မုန်တိုင်းရှောင်လာသူတွေထဲက တချို့ဟာဆိုရင် သူတို့နေအိမ်တွေကို မုန်တိုင်းကဖျက်ဆီးသွားတဲ့အတွက် ပြန်စရာအိမ်မရှိဖြစ်နေကြရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ယာယီခိုလှုံရာနေရာတွေမှာ စားနပ်ရိက္ခာ လှူဒါန်းမှုတွေရှိပေမယ့် လိုအပ်ချက်တွေကတော့ မြင့်မားနေဆဲပဲလို့ စစ်တွေမြို့ပေါ်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတချို့က ပြောပါတယ်။
#Dailynews

