စစ်တွေ- ၂၀၂၃၊ ဇူလိုင် ၂၁ (မော်ကွန်း)
မိုခါမုန်တိုင်းတိုက်ပြီး နှစ်လကျော်ကြာလာတဲ့အထိ ရခိုင်ပြည်နယ်ကကလေးငယ်တွေဟာ စာသင်ကျောင်းအပျက်အစီးတွေကြားထဲ စာသင်နေကြရဆဲဖြစ်တယ်လို့ မုန်တိုင်းဒဏ်သင့်ဒေသခံတွေကိုကူညီပေးနေတဲ့ ဝံလတ်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။
“စာသင်ကျောင်းတွေပျက်စီးသွားလို့ အကောင်းတိုင်းကျန်ရှိနေတဲ့စာသင်ဆောင်တွေမှာ ကျောင်းသားတွေကိုအတန်းလိုက် နှစ်ချိန်ခွဲသင်နေရတဲ့ကျောင်းတွေအများကြီးရှိသေးတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကိုယ်ထူကိုယ်ထကျောင်းတစ်ခုမှာဆိုလည်း ရွာသားတွေက ပျက်စီးသွားတဲ့သူတို့အိမ်တွေကို ပြန်ပြင်ဖို့အရေးလည်းလုပ်နေရတော့ စာသင်ဆောင်ကို အခုထိပြန်မပြင်နိုင်သေးတဲ့အခြေအနေဖြစ်နေတယ်” လို့သူကပြောပါတယ်။
ရခိုင်ပြည်နယ်စစ်တွေနဲ့ပေါက်တောမြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း ယာယီပညာသင်ကြားရေးအဆောက်အဦတွေရဲ့ ၉၅ ရာခိုင်နှုန်းခန့်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့ပြီး သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေအပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့ အရေးကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းနှစ်လပြည့် အစီရင်ခံစာမှာဖော်ပြပါတယ်။
“ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်ကကျောင်းတွေမှာဆိုရင် အဆောက်အဦရဲ့အုတ်နံရံတွေပြိုကျတာ အခုထိမပြင်ရသေးဘူး။ တာပေါ်လင်စတွေနဲ့ယာယီကျောင်းဆောင်လုပ်ပြီးစာသင်နေကြရတာ” လို့ ဦးခိုင်ကောင်းစံကပြောပါတယ်။
UNOCHA ရဲ့စာရင်းတွေအရ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်ရှိ သွားလာရေးခက်ခဲတဲ့ဒေသတွေက စာသင်ကျောင်း ၁၈ ကျောင်းနဲ့ ယာယီပညာသင်ကြားရေးအဆောက်အဦ ၅၀ ကို ပြန်လည်တည်ဆောက်ဖို့ အရေးကြီးလိုအပ်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မိုခါမုန်တိုင်းကြောင့် ရခိုင်တစ်ပြည်နယ်လုံးက စာသင်ကျောင်းပေါင်း ၁,၃၅၈ ကျောင်းပျက်စီးသွားခဲ့ပြီး အဲဒီ့ထဲက စာသင်ကျောင်း ၃၀၀ နီးပါးက လုံးဝမပြင်ဆင်ရသေးဘူးလို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်မှာစာသင်ကျောင်းတွေအပြင် စစ်ရှောင်စခန်းတွေနဲ့ မြို့နယ်တော်တော်များများက ခိုလှုံရေးစခန်းပေါင်း ၁,၇၀၀ နီးပါးဟာ မုန်တိုင်းကြောင့် ကြီးမားတဲ့ထိခိုက်မှုတွေရှိခဲ့ပြီး တာပေါ်လင်စတွေ အရေးပေါ်လိုအပ်နေတယ်လို့ UNOCHA ကဖော်ပြပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ UNOCHA ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ ပညာရေးဝန်ဆောင်မှုတွေ ပေးဖို့စီစဉ်ထားပေမယ့် စစ်ကောင်စီက ဇွန် ၈ ရက်တည်းက ဒီနေ့ထိ ခရီးသွားလာခွင့်ပိတ်ပင်ထားတာကြောင့် ကြန့်ကြာမှုတွေရှိနေတယ်လို့ ဖော်ပြပါတယ်။
ပုံစာ- မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာမှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးနေတဲ့အလယ်တန်းကျောင်းမြင်ကွင်း
Photo – Ko Zaw
#Dailynews

