မိန်းမဖျက်လို့ပြည်ပျက်ရသတဲ့လား

မိန်းမဖျက်လို့ပြည်ပျက်ရသတဲ့လား

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Essay ဖြစ်ပါသည်။

မြတ်စုမွန်ရေးသည်။

ဇန်နဝါရီ၊ ၂၀၁၉

 

                 “မိန်းမဖျက်တော့ ပြည်ပျက်တယ်” ဆိုသည့် အဆိုအမိန့် လိုလို၊ တဘောင်လိုလို စွပ်စွဲချက်တစ်ခုကို ကျွန်မငယ်စဉ် ကတည်းက မကြာခဏ ကြားဖူးနားဝရှိခဲ့သည်။

                 မူလတန်းအရွယ်က အိမ်အနီးရှိ ဘုန်းကြီးကျောင်းသို့ သွားကာ ဦးလေးဘုန်းကြီးထံတွင် ကျူရှင်တက်ခဲ့ရသည်။ ထိုစဉ်ကတည်းက ထို စကားလုံးကို စတင်၍ ကြားဖူးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပါတော်မူနေ့ အကြောင်း ကျောင်းစာထဲတွင်ပါဝင်ရာ အသံပြာအောင် ကုန်းရုန်း အော်ဟစ်အလွတ်ကျက်ခဲ့ကြရသည့် ပါတော်မူနေ့နှင့်ပတ်သက်၍ ဦးလေးဘုန်းကြီးက တစ်ပိုဒ်ချင်းရှင်းပြသည်။ ကျောင်းစာထဲတွင် ပါဝင်သည့် အချက်အလက်များနှင့် သူသိထားသော ဗဟုသုတများကို ရောနှောကာ ဖွယ်ဖွယ်ရာရာ ရှင်းပြတတ်သည့်အတွက် စာအသင်အပြ ကောင်းသော ဦးလေးဘုန်းကြီး ဖြစ်လေသည်။

                ထိုသို့ ရှင်းပြရင်းကပင် မိဖုရားစုဖုရားလတ်နှင့်ပတ်သက် သည့် အကြောင်းကိုရောက်တော့ မြန်မာပြည် သူ့ကျွန်ဘ၀ ကျ ရောက်သည့်တရားခံအဖြစ် ဖြည့်စွက်ပြောပြသည်။ သူရှင်းပြသည့် အချက်အလက်အသေးစိတ်ကို ကောင်းစွာ မမှတ်မိတော့သော် လည်း “မိန်းမဖျက်လို့ ပြည်ပျက်တာ”ဆိုသည့် အသုံးအနှုန်းကို ယခုထိ မှတ်မိနေသေးသည်။ မြန်မာပြည် သူ့ကျွန်ဘ၀ ကျ ရောက်ခဲ့သည့် အဓိကတရားခံမှာ မိန်းမတစ်ဦးဖြစ်သည့် မိဖုရား စုဖုရားလတ်ဖြစ်ကြောင်း ယောက်ျားသားတစ်ဦးဖြစ်သည့် ဦးလေးဘုန်းကြီးပြောပြသည်ကို စိတ်ထဲစွဲနေခဲ့သည်။

                ထိုစကားလုံးကို နောက်တစ်ကြိမ် ထပ်ကြားဖူးသည်က လည်း မှတ်မှတ်ရရဖြစ်သည်။ ကျွန်မငယ်စဉ်က အဒေါ်ဖြစ်သူနှင့် နေရချိန် ပို၍ များသည်။ ကျွန်မ၏ အဒေါ်တွင် အဝတ်အစားထည့် သည့် သံသေတ္တာတစ်လုံးရှိသည်။ ထိုသံသေတ္တာ၏ အဖုံးအတွင်း ဘက်တွင် စာ၊ ဓာတ်ပုံ စသည်တို့ကို ထည့်၍ရသည့် အံလေး တစ်ခုပါသည်။ ထိုအံလေးထဲတွင် ကျွန်မ မသိသော အမျိုးသမီး တစ်ဦး၏ ဓာတ်ပုံကို တရိုတသေ ထည့်ထားသည်။

                 ကြက်သွေးရောင် ရင်ဖုံးအင်္ကျီနှင့် နားသယ်စပ်တွင် ပန်း တစ်ပွင့်ပန်ထားသည့် နှာတံစင်းစင်း အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံ ဖြစ်သည်။ ဝါးခမောက်ငယ်ဆောင်းထားသည့် သူ့ပုံသွင်သည် ထူးခြားနေသည်။ ကျွန်မ၏ အဒေါ်သည် အိပ်ခန်းထဲတွင် အခြား သူများ မရှိချိန်တွင် ထိုဓာတ်ပုံလေးကို ခိုးကြောင်ခိုးဝှက်ဖြင့် တယုတယ ထုတ်ကြည့်လေ့ရှိသည်။ ကျွန်မက သူ့အချစ်ဆုံး တူမ ဖြစ်နေသည့်အတွက် ထိုဓာတ်ပုံကို ကျွန်မလည်း ကြည့်ခွင့်ရသည်။ ထိုဓာတ်ပုံထဲက အမျိုးသမီးကို အပြင်တွင် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသည့်အတွက် မည်သူမှန်းမသိ၍ မေးသည်။ ““ဒါ အန်တီစု ပုံ၊ ဒီမှာ ရှိတယ်ဆိုတာ ဘယ်သူ့မှ မပြောနဲ့နော်””ဟု တစ်ယောက် ယောက် ကြားမည်ကို စိုးရိမ်သည့်လေသံနှင့် ဖြေသည်။

                   ထို အန်တီစုဆိုသည့် အမျိုးသမီးက မည်သူမှန်းမသိ။ သို့ သော် ထိုအမျိုးသမီးနှင့်ပတ်သက်၍ မှတ်မှတ်ရရ ကြားဖူးသည့် စကားတစ်ခွန်းကလည်း “မိန်းမဖျက်လို့ ပြည်ပျက်တယ်” ဆိုသည့် စကားပင်ဖြစ်သည်။ ထိုအမျိုးသမီးကြောင့် မြန်မာပြည်တွင် အရေးအခင်းများ၊ တိုင်းပြည်မငြိမ်သက်မှုများဖြစ်သည်ဟု စွပ်စွဲ ချက်များကို နေရာအနှံ့က ကြားရသည်။ ကျွန်မသည် ကျွန်မ အဒေါ်၏ သံသေတ္တာထဲတွင် တမြတ်တနိုးသိမ်းဆည်းထားသည့် ထိုအမျိုးသမီးကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်ရသည်ဆိုသည့် အဓိပ္ပာယ်ကို ကောင်းစွာနားလည်နိုင်သည့်အရွယ် မဟုတ်။ ထို့ကြောင့် ထိုအဓိပ္ပာယ်ထက် “မိန်းမဖျက်၍ ပြည်ပျက်သည်” ဆို သည့် စကားလုံးကသာ ရင်ထဲတွင် စွဲခဲ့သည်။

                မိဖုရားစုဖုရားလတ်နှင့် ဒေါ်အောင်ဆန်းစုကြည်ဆိုသည့် အမျိုးသမီးနှစ်ဦးအကြောင်း ဦးလေးဘုန်းကြီးကို မေးမိတော့ သူ က ဆိုသည်။ “စု”ပါသည့် မိန်းမများ မကောင်းကြောင်း၊ သူတို့ ဖျက်၍ ပြည်ပျက်တတ်ကြောင်း ခပ်လွယ်လွယ်ပင် ရှင်းပြသည်။ ထိုစကားက ကျွန်မကို ကာလအတော်ကြာ လွှမ်းမိုးခဲ့သည်။ မိန်း ကလေးတစ်ဦးလည်းဖြစ်၊ နာမည်တွင်လည်း “စု”ပါသည့် ကျွန်မ သည် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်၊ အပြစ်ရှိသလို ခံစားရ စိတ်များ တစ်လှည့်စီ ဖြစ်ပေါ်ခဲ့သည်။

               ကျွန်မနာမည်ကို ကျွန်မ၏ အဒေါ်ဖြစ်သူက မှည့်ပေးထား ခြင်းဖြစ်သည်။ နာမည်တွင် “စု” ပါသည့်အတွက် ဘဝင်မကျသည့် စိတ်ခံစားချက်၊ မိန်းမဖြစ်ရသည်ကို အပြစ်ရှိသလိုလို ခံစားရသည့် စိတ်တို့က ကျွန်မ၏ ငယ်ဘဝကို ကာလတစ်ခုအထိ လွှမ်းမိုးခဲ့ သည်က အမှန်။ သင်ယူလေ့လာမှု အားကောင်းသောအရွယ်၊ အမှတ်သညာ စွဲမြဲတတ်သော အရွယ်တွင် ပတ်ဝန်းကျင်၏ အယူအဆပုံစံခွက်ထဲကို မတော်တဆ ခြေချော်လက်ချော်ကျခဲ့ ခြင်းဟု ဆိုရမည်။ ယခု ကောင်းစွာ ပြန်လည် စဉ်းစားသုံးသပ်နိုင် သည့်အရွယ် ရောက်သည့်တိုင် ထိုအမှတ်သညာက ရံဖန်ရံခါပေါ် လာတတ်သည်။

               တစ်နေ့က မိတ်ဆွေတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာတွင် စိတ်ဝင်စားဖွယ်ဓာတ်ပုံတစ်ပုံကို ဖော်ပြထားသည်ကို တွေ့ရ သည်။ ထိုဓာတ်ပုံသည်ဟိန္ဒူအနွယ်ဝင် ဇနီးမောင်နှံနှစ်ဦး ထိုင်နေ သည့် ပုံဖြစ်သည်။ ဆာရီဝတ်ထားသည့် အမယ်အိုတစ်ဦးနှင့် သူ့ ခင်ပွန်းတို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ထိုင်နေကြသည်။ အမျိုးသားဖြစ်သူ ၏ လက်ထဲတွင် ပန်းချီကားတစ်ချပ်ကိုင်ထားသည်။ ထိုပန်းချီ ကားထဲတွင် သီပေါဘုရင်နှင့် မိဖုရားစုဖုရားလတ်တို့ ထိုင်နေ သည့်ပုံကို ရေးဆွဲထားသည်။ ထိုဓာတ်ပုံထဲတွင် ပါဝင်သူများမှာ အခြား မဟုတ်။ ကိုလိုနီနယ်ချဲ့က မြန်မာပြည်ကို သိမ်းပိုက်ကာ အိန္ဒိယနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့သည့် သီပေါဘုရင်နှင့် မိဖုရား စုဖုရားလတ်တို့၏ မျိုးဆက်ဖြစ်သည်။

               ထိုဓာတ်ပုံ၏ အောက်တွင် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက သူတို့ မည်သူမည်ဝါဖြစ်ကြောင်းသိလို၍ မေးသည်။ ဓာတ်ပုံတင် သူ ကျွန်မ၏မိတ်ဆွေက သီပေါဘုရင်မျိုးဆက်ဖြစ်ကြောင်း၊ သီပေါဘုရင်၏ သမီးက ဟိန္ဒူအမျိုးသားတစ်ဦးနှင့် အကြောင်းပါ ကာ ယခုကဲ့သို့ မျိုးဆက်ကျန်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ထို အဖြေကို ဖတ်ပြီးနောက် မှတ်ချက်ရေးသူ အမျိုးသားက “မိန်းမ ဖျက်တော့ ပြည်ပျက်ရုံတင်မက ဇာတ်ပျက်”ဟူသည့်မှတ်ချက်ကို ထပ်၍ ရေးသားသည်ကို ဖတ်လိုက်ရသည်။

               တစ်စုံတစ်ခု ဝင်ပြောချင်သည့် စိတ်ကို ထိန်းမရသည့်အဆုံး စကားနိုင်လုချင်သည့် ဉာဉ် ရုတ်တရက်ဝင်လာသည့်။ ကျွန်မ မှတ်ချက်တစ်ခု ဝင်၍ ရေးမိသည်။ “နေရင်းထိုင်ရင်း မိန်းမတွေ အပြစ်တင်ခံရတဲ့ကိစ္စက ပါလာပြန်ပြီ။ စကားနိုင်လုကြေးဆို နျူ တွေ၊ စစ်ပွဲတွေကြောင့် တစ်စတစ်စ ကမ္ဘာကြီးပျက်စီးလာတဲ့ ကိစ္စတွေမှာ မိန်းမတွေနဲ့ ယောက်ျားတွေ အချိုးချရင် တရားခံ ဘယ်သူပိုများမလဲ ပြန်ဆန်းစစ်ကြည့်ပါဦး။ ယောက်ျားတွေ ဖျက် လို့ ကမ္ဘာပျက်နေတာလေး သတိရပါဦး”ဟု ရှည်ရှည်လျားလျား မှတ်ချက်ပြုလိုက်သည်။ ဓာတ်ပုံတင်သည့် မိတ်ဆွေက ထိုဖြစ်ရပ် များ ဖြစ်စေဖို့အတွက် မိန်းမများက မြှောက်ပေးနေခြင်းဖြစ် ကြောင်း ကျွန်မကို စစနောက်နောက်သဘော ပြန်၍ ပြောသည်။ ကျွန်မစိတ်ထဲ ဘဝင်မကျ။

                  မြန်မာ့လူ့အဖွဲ့အစည်းသည် ကြီးကျယ်မြင့်မြတ်သော၊ မွန် မြတ်သန့်စင်သော၊ ကောင်းမွန်သော၊ ရလဒ်ကောင်းထွက်သော လုပ်ရပ်များ၊ ဖြစ်ရပ်များကို ယောကျ်ားများသာ လုပ်လေ့ရှိသည်၊ ယောက်ျားများသာ တွေးခေါ်လေ့ရှိသည်ဟု ပုံဖော်ကြသည်။ ကောက်ကျစ်သော လုပ်ရပ်များ၊ အောက်တန်းနောက်တန်း ကျသော လုပ်ရပ်များကို လုပ်သည့် ယောက်ျားများကိုမူ “မိန်းမ ကျနေတာပဲ”၊ “မိန်းမလို မိန်းမရနဲ့” စသဖြင့် ခိုင်းနှိုင်းကြသည်။ မကောင်းသည့်ရလဒ်များ၏ တရားခံများအဖြစ် မိန်းမများကို တက်ညီလက်ညီ ပုံဖော်ကြသည့် ဓလေ့သည် ယနေ့တိုင် ထွန်း ကားလျက်ရှိဆဲဖြစ်သည်။ အရိုးစွဲလျက် ရှိဆဲဖြစ်သည်။

                 လူမှုအသိုင်းအဝိုင်းက လက်မခံနိုင်သည့် ကျူးလွန်ဖောက် ဖျက်မှုများ၊ လူ့ကျင့်ဝတ်ပျက်ယွင်းမှုများကို ယောက်ျားတစ် ယောက်က ကျူးလွန်ပါက ကျူးလွန်သူနှင့် ကျန်ယောက်ျားများ ကို ခွဲခြား၍မြင်ရန် ဝန်မလေး။ ထိုလူ့အသိုင်းအဝိုင်းသည် ထို အပြစ်မျိုးကို မိန်းမတစ်ယောက် ကျူးလွန်မိပါက “မိန်းမဖျက် တော့ ပြည်ပျက်တာပေါ့”ဟု ကျန်မိန်းမများကို ရောထွေးကာ အပြစ်ပုံချရန် ပို၍ အားသန်ကြသည်။

               “မိန်းမဖျက်ရင် ပြည်ပျက်တယ်”ဆိုသည့် စွပ်စွဲချက်ကို အသက်ကြီးလာလေလေ ခပ်စိပ်စိပ်မြင်ရ၊ တွေ့ရ၊ ကြားရလာ လေလေဖြစ်သည်။

               တိုင်းပြည်တစ်ပြည်ရှိ အလွန်ချောမောလှပသော မင်း သမီးတစ်ဦးကို ရယူပိုင်ဆိုင်လိုစိတ်ဖြင့် ခုနစ်ပြည်ထောင်မင်းတို့ စစ်ခင်းကြ၊ သတ်ကြ၊ ဖြတ်ကြနှင့် ပျက်စီးဆုံးရှုံးရကြောင်း ဖွဲ့ နွဲ့ ထားသည့် ပုံပြင်တစ်ပုဒ်ကြားဖူးသည်။ ဆင်ခြင်စဉ်းစားနိုင်စွမ်း မဲ့သည့် ယောက်ျားများ၏ ဉာဏ်နည်းမှုများ၊ အသိတရား နုံနဲ့ ရူး မိုက်မှုများကို ဖုံးကွယ်ကာ ထိုပုံပြင်၏ အနှစ်ချုပ်ကို “မိန်းမဖျက်၍ ပြည်ပျက်သည်” ဟု နာမည်တပ်ကြသည်။

               သူ့ကျွန်ဘ၀ ကျရောက်စေခဲ့သည့် မြန်မာပြည်၏ အဓိက တရားခံသည် မိန်းမတစ်ဦးဖြစ်သည့် မိဖုရားစုဖုရားလတ်ကြောင့် ဟု တံဆိပ်ကပ်ကြသည်။

                အရေးအခင်းကာလ တိုင်းပြည်မတည်ငြိမ်ခြင်းကာလဆိုးများ၏ အဓိက တရားခံကို မိန်းမတစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်ကြောင့်ဟု ယောက်ျားရင့်မာကြီးများက နည်းလမ်းမျိုး စုံဖြင့် ဝါဒဖြန့်ခဲ့ကြဖူးသည်။

               ကျင့်ဝတ်ဝိနည်းသိက်္ခာပုဒ်များကို စောင့်ထိန်းလိုက်နာ မည်ဟု ကတိကဝတ်ပြုကာ သင်္ကန်းစည်းထားသည့် ဘုန်းကြီးနှင့် လူမှုရေးဆိုင်ရာ ရှုပ်ထွေးမှုဖြစ်သည့် မိန်းမအမှုတွင် ဘုန်းကြီး ထက် မိန်းမကို အပြစ်တင်ကြသည်။ “မိန်းမဖျက်တော့ ပြည်ပျက်”ဆိုသည့် စကားကို ကျယ်ကျယ်လောင်လောင်သုံးကြသည်။

             အောက်တန်းကျယုတ်မာသော ယောက်ျားတို့၏ စော် ကားမော်ကားပြုခံရသည့် မိန်းကလေးများကို အချိန်မတော် အပြင်ထွက်၍၊ စကတ်တိုဝတ်၍၊ အနေအထိုင်မတတ်၍ ဆိုသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် အပြစ်တင်ဖို့ ကြိုးစားကြသည်။

           ယနေ့လက်ရှိလူမှုပတ်ဝန်းကျင်တွင် ပြစ်မှုမဟုတ်ဘဲ ကျင့် ဝတ်ဆိုင်ရာ အခြေခံယဉ်ကျေးမှုများကို ချိုးဖောက်နေသူများက အမျိုးသားများဖြစ်နေလျှင် “ယောက်ျားလေးပဲ ဒီလောက်တော့ ရှိမှာပေါ့” ဟု မြန်မြန်ဆန်ဆန် သင်ပုန်းချေ နားလည်ခွင့်လွှတ်နိုင် ကြသော်လည်း၊ ကျူးလွန်သူမှာ မိန်းမတစ်ယောက်ဖြစ်နေလျှင် ထိုမိန်းမ၏ ဘဝတစ်သက်တာလုံး ထိုအပြစ်ကို နာမည်ဆိုးအဖြစ် တံဆိပ်ကပ်လိုက်ကြသည့် သာဓကများစွာလည်းရှိသည်။

                  လူမှုရေးဖောက်ပြန်တတ်သည့် လူ့ကျင့်ဝတ်မသိသူ ယောက်ျားတစ်ယောက်က ပစ်ပယ်ခြင်းခံရသည့် မိန်းမကိုသာ အသုံးမကျ၍၊ အပြစ်အနာအဆာ တစ်စုံတစ်ခုရှိ၍ ခံရခြင်းဖြစ် နိုင်ကြောင်း စကားတင်းဆိုတတ်ကြသည်။

                ရလဒ်ဆိုးများအားလုံး၏ တရားခံကို မိန်းမများအဖြစ် ပုံချ လေ့ရှိသည့် ဓလေ့ကို ကျွန်မပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွင်း အမြဲလိုလိုတွေ့ရမြင်ရသည်။

                 မြင့်မြတ်သာလွန်သော လုပ်ဆောင်ချက်များ၊ ရလဒ် ကောင်းများကို မိန်းမများက လုပ်ဆောင်နိုင်သည်ကို မရှုစိမ့်နိုင်၊ အကောင်းမမြင်နိုင်သည့်ပုံစံခွက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း၊ ထိုပုံစံခွက်ထဲမှ ရုန်းမထွက်နိုင်သေးကြောင်းကို တွေ့ရသည်။

                ထို အယူအဆလွှမ်းမိုးမှုများကို မိန်းမများကိုယ်တိုင်က မငြင်းပယ်ရဲဘဲ လက်ခံကျင့်သုံးနေသူများကိုလည်း မြောက်မြားစွာတွေ့မြင်နေရဆဲဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုသို့ ခွဲခြား နှိမ်ချမှု၊ ပြစ်တင်ရှုတ်ချမှုများကို မိန်းမများကိုယ်တိုင်က မိန်းမ သား အချင်းချင်း ကျူးလွန်နေသည်ကို တွေ့နေရဆဲဖြစ်သည်။

                 ထိုသို့သော မိန်းမများအပေါ် အပြစ်တင်လိုသည့် အယူ အဆတို့ကို ရှေ့မျိုးဆက်များက ဖန်တီးခဲ့ကြသည်။ အမျိုးသမီး ဖြစ်ပြီး နာမည်တွင် “စု” ဆိုသော စကားလုံးပါဝင်သည့်အပေါ် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စေသည့်စိတ်၊ ပြစ်ရှိခံစားစိတ်တို့ကိုပင် ဖြစ်ပေါ်သည့် အဖြစ်အပျက်ကို ကြည့်လျှင် ကျွန်မ၏ ရှေ့မျိုးဆက် က ကျွန်မ၏ ဦးနှောက်ထဲသို့ “မိန်းမဆိုတာ အပြစ်သားတွေ”ဆို သည့် အတွေးအခေါ်သံမှို ရိုက်သွင်းဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ပြန်တွေ့ရသည်။ သူတို့ကိုလည်း သူတို့၏ ရှေ့မျိုးဆက်က ယခုကဲ့ သို့ ပုံစံခွက်ထဲသို့ ချပေးခဲ့ကြသည် မဟုတ်လား။

                  ကျွန်မတို့သည် မိမိအပြစ်ကိုဝန်ခံတတ်သော မျိုးဆက်၊ ကျား၊ မ ခွဲခြားခြင်း အလျဉ်းမရှိဘဲ အပြစ်ကျူးလွန်သူကိုသာ အပြစ်ရှိကြောင်း အမှန်မြင်တတ်သည့် မျိုးဆက်၊ အယူအဆ ဟောင်းနှင့် အစဉ်အလာပိုက်ကွန်ထဲမှ ရုန်းထွက်ရဲသည့် မျိုးဆက် များအဖြစ် မွေးဖွားရဲရန် အချိန်မနှောင်းသေး။

                    မိန်းမဖျက်၍ ပြည်ပျက်ခြင်းမဟုတ်၊ ပြည်ပျက်ခြင်းအတွက် မိမိတွင် အပြစ်ရှိကြောင်း ဝန်မခံရဲသူများက  မိန်းမများအပေါ် အပြစ်ပုံချသည့် အစဉ်အလာဆိုးတစ်ခုကို လက်ဆင့်ကမ်း သယ် ဆောင်နေခြင်းများရပ်တန့်ရန် အချိန်ကျပြီဖြစ်သည်။ အယူအဆ အသစ်တစ်ခု အစပျိုးဖန်တီးရန် မတတ်နိုင်သေးသည့်တိုင်၊ အနည်းဆုံးတော့ ယခင်အစဉ်အလာဟောင်း၊ အယူအဆဟောင်း များကို ငြင်းပယ်ရဲသည့်သတ္တိကိုတော့ မွေးမြူကြရမည် မဟုတ် ပါလား။

  • #Myat_Su_Mon
  • #mawkun
  • #magazine
  • #chronicle



အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."