မအူရဲစခန်းကို ဝင်စီးချိန်မှာ ကျည်ကုန်လို့ ကျောက်ခဲနဲ့ပါ ပစ်ခဲ့ရ

မအူရဲစခန်းကို ဝင်စီးချိန်မှာ ကျည်ကုန်လို့ ကျောက်ခဲနဲ့ပါ ပစ်ခဲ့ရ

ရေစကြို – ၂၀၂၃ ဧပြီ ၄ (မော်ကွန်း)

မကွေးတိုင်း၊ ရေစကြိုမြို့၊ မအူရဲစခန်းကို မနေ့မနက် ၅း၀၀ နာရီကစတင်ကာ ​ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဝင်​​ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျည်ကုန်လို့ ကျောက်ခဲနဲ့ပါပစ်ခဲ့ရတယ်လို့ ရေစကြို ပ.က.ဖ ဆီကသိရပါတယ်။

မအူရဲစခန်းကို ဝင်ပစ်ချိန်မှာကျည်မလုံလောက်တဲ့အပြင် သုံးရတဲ့လက်နက်အရေအတွက်များတာကြောင့် ကျည်ကုန်ခဲ့ပြီး စခန်းအတွင်းကစစ်သားတွေကို ခဲနဲ့ထုခဲ့ရတယ်လို့ ရေစကြိုပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

“စခန်းသိမ်းတဲ့အခြေအနေမှာ သုံးရတဲ့လက်နက်အရေအတွက်များတာရယ်၊ ရှိတဲ့ပစ္စည်းအင်အားနဲ့ကျည်အင်အားကမမျှခဲ့တာပေါ့၊ အချိန်လည်း သုံးနာရီခွဲလောက်ကြာခဲ့တယ်ဆိုတော့ ကျည်မလောက်ခဲ့တာ”လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

မအူရဲစခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းထဲက ဘန်ကာနဲ့အဆောင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်မီးရှို့နိုင်ခဲ့ပါတယ်။

“စခန်းသိမ်းတော့ ကျည်လုံလောက်မှုမရှိခဲ့ဘူး၊အဲ့ဒါကြောင့်လည်း လက်နက်နည်းနည်းပဲရခဲ့တာ၊ ကျည်ကုန်တော့ ရန်သူကိုလာတဲ့တပ်ကူကိုလည်း ပြန်ထပ်မချနိုင်ခဲ့တာ”လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူ ဗိုလ် Cross ကပြောပါတယ်။

မအူရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်နေချိန်မှာ ဇီးတောရွာကနေ စစ်ကူလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အင်အား ၃၀ ဝန်းကျင်နဲ့ စစ်ကြောင်းနှစ်ကြောင်းမှာ စစ်ကြောင်းတစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။

မအူရဲစခန်း တိုက်ခိုက်ခံရမှုမှာ စခန်းမှူးမြင့်ကျော်အပါအဝင် ခုနစ်ဦးနေရာတင်သေဆုံးခဲ့ပြီး G-3 သေနတ်တစ်လက်၊ Anti-Drone Gun တစ်လက်၊ ဗုံးသီးဆယ်လုံးနဲ့ စာရွက်စာတမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းဆည်းရမိခဲ့ပါတယ်။

မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ မြိုင် ပ.ကဖ တပ်ရင်း ( ၂) ၊ Myanmar Royal Dragon Army(MRDA) မဟာမိတ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ထားပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."