မအူပင် – ၂၀၂၁ အောက်တိုဘာလ ၁၀ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ မနေ့ညနေပိုင်းက မအူပင်ခရိုင် စစ်ကောင်စီ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးဝင်းရဲ့ နေအိမ်ခြံရှေ့မှာ ဗုံး နှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
မအူပင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုဘက်က ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားတဲ့ ကြားထဲက ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ရှေ့မှာ ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ ဗုံး နှစ်လုံး ဆက်တိုက်တိုက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မအူပင်မှာက ခုဗုံးပေါက်တဲ့ ရပ်ကွက်မှာ နေ့လယ်လောက်ထဲက ဖိနေတာ စစ်တပ်က ရပ်ကွက်ထဲ အင်အား အပြည့်နဲ့ ဝင်စီးပြီး သူတို့ လိုချင်တဲ့သူတွေကို လိုက်ဖမ်းနေတာ ညနေပိုင်းမှာ ဗုံးပေါက်တာပဲ ဗုံးပေါက်တာလည်း ခါတိုင်းထက်ပိုကျယ်တယ် အိမ်မှာထိုင်နေရင်း မြေကြီးတွေပါတုန်သွားတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ရပ်ကွက်ထဲမှာ ဝင်ရောက်ရှာဖွေ တာတွေပြုလုပ်နေလို့ နေရာအတည်ကျမသိရဘူးလို့ ဒေသခံတွေက ပြောဆိုပေမယ့် ရဲတပ်ဖွဲ့အသိုင်းဝိုင်း ကတော့ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်ခြံထောင့်မှာ ပေါက်ကွဲခဲ့တာလို့ အတည်ပြုပြောဆိုပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်ထဲ အော်ဟစ်ဆဲဆို ပြီး ခြိမ်းခြောက်ပြောဆိုကာ လာသမျှတားဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လ်ို့ ဒေသခံကပြောပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ရပ်ကွက်ထဲက လူငယ် ၁၀ ဦးကျော်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးရှိပြီး ဒေသခံတွေကတော့ ခုဖြစ်ရပ်ဟာ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့နယ်မှာ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာတွေကို ဗုံးခွဲတိုက်ခိုက် ခဲ့တာ အောက်တိုဘာလအတွင်း ၁၂ ကြိမ်ထိရှိလာပြီဖြစ်ပါတယ်။
#Dailynews

