‘မသန်စွမ်း’ တပ်မတော်သား ဟုပြင်ဆင်ရန်သာ လုံလောက်သည့်ထောက်ခံမဲရရှိ

‘မသန်စွမ်း’ တပ်မတော်သား ဟုပြင်ဆင်ရန်သာ လုံလောက်သည့်ထောက်ခံမဲရရှိ

ဗညားကျော်၊
ရန်ကုန် – ၂၀၂၀ မတ် ၁၀ (မော်ကွန်း)

‘မသန်မစွမ်း’ တပ်မတော်သားလို့သုံးနှုန်းထားတာကို ‘မသန်စွမ်း’ လို့ ပြောင်းသုံးနှုန်းဖို့ ထောက်ခံမဲရရုံမှလွဲပြီး ကျန်ပြင်ဆင်ချက်မှန်သမျှ လိုအပ်တဲ့ထောက်ခံမဲမရဘဲ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်နိုင်ရေး မဲခွဲဆုံးဖြတ်ပွဲ ပထမနေ့ဟာ ပြီးဆုံးခဲ့ပါတယ်။

အခြေခံဥပဒေပုဒ်မ ၃၂(က)နဲ့(ခ)မှာ သုံးနှုန်းထားတဲ့ ‘မသန်မစွမ်း’ ဆိုတဲ့စကားရပ်အစား ‘မသန်စွမ်း’ လို့ ပြင်ဆင်ချက်တွေသာ လိုအပ်တဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရခဲ့ပါတယ်။ ကျန်ပုဒ်မ တစ်ခုမျှလိုအပ်တဲ့ ထောက်ခံမဲမရရှိခဲ့ပါ။

ပုဒ်မ-၆(ဃ)၊ပုဒ်မ-၇ နဲ့ပုဒ်မ-၃၉ တို့မှာဖော်ပြထားတဲ့ “ စစ်မှန်၍စည်းကမ်းပြည့်ဝသော” ဆိုတဲ့ အသုံးအနှုန်းကို ပြင်ဆင်ဖို့ ကြိုးပမ်းချက် အရာမရောက်ခဲ့သလို ပုဒ်မ-၆(စ) ရဲ့ “ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့ စကားရပ်ကိုလည်း မပြင်နိုင်ခဲ့ပါဘူး။

ဒါအပြင် ပုဒ်မ-၈ မှာ ပြဌာန်းထားတဲ့ ‘နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်’ အစား ‘ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်’ လို့ ပြင်ဆင်ချက်လည်း လိုအပ်တဲ့ ထောက်ခံမဲ မရရှိခဲ့ပါ။

ပုဒ်မ-၁၄ မှာ ပြဌာန်းထားတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်အတွင်းနေရာယူမှုကို လျော့ချမယ့် ပြဌာန်း ချက်ကိုလည်း မပြင်နိုင်ခဲ့သလို ပုဒ်မ-၁၇(ခ)မှာ ပြဌာန်းထားတဲ့ အုပ်ချုပ်ရေးတွင် တပ်မတော်သားများပါဝင်မှုကို ပယ်ဖျက်ချက်လည်း ထောက်ခံမှုမရခဲ့ပါ။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည် ဆိုတဲ့ ပုဒ်မ-၂၀(ဂ) ကို ပယ်ဖျက်ရန်ကြိုးစားမှု ထောက်ခံမဲမရခဲ့သလို နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည် ဆိုတဲ့ ပုဒ်မ ၂၆-(က) ကိုလည်း မပယ်ဖျက်နိုင်ခဲ့ပါ။

ထိုအပြင် ပုဒ်မ-၄၀(ခ)နဲ့(ဂ)တို့မှာ ပြဌာန်းထားတဲ့ အရေးပေါ်အခြေအနေတွေမှာ နိုင်ငံတော်အာဏာကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းချက်အတိုင်းရယူသုံးစွဲရမည်ဆိုတဲ့ ပြဌာန်းချက်တွေကို သမ္မတနှင့်၊လွှတ်တော်၏ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ဖို့ ပြင်ဆင်နိုင်ရန် ကြိုးပမ်းချက်တွေလည်း အရာမရောက်ခဲ့ဘဲ မူလ ပြဌာန်းချက်တွေအတိုင်းသာ ဆက်လက်ထားရှိရတော့မှာ ဖြစ်ပါတယ်။

၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က) ဖော်ပြထားတဲ့ ပုဒ်မတွေကို ပြင်ဆင်ချင်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမှာဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒမဲပေးပွဲခံယူကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ရဲ့ထောက်ခံမဲနဲ့ ပြင်ဆင်ရမယ့်လို့ သတ်မှတ်ထားတယ်။ ပုဒ်မ-၄၃၆(က)မှာ ဖော်ပြထားတဲ့ ပုဒ်မတွေနဲ့ပတ်သတ်လို့ ဆန္ဒမဲအုပ်စု(၂) ကြားနာမဲခွဲပွဲကို မနက်ဖြန်မှာ ဆက်လက်ကျင်းပမှာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာ ပုဒ်မ-၅၊ ပုဒ်မ-၆(ဃ)(စ)၊ ပုဒ်မ-၇၊ ပုဒ်မ-၈၊ ပုဒ်မ-၁၄၊ ပုဒ်မ-၁၇(ခ)၊ပုဒ်မ-၂၀(ဂ)၊ ပုဒ်မ-၂၆(က)၊ ပုဒ်မ-၃၂(က)(ခ)၊ ပုဒ်မ-၃၉၊ ပုဒ်မ-၄၀(ခ)(ဂ) ဆိုတဲ့ ပုဒ်မ ၁၄ ခုကို မဲအုပ်စု(၁)လို့ သတ်မှတ်ပြီး ပုဒ်မအလိုက် မဲပေး ဆုံးဖြတ်စေခဲ့တာ ဖြစ်ပါတယ်။


#Dailynews


 

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."