မသန်စွမ်းတွေအတွက် အလုပ်အကိုင်အာမခံချက်ပေးပါ

မသန်စွမ်းတွေအတွက် အလုပ်အကိုင်အာမခံချက်ပေးပါ

မစိုးစန္ဒာဟာ ဟင်္သာတတက္ကသိုလ်ကနေ သင်္ချာဘွဲ့ရထားပြီး အသက် ၂၄ နှစ်ရှိပါပြီ။ သူဟာ စာစီစာရိုက်၊ ကွန်ပျူတာအသုံးပြု အခြေခံစာရင်းအင်းပညာနဲ့ ဖိုတိုရှော့စတဲ့ အခြေခံ ကွန်ပျူတာ ပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုတတ်ပြီး ခေါင်းဆောင်မှုပညာသင်တန်းတွေကိုလည်း တက်ရောက်ထားသူပါ။ ဒါပေမဲ့ အခုအချိန်ထိ သူ့မှာ အလုပ်မရှိပါဘူး။

အစိုးရပညာရေးဌာနနဲ့ အခြားအလုပ်အကိုင်တွေ ရနိုင်မယ့်နေရာတွေမှာ အလုပ်လျှောက်ခဲ့ပေမယ့် သူ့ကို အစိုးရဌာနတွေ အပါအဝင် ဘယ်လုပ်ငန်းရှင်ကမှအလုပ်မခန့်ကြပါဘူး။

အကြောင်းက မစိုးစန္ဒာဟာ ဘယ်ခြေထောက်နဲ့ ညာလက်တို့ မွေးရာပါ မသန်စွမ်းသူ တစ်ယောက်ဖြစ်နေလို့ပါပဲ။ သူဟာ ငယ်စဉ်ကတည်းက မွေးရာပါ ကိုယ်အင်္ဂါ မသန်စွမ်း တစ်ဦးဖြစ်ခဲ့ပေမယ့် လမ်းလျှောက်နိုင်၊ စက်ဘီးစီးနိုင်ပါတယ်။ ကျန်ခြေလက်တွေ သန်စွမ်းပေမယ့် ခြေထောက်တွေက ဒူးအောက်ပိုင်းမှာ အတွင်းဘက်ကိုအနည်းငယ်ခွင်နေပါတယ်။

လွန်ခဲ့တဲ့နှစ်ကပဲ အစိုးရပညာရေးဌာနမှာ နေ့စားလပေး ဆရာဆရာမတွေခေါ်ယူတဲ့အခါမှာလည်း သူလျှောက်ခဲ့ပါတယ်။ ဝင်ခွင့်စာမေးပွဲမှာ ရေးဖြေအောင်မြင်ပါတယ်။ ဒါပေမဲ့ လူတွေ့မေးမြန်းတဲ့အခါမှာတော့ သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး အလုပ်လုပ်ဖို့ ငြင်းပယ်ခံလိုက်ရတယ်လို့ မစိုးစန္ဒာက ပြောပြပါတယ်။

“ကျွန်မတို့ မသန်စွမ်းသူတွေကျတော့ နေရာမပေးကြဘူး” လို့ သူက ဆိုပါတယ်။ ဒါကြောင့်”(ကျွန်မရဲ့)အရည်အချင်းတွေက ချပြစရာနေရာကိုမရှိဘူး” လို့ သူကဆက်ဆိုတယ်။

သူနဲ့ရွယ်တူ သူငယ်ချင်းတွေ၊ တက္ကသိုလ်အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေအလုပ်ခွင်ကိုယ်စီ ဝင်ရောက်လုပ်ကိုင်နေကြချိန်မှာတော့ မစိုးစန္ဒာဟာ အသက် ၅၀ ကျော် တောင်သူအလုပ်ကို လုပ်ကိုင်တဲ့ မိဘနှစ်ပါးကို မှီခိုနေရဆဲပါ။ ဒါကြောင့် “ကိုယ့်ကိုကိုယ် အားငယ်မိတယ်” လို့သူကရင်ဖွင့်ပါတယ်။ သူတတ်ထားတဲ့ ပညာအရည်အချင်းနဲ့ ကိုက်ညီမယ့် အလုပ်တစ်ခု လိုချင်တယ်လို့လည်း သူကပြောပါတယ်။ ဒီလို အလုပ်အကိုင် တစ်ခုခု ရဖို့ ခက်ခဲနေတာ မစိုးစန္ဒာတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

မြန်မာနိုင်ငံက မသန်စွမ်းသူတွေမှာ ပင်ကိုယ်အရည်အချင်း ကိုယ်စီ၊ တချို့လည်း အတတ်ပညာကိုယ်စီ သင်ယူတတ်မြောက်ထားကြပေမယ့် သူ့တို့အပေါ်ထားကြတဲ့  လူတွေရဲ့ လွဲမှားတဲ့ ရှေးရိုးစွဲ အမြင်သဘောထားတွေ၊ ပတ်ဝန်းကျင်မှ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေကြောင့် မသန်စွမ်းသူတွေ အလုပ်ခွင် ဝင်ရောက်နိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက ထောက်ပြကြပါတယ်။

မသန်စွမ်းသူတွေမှာလည်း သာမန်လူတွေလိုပဲ ဘဝရပ်တည်ရေး၊ စားဝတ်နေရေးတွေ ဖြေရှင်းဖို့ လိုတဲ့အတွက် သူတို့အပေါ် အမြင်သစ်တွေ ပြောင်းလဲပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးဖို့လိုတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက ထောက်ပြပြောပါတယ်။

“မသန်စွမ်းတွေ အပေါ်ထားတဲ့ အလုပ်ရှင်တွေရဲ့အမြင်အပြင် ရပ်ကွက်နဲ့ ပြည်သူတွေရဲ့ အမြင်သဘောထားတွေကိုလည်း အများကြီး ပြောင်းဖို့လိုနေသေးတယ်” လို့ သူက ပြောပါတယ်။

ဧဒင် မသန်စွမ်း သက်ငယ်များ ပြုစုရာ ရိပ်မြုံက မန်နေဂျင်းဒါရိုက်တာ ဦးထာအုပ်ကလည်း အခုချိန်မှာ မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိရေးနဲ့ပတ်သက်ပြီး အစိုးရမှာ မူဝါဒ သတ်သတ်မှတ်မှတ် မရှိသေးဘူးလို့ ပြောပါတယ်။ အလုပ်အကိုင် မရှိတဲ့ မသန်စွမ်းသူဦးရေကို တိတိကျကျ စာရင်းကောက်ခံထားတာ မရှိလို့ အလုပ်မရှိသူ ရာခိုင်နှုန်းကို တိတိကျကျ ပြောရခက်ပေမယ့် မသန်စွမ်းသူ အရေအတွက်”တော်တော်များများ” ဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အလှမ်းဝေးနေရဆဲ ဖြစ်တယ်လို့ သူကပြောပါတယ်။

မသန်စွမ်းသူတွေနဲ့ အလုပ်အကိုင်

မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ နှစ်သန်းသုံးသိန်းကျော် ရှိပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းပါပဲ။

မသန်စွမ်းသူဆိုတာ မွေးရာပါ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည် ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူများကို ခေါ်ကြောင်း ၂၀၁၅ မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းမှု အမျိုးအစားတွေကို ကိုယ်အင်္ဂါ မသန်စွမ်းသူ၊ အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းနဲ့ ဉာဏ်ရည် မသန်စွမ်းဆိုပြီး လေးမျိုး သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ မသန်စွမ်းမှု ကိုးမျိုးရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အမြင်၊ အကြားနဲ့ လှုပ်ရှားမှုစတဲ့ မသန်စွမ်းမှု သုံးမျိုးက မြန်မာနိုင်ငံရဲ့ သတ်မှတ် ချက်နဲ့ တူညီပြီး ကျန်ခြောက်မျိုးက ဉာဏ်ရည် မသန်စွမ်းမှု အမျိုးအစားထဲ ပါဝင်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဌာနခွဲက အတည်ပြုပေးထားပါတယ်။

မသန်စွမ်းသူတွေ အလုပ်အကိုင် ရရှိရေးမှာလည်း မသန်စွမ်းမှု အမျိုးအစားအလိုက် အတားအဆီး အကန့်အသတ်တွေ ရှိနေတာ ဖြစ်ပါတယ်။

ဥပမာ – ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ၊ အမြင်အာရုံ အားနည်းသူတွေဆိုရင် သူတို့အိမ်ကနေ အလုပ်ခွင်ကို သွားရောက် တဲ့အခါ သန်စွမ်းသူတွေထက် သွားရေးလာရေး အခက်အခဲတွေ ကြုံကြရပါတယ်။ အကြားအာရုံ မသန်စွမ်းသူတွေဟာ လည်း လက်ပြသင်္ကေတတွေနဲ့ လူတွေကို ဆက်သွယ်ရတာဖြစ်လို့ အလုပ်ခွင်မှာ ပြောဆို ဆက်ဆံဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်သလို ဉာဏ်ရည် မသန်စွမ်းသူတွေ အတွက် ဆိုရင်လည်း သူတို့ကို ခေတ်မီနည်းစနစ်တွေနဲ့ အလုပ်လုပ်နိုင်တဲ့ အထိ လေ့ကျင့် သင်ကြားပေးနိုင်တဲ့ အထူးကျောင်းတွေ မရှိသေးပါဘူး။ ဒါကြောင့် ဉာဏ်ရည် မသန်စွမ်းတွေဟာ မသန်စွမ်းမှု လေးမျိုးထဲမှာ အလုပ်လုပ်ဖို့ အခက်ခဲဆုံး ဖြစ်တယ်လို့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ မသန်စွမ်းသူတွေက ပြောဆို ကြပါတယ်။

အလုပ်အကိုင် ဆိုတဲ့ နေရာမှာလည်း အလုပ်လုပ်သူရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေတဲ့အလုပ်မျိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ ဧဒင် မသန်စွမ်းသူများ ပြုစုရာ ရိပ်မြုံက ပြုစုဖြန့်ဝေတဲ့ ရပ်ရွာ အခြေပြု ပြန်လည် ထူထောင်ရေး လက်စွဲစာစဉ်မှာ ဖော်ပြထားပါတယ်။

“မသန်စွမ်းသူတွေက သူများ မလုပ်ချင်တဲ့အလုပ်ကို လုပ်နေရတာမျိုးလည်း မဖြစ်သင့်သလို သူတို့ကိုသနားလို့ အလုပ်ပေးတယ် ဆိုတာမျိုးလည်း မဖြစ်စေရဘူး။ သနားတာထက် အရည်အချင်းတွေ မူတည်ပြီး အခြားလူတွေ နည်းတူ ဆက်ဆံရမယ်” လို့ ဧဒင် မသန်စွမ်း သက်ငယ်များ ပြုစုရာ ရိပ်မြုံက မန်နေဂျင်း ဒါရိုက်တာ ဦးထာအုပ်က ပြောပါတယ်။

မသန်စွမ်းသူ တစ်ဦးအတွက် သူရဲ့ချို့ယွင်းမှုနဲ့ လိုက်လျော ညီထွေဖြစ်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေ၊ လုပ်ငန်းအချိန်ကို ဖြစ်စေ သင့်တော်သလို ပြင်ဆင်ညှိနှိုင်းပေးနိုင်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ လိုအပ်သေးသလို မသန်စွမ်းသူတွေ အနေနဲ့ သူတို့ စိတ်ဝင်စားပြီး လုပ်ချင်တဲ့ အလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ငြင်းပိုင်ခွင့်တွေ ရှိရမယ်လို့လည်းလက်စွဲစာစဉ်မှာ ပါရှိပါတယ်။

ဒါပေမဲ့ လုပ်ငန်းခွင်အမျိုးမျိုးက မသန်စွမ်းသူတွေကို ငြင်းပယ်ခြင်း၊ ဖယ်ထုတ်ခြင်းတွေ ရှိနေတဲ့အခါ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်ဆုံးရှုံးတာ အပြင် အစိုးရရဲ့ ဘဏ္ဍာငွေအပေါ် မှီခိုလာရတာတွေလည်း ဖြစ်ပေါ်လာရတယ်လို့ အဆိုပါ စာစဉ်မှာ ဖော်ပြထားပါတယ်။

“အလုပ်လုပ်နိုင်စွမ်းရှိတဲ့ မသန်စွမ်းတွေ အများကြီးရှိတယ်။ အလုပ်လုပ်နိုင်စွမ်း မရှိသေးသော်လည်းပဲ ပြုစုပျိုးထောင်ပေးရင် အလုပ်လုပ်နိုင်လာမယ့် မသန်စွမ်းတွေအများကြီး ရှိတယ်။ သူတို့ကို စနစ်တကျ ပြုစု ပျိုးထောင်ပေးလိုက်ရင် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အများကြီး အထောက်အကူဖြစ်မယ်” လို့ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက ဆိုပါတယ်။

မစိုးစန္ဒာဆိုရင် အလုပ် မလျှောက်ခင်ကတည်းက အကဲဖြတ်အဖွဲ့မှာ ပါဝင်တဲ့ ဆရာတစ်ယောက်က သူအလုပ် လျှောက်ရင်လည်း သူ့ရဲ့မသန်စွမ်းမှုကြောင့် အလုပ်ရနိုင်မှာ မဟုတ်ဘူးလို့ သတိပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ “ရရင်လည်းရ” ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားဖြေခဲ့တယ်လို့ သူကပြန်ပြောပြတယ်။ အဲဒီအလုပ်ရဖို့ နှစ်ကြိမ်တိုင်တိုင် လျှောက်ခဲ့ပါတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။

ရန်ကုန်နဲ့ ဟင်္သာတမှာရှိတဲ့ အခြားအလုပ်တွေမှာ လျှောက်ပေမယ့်လည်း မရခဲ့ပြန်ပါဘူး။

ပညာရေးဌာနမှာ အလုပ်မရခဲ့ပေမယ့် အနီးအနားရွာတွေမှာရှိတဲ့ အစိုးရကျောင်းတွေမှာ ဆရာ ဆရာမတွေ မအားလပ်တဲ့အချိန်တွေ၊ ဆရာမတွေ ကျန်းမာရေးကြောင့် အနားယူချိန်မှာ လုပ်အားပေး ဆရာမအနေနဲ့ စာသင်ပြပေးရတယ်လို့ သူက ပြောပြပါတယ်။ စာလာပြပေးဖို့ ကျောင်းအုပ်ကြီးကိုယ်တိုင် ခေါ်တာဖြစ်ပေမယ့် တရားဝင် လုပ်တာမဟုတ်လို့ လုပ်အားခတော့ မရပါဘူး။

ပညာရေးဆိုင်ရာ အတားအဆီး

မသန်စွမ်းသူတစ်ဦး အလုပ်လုပ်မယ်ဆိုရင် ပထမဆုံးရင်ဆိုင်ရမယ့် အတားအဆီးကတော့ ပညာအရည်အချင်း သတ်မှတ်ချက်တွေပဲ ဖြစ်တယ်လို့ မသန်စွမ်းအဖွဲ့အစည်းတွေက ပြောကြပါတယ်။ မသန်စွမ်းသူ အများစုဟာ အခြေခံပညာရေးနဲ့ ကင်းကွာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ အများနဲ့ဆိုင်တဲ့ လမ်းတွေ၊ ကျောင်းတွေဟာ မသန်စွမ်းသူတွေ လက်လှမ်းမီတဲ့၊ တစ်နည်းအားဖြင့် အတားအဆီးကင်းတဲ့ ပတ်ဝန်းကျင် (Barrier Free Environment) မဖြစ်ကြလို့ပါပဲ။

ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ ကလေးတစ်ယောက် ကျောင်းသွားမယ်ဆိုရင် ဘီးတပ်ကုလားထိုင် (Wheel Chair) တွေ သွားလာလို့ ရတဲ့ လမ်းတွေ မဟုတ်သလို မျက်မမြင် တစ်ယောက်အတွက် လမ်းလျှောက်တုတ် သုံးလို့ ရတဲ့ အနေအထားလည်း မဟုတ်ကြပါဘူး။

ပတ်ဝန်းကျင် အတားအဆီးအပြင် ကျောင်းနဲ့ ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံခံရတဲ့အခါမှာ မသန်စွမ်းသူတွေဟာ အတန်းပညာရေးနဲ့ ဝေးကွာကြရသလို သက်မွေးဝမ်းကြောင်း အတတ်ပညာ သင်ကြားဖို့အတွက်လည်း အခက်ကြုံကြတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းက ဆိုပါတယ်။ အတန်းပညာနဲ့ အတတ်ပညာ သင်ယူဖို့ ခက်ခဲခြင်းဟာ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ခက်ခဲခြင်းရဲ့ အစပဲ လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်း အထွေထွေအတွင်းရေးမှူး ဦးအေးကိုကို ကလည်း မသန်စွမ်းသူတွေကို ခုထက်ပိုပြီး ထိထိရောက်ရောက် လေ့ကျင့်ပေးနိုင်မယ့် သင်တန်းကျောင်းတွေ များများ လိုသေးတယ်လို့ ပြောပါတယ်။ ဒီလိုကျောင်းတွေ တည်ထောင်ပေးဖို့၊ သက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးဖို့ဆိုတာ အစိုးရ၊ မသန်စွမ်းအသင်း အဖွဲ့တွေ အပြင် အလုပ်ရှင်တွေမှာလည်း တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးဖို့  အစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ မသန်စွမ်း အထူးကျောင်း ခြောက်ကျောင်း ရှိသလို မသန်စွမ်း အသင်းအဖွဲ့တွေက တည်ထောင် ဖွင့်လှစ်ထားတဲ့ မသန်စွမ်းကျောင်းတွေလည်း ရှိပါတယ်။

အဲဒီကျောင်းတွေမှာ မသန်စွမ်းမှုအလိုက် သက်ဆိုင်ရာနည်းပညာတွေနဲ့ နေ့စဉ်လှုပ်ရှားသွားလာမှု၊ မသန်စွမ်းသူတွေရဲ့ တကိုယ်ရည်ဆောင်ရွက်မှုတွေအပြင် အခြေခံပညာ၊ အဆင့်မြင့်ပညာ သင်ယူဖို့ ပံ့ပိုးမှုများ၊ အခြေခံအသက်မွေးမှု ပညာတွေ၊ အိုင်တီ ပညာရပ်များ၊ အားကစားနဲ့ အနုပညာ သင်ကြား လေ့ကျင့်မှုတွေကို သင်ကြားပေးနေတယ်လို့ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဝန်ထမ်းအင်အား၊ ငွေကြေးအင်အား၊ နည်းပညာအင်အား လိုအပ်ချက်တွေကြောင့် အဲဒီကျောင်းတွေကနေ မသန်စွမ်းသူတွေအားလုံးကို လွှမ်းခြုံပြီး အလုပ်ခွင်မှာ ခေတ်နဲ့လျော်ညီစွာ အသုံးချလို့ရမယ့် ပညာရပ်တွေ သင်ကြားမွေးထုတ်နိုင်မှု အားနည်းနေဆဲ ဖြစ်တယ်လို့ မသန်စွမ်းအသင်းအဖွဲ့တွေကပြောကြပါတယ်။

ပတ်ဝန်းကျင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီး

နောက်ပြီး မသန်စွမ်းသူတွေအနေနဲ့ အလုပ်ရှင်တွေက အလုပ်ခန့်လိုက်သည့်တိုင် အလုပ်ခွင်ကို နေ့စဉ်သွားရောက်ပြီး အလုပ်လုပ်ဖို့ မလွယ်ကူကြပါဘူး။ မြန်မာနိုင်ငံမှာရှိနေတဲ့ လမ်းပန်း ဆက်သွယ်ရေးစနစ်တွေမှာ အတားအဆီးတွေ များစွာရှိနေတဲ့အတွက် မသန်စွမ်းသူတွေ ကိုယ့်အားကိုယ်ကိုး သွားလာလှုပ်ရှားဖို့ ခက်ခဲနေပါသေးတယ်လို့ မော်ကွန်းနဲ့ တွေ့ဆုံခဲ့တဲ့ မသန်စွမ်းသူတွေက ဆိုကြပါတယ်။

အထူးသဖြင့် ရန်ကုန်မှာမြို့ရဲ့ လူသွားလမ်းတွေပေါ်မှာ လမ်းဘေး ဈေးသည်တွေ အများကြီးရှိနေကြပါတယ်။ နောက်ပြီး လူသွားလမ်းတွေ အများစုမှာ ဘီးတပ်ကုလားထိုင်တွေ တက်ရဆင်းရ လွယ်ကူတဲ့ ဆင်ခြေလျှောတွေ မရှိကြပါဘူး။ နောက် မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေမှာလည်း မသန်စွမ်းသူတွေ အလွယ်တကူ စီးနင်းနိုင်တဲ့ ဟိုက်ဒရောလစ် လှေကားတွေ မပါရှိကြသလို ကားပေါ်မှာ ဝှီးချဲတွေ ထားမယ့်နေရာတွေလည်း မရှိပါဘူး။

အလုပ်ခွင်နဲ့ ရုံးခန်းတွေမှာလည်း မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားပြီး တည်ဆောက်ထားတဲ့ လှေကားတွေ၊ သန့်စင်ခန်းတွေ နည်းပါးတဲ့အတွက် အခက်အခဲတွေ ကြုံရနိုင်သေးလို့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေက ပြောကြပါတယ်။

ရန်ကုန်၊ သာကေတမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုအောင်ကိုကိုဆိုရင်လည်း ကိုယ်အင်္ဂါ မသန်စွမ်းသူ တစ်ဦးပါ။ သူမွေးဖွားလာချိန်မှာ ကိုယ်အလေးချိန် သုံးပေါင်ပဲ ရှိပါတယ်။ ဒါကြောင့် ကုသဖို့ ဆေးတွေထိုးရတဲ့အခါမှာ သူ့ခြေထောက်တွေဟာ ပုံမှန်မဖွံ့ဖြိုးတော့ဘဲ မသန်စွမ်းသူတစ်ဦးဖြစ်လာခဲ့ပါတယ်လို့ သူက ရှင်းပြပါတယ်။ အခုချိန်ထိ သူ လမ်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။

လမ်းဝေးဝေး လျှောက်ရင် ချိုင်းထောက်ကို အသုံးပြုရပါတယ်။ ဒါပေမဲ့ သူဟာ အလုပ်ရရှိထားတဲ့ မသန်စွမ်းသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လက စပြီး ရွှေမင်းသားဖောင်ဒေးရှင်းမှာ ကွန်ပျူတာ စာစီစာရိုက် အစမ်းခန့်ဝန်ထမ်း အလုပ်ရခဲ့ပါတယ်။

သူဆိုရင် မနက်တိုင်း သာကေတ ၄ ရပ်ကွက်ကနေ ဝါးတန်းလမ်းမှာရှိတဲ့ရုံးကို ဘတ်စ်ကားစီးလာရပါတယ်။ သာမန်လူတွေလို မသွားလာနိုင်တဲ့အတွက် မနက်စောစောထပြီး အိမ်ကနေ ကားမှတ်တိုင်ကို နာရီဝက်လောက် လမ်းလျှောက်ရတယ်လို့ သူက ပြောပါတယ်။

အဲဒီ အကွာအဝေးဟာ သာမန်လူတွေဆိုရင် ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်လို့ ဆိုပါတယ်။ နောက် ဘတ်စ်ကား စောင့်ရပါတယ်။ တချို့ဘတ်စ်ကားတွေဟာ သူ့ကို မတင်ဘဲ ကျော်သွားကြပါတယ်။ ဒါကြောင့် ကားမှတ်တိုင်ဆီ လမ်းလျှောက်ရမယ့်အချိန်၊ ဘတ်စ်ကားစောင့်ရမယ့်အချိန်နဲ့၊ ဘတ်စ်ကားတွေ သူ့ကိုမတင်ဘဲ ကျော်သွားရင် နောက်ဘတ်စ် ကားစောင့်ဖို့ အချိန်တွေကို ချင့်ချိန်ပြီး အိမ်ကနေ တတ်နိုင်သမျှ စောစောထွက်ရတယ်လို့ ပြောပြပါတယ်။ အိမ်ကနေအလုပ်ရောက်ဖို့ တစ်နာကျော်ကျော်ကြာတယ်လို့ သူက ပြောပါတယ်။

“အရင်တုန်းကဆို ကားစီးရမှာကြောက်လို့ အိမ်ပြင်တောင် ကျွန်တော်မထွက်ဘူး”လို့ ကိုအောင်ကိုကိုက ပြောပါတယ်။

အတားအဆီးတွေရဲ့ ဟိုမှာဘက်

အလုပ်ရပြီးတဲ့ နောက်မှာတော့ ရုံးတက်ရုံးဆင်းလုပ်ဖို့ ဘတ်စ်ကားကို မဖြစ်မနေ စီးရပါတော့တယ်။ ဒါပေမဲ့ ဘယ်လို အခက်အခဲတွေ ကြုံနေကြုံနေ အလုပ်ရတဲ့အတွက် အရမ်းဂုဏ်ယူနေသလို အရမ်းလည်း တက်ကြွနေမိတယ်လို့ သူက ပြောပြပါတယ်။

မော်ကွန်းက မေးမြန်းတဲ့အချိန်မှာ ကိုအောင်ကိုကိုဟာ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ကွန်ပျူတာခန်းထဲက ကွန်ပျူတာ တစ်လုံးရှေ့မှာ ထိုင်ပြီး ဆောင်းပါးတစ်ပုဒ်ကို စာစီနေပါတယ်။

အလုပ်မရှိခင်ကတော့ “စိတ်တွေလည်း ဆောက်တည်ရာမရဘူး။ ကိုယ့်ကိုကိုယ်လည်း အဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်တွေ တွေးမိနေတာပေါ့။ စိတ်ကူးယဉ်တယ်။ စာအုပ်တွေ ဇာတ်လမ်းတွေ ကြည့်ပြီး နှလုံးသားရေးရာတွေ တွေးမိနေတယ်”လို့ သူရဲ့ အလုပ်လက်မဲ့ဘဝ ဖြတ်သန်းမှုတွေကို ပြောပြပါတယ်။

ကိုအောင်ကိုကိုမှာ အဖေမရှိတော့ပါဘူး။ မောင်နှမလေးယောက်မှာ ဒုတိယမြောက်ဖြစ်ပေမယ့် မိသားစုကို အထောက်အပံ့ ဘာမှမပေးနိုင်ခဲ့တဲ့အတွက် မောင်နှမတွေရဲ့ချန်လှပ်ထားခြင်းကို ခံခဲ့ရတယ်လို့ ပြောပြပါတယ်။ မိသားစုကိစ္စ တချို့ကို သူဝင်အကြံပေးမိတဲ့အခါ ဝင်မပြောဖို့ တားတာ ခံရတယ်လို့ သူက ပြောပြပါတယ်။

“အဲဒီတုန်းက အိမ်ကို ငွေရေးကြေးရေး အထောက်အပံ့ မပေးနိုင်ခဲ့ဘူး။ မပေးနိုင်တဲ့အတွက် ကျွန်တော် ပြောသမျှ စကားတွေဟာ အရာမဝင်ခဲ့ဘူး။ ကျွန်တော်ပြောလို့မရဘူး”

အဲဒီအခါမှာ “ငါမိသားစု ဝင်တစ်ယောက်ဖြစ်ပါလျက်နဲ့ အသိအမှတ်ပြုမခံရလေခြင်း”ဆိုပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ ပြောပြပါတယ်။ ဝေးနေတဲ့ ဆွေမျိုးတွေ လာလည်ရင်တောင် “မိတ်ဆက်တဲ့အထဲ ကျွန်တော့်နာမည်မပါဘူး”လို့ ပြောပြပါတယ်။

ဒီလိုနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်အချိန်ထိ ဘာအလုပ်မှလည်း မရှိခဲ့သလို “ဘာရည်မှန်းချက်မှ မရှိခဲ့ဘူး”လို့ သူက ပြောပြပါတယ်။ ဒါပေမဲ့ မသန်စွမ်းသူတွေကို သင်တန်းတွေပေးတဲ့ ရွှေမင်းသားဖောင်ဒေးရှင်းနဲ့ အဆက်အသွယ်ရပြီး ကွန်ပျူတာပညာရပ်တွေကို သင်ကြားခွင့်ရခဲ့တယ်။ နောက် အဲဒီဖောင်ဒေးရှင်းကပဲ အလုပ်ခန့်လိုက်တဲ့အတွက် “အခု ကျွန်တော့်မှာ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေရှိလာပြီ”လို့ သူက အားတက်သရော ဆိုပါတယ်။

ပထမဆုံးရဖူးတဲ့ လစာကို အိမ်မှာထမင်းစားတဲ့ ပန်းကန်ထဲ အသေအချာထည့်ပြီး အမေ့က ပထမဆုံး ကန့်တော့ခဲ့ရလို့ အရမ်းဝမ်းသာတယ်လို့ ပြောခဲ့ပါတယ်။

“ကျွန်တော် တစ်ခါမှ ဒီလို မကန်တော့ခဲ့ဖူးဘူး။ မလုပ်ဖူးတဲ့ အလုပ်ကို လုပ်လိုက်ရတော့ အရမ်းကြည်နူးမိတာပဲ”

အလုပ်ရပြီးတဲ့ နောက်ပိုင်းမှာတော့ မိသားစု ဆက်ဆံရေး ပြေလည်လာခဲ့တာ သတိထားမိတယ်လို့ သူက ပြောပါတယ်။ အလုပ်သွားဖို့ ထမင်းဘူးတွေကို သပ်သပ်ရပ်ရပ်ပြင်ပေးကြသလို ဆွေမျိုးတွေကလည်း အလုပ်လုပ်ရင် ဝတ်ဖို့ အဝတ်အစားအသစ်တွေ လာပေးကြတယ်လို့ သူက ပြောပြပါတယ်။

မျှော်လင့်ချက် နည်းဥပဒေ

ဒါကြောင့် မသန်စွမ်းသူတွေ အလုပ်လုပ်လိုကြတာဟာ လစာငွေကြေး ရရှိလိုခြင်းထက် လူ့အသိုင်းအဝိုင်းမှာ အများနည်းတူ ပါဝင်နိုင်ဖို့ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်း အထွေထွေအတွင်းရေးမှူး ဦးအေးကိုကိုက မော်ကွန်းကို ပြောပါတယ်။

မသန်စွမ်းသူတွေ အခွင့်အရေးတွေ မဆုံးရှုံးဖို့၊ တိုင်းပြည်ရဲ့ နယ်ပယ်အသီးသီးမှာ အခြားသူတွေနဲ့တန်းတူ လူမှုအဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြဌာန်းခဲ့တဲ့ မသန်စွမ်းသူများအခွင့်အရေး ဥပဒေမှာလည်း မသန်စွမ်းသူတွေ အတွက် အခြားသူတွေနဲ့တန်းတူ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး၊ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေ မရှိရေးစတဲ့ အချက်တွေ ပါဝင်လာပါတယ်။ အဲဒီဥပဒေကို ၂၀၁၅ ခုနှစ်မှာ ပြဌာန်းခဲ့တာပါ။

ဒါပေမဲ့ ခုထိ နည်းဥပဒေ မထွက်သေးတဲ့အတွက် အဲဒီအချက်တွေကို တိတိကျကျ အကောင်အထည် မဖော်နိုင်သေးဘူးလို့ အထွေထွေအတွင်းရေးမှူး ဦးအေးကိုကိုက ပြောပါတယ်။ နည်းဥပဒေကို မသန်စွမ်း အဖွဲ့အစည်းတွေပါဝင်ပြီး ရေးဆွဲနေတာဖြစ်ပြီး လာမယ့်နှစ် မတ်လလောက်မှာ ထွက်ဖို့ ခန့်မှန်းထားတယ်လို့ သူက ဆိုပါတယ်။

နည်းဥပဒေမှာ လုပ်ငန်းခွင်တိုင်း မသန်စွမ်းသူ နှစ်ရာခိုင်နှုန်းခန့်ထားပေးဖို့ မသန်စွမ်းအဖွဲ့အစည်းတွေက ရေးဆွဲပြီး တင်ပြထားတယ်လို့ ၎င်းက ဆိုပါတယ်။ အဲဒီပြဌာန်းချက်ကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ဒဏ်ငွေဆောင်ခိုင်းပြီး၊ သတ်မှတ်ထားတဲ့ မသန်စွမ်းသူ အရေအတွက်ထက် အလုပ်ပိုခန့်ပေးတဲ့ လုပ်ငန်းရှင်တွေကို ဝင်ငွေခွန်တွေလျော့ပေးဖို့လည်း တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအချက်တွေဟာ မသန်စွမ်းအဖွဲ့အစည်းတွေဘက်က တင်ပြထားတာဖြစ်ပြီး အစိုးရဘက်က ပြဌာန်းပေးမယ် မပေးဘူးဆိုတာ အတည်ပြုလို့မရသေးဘူးလို့ ပြောကြပါတယ်။ ဒီနည်းဥပဒေဟာ မသန်စွမ်းသူတွေ အစိုးရဆီက လိုချင်နေတဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့ မသန်စွမ်းအဖွဲ့အစည်း တာဝန်ရှိသူတွေက ဆိုကြပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ နည်းဥပဒေ ထွက်ပေါ်လာဖို့ ဆောင်ရွက်နေပြီဖြစ်လို့ မသန်စွမ်းသူတွေ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြဖို့ မော်ကွန်းနဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

“ဒါက မခက်ခဲတော့ဘူး။ လွယ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ မသန်စွမ်းဥပဒေပေါ်ပေါက်ပြီးပြီ။ နည်းဥပဒေ မကြာခင် ထွက်လာမယ်။ ဒီဥပဒေနဲ့ နည်းဥပဒေတွေ သက်ဝင်လှုပ်ရှားလာပြီဆိုရင် မသန်စွမ်းတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပေါ်ပေါက်လာတော့မယ်”လို့ ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာတော့ မသန်စွမ်းသူတွေ အလုပ်အကိုင် ရရှိဖို့အတွက် မသန်စွမ်းအဖွဲ့တွေက ဦးဆောင်ပြီး အလုပ်အကိုင်တွေကို ရှာဖွေလာကြပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အသင်း၊ ရွှေမင်းသား ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်း စတဲ့ မသန်စွမ်း အဖွဲ့အစည်းတွေကနေ တချို့လုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေကြပါတယ်။

အချို့အလုပ်ရှင်တွေက လိုလိုလားလား လက်ခံကြပေမယ့် တချို့ကတော့ “နောက်မှ ဖုန်းပြန်ဆက်ပေးမယ်”လို့ ဆိုပြီး ငြင်းဆိုတာတွေလည်းရှိတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ မသန်စွမ်းသူများ ဆိုင်ရာ စီးပွားရေး ပျိုးထောင်မှု စင်တာက ကြီးကြပ်ရေးမှူး ဦးအေးမင်းနိုင်က ဆိုပါတယ်။

ဦးအေမင်းနိုင်တို့အဖွဲ့ဟာ ၂၀၁၄ မှ ၂၀၁၆ အတွင်း မသန်စွမ်းသူ ၅၈ ယောက်ကို အလုပ်နဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ သန်းချီရှိနေတဲ့ မသန်စွမ်းသူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ခက်ခဲနေဆဲပါ။  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ထိန်ပင်ရွာက မစိုးစန္ဒာဆိုရင်လည်း သူပညာတွေ တတ်ထားပေမယ့် အလုပ်လုပ်ခွင့် မရတဲ့အတွက် တဖြည်းဖြည်း မျှော်လင့်ချက်တွေ မှေးမှိန်လာသလို ခံစားရတယ်လို့ ပြောပြပါတယ်။ သူကိုယ်တိုင် မှီခိုချင်စိတ်မရှိပေမယ့် ဒီအသက်အရွယ်ထိ မိဘကို မှီခိုနေရလို့ စိတ်မကောင်းကြောင်း ခုလို ဆိုလိုက်ပါတယ်။

“ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ အချိန်တန်ပြီပေါ့နော်။ ဒါပေမဲ့ မှီခိုနေရတော့ ကိုယ့်ဘဝကို ရှက်မိတယ်။ မိဘတွေကိုလည်း ကျေးဇူးတစ်လှည့် ပြန်ဆပ်ချင်ပါပြီ”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."