မသန်စွမ်းတွေအတွက် မသန်စွမ်းဥပဒေ အကာအကွယ် မရသေး

မသန်စွမ်းတွေအတွက် မသန်စွမ်းဥပဒေ အကာအကွယ် မရသေး

တစ်နှစ်ကျော်အထိ တရားရုံးအပေါ်အမှုမတင်နိုင်သေးကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်   Photo-Ba Nyar Kyaw

မသန်စွမ်းသားအမိနှစ်ဦးအရိုက်ခံရပေမယ့် မသန်စွမ်းဥပဒေရဲ့ အကာအကွယ်မရတဲ့အပြင် ပြန်လည်အမှုဖွင့်ခံထားရပါတယ်။

အချိန်က ည ၉ နာရီခန့် ဖြစ်ပါတယ်။ အမြင်အာရုံမသန်စွမ်းတဲ့ ကိုခင်မောင်သန်းဟာသူ့ရဲ့ ဖုန်းပြင်ဆိုင်ထဲမှာ ဖုန်းပြင်လို့ နေပါတယ်။ အဲဒီအချိန်မှာ ”စောက်ကန်း၊ ဖေ -ိုးမ၊ -ာသယ်မ၊ မမြင်ဘူးလား”လို့ ဆိုတဲ့ ဆဲသံတွေဟာ သူ့နားထဲ ဝင်လာပါတယ်။

ကားရပ်ဖို့ ဆိုင်ဆိုင်းဘုတ်ကိုဖယ်ရှားစဉ် ဆိုင်းဘုတ်လဲကျသွားတဲ့အတွက် ကိုခင်မောင်သန်းအမေက ပြန်ထောင်ပေးဖို့ပြောရာက တစ်ယောက်တစ်ခွန်း စကားများပြီး ကားပေါ်က အမျိုးသားတစ်ဦးက ဆဲဆိုလိုက်တာလို့ သူက ပြောပါတယ်။

လုပ်လက်စအလုပ်ကို ခဏထားပြီး သူ့အမေကို ဆဲဆိုနေတဲ့သူကို မဆဲဖို့ ပြောလိုက်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ဆိုင်ဆိုင်းဘုတ်ကို ပြန်ထောင်လိုက်ပါတယ်။ ဒီအခါ ဆဲနေတဲ့ အမျိုးသားကကားပေါ်ကဆင်းလာပြီး ”အေးကွာ၊ မဆဲဘူး”လို့ ဆိုကာ ဆိုင်ထဲ ပြန်ဝင်ဖို့လုပ်နေတဲ့ ကိုခင်မောင်သန်းရဲ့ခန္ဓာကိုယ်ကို ဆွဲလှည့်ပြီးမျက်နှာဘယ်ဘက်အခြမ်းကို နှစ်ချက်ဆွဲထိုးခဲ့တယ်။

ကိုခင်မောင်သန်းက ”မင်း ငါ့ကိုလည်းထိုးတယ်၊ ငါ့အမေကိုလည်းဆဲတယ်၊ မင်းသိထားဖို့က ဥပဒေမရှိတဲ့ နိုင်ငံ မဟုတ်ဘူး”လို့ အသံခပ်မာမာနဲ့ ပြောလိုက်တဲ့အခါမှာထိုအမျိုးသားက”မင်းသိမယ်”လို့ ကြိမ်းမောင်းကာ ထွက်သွားပါတယ်။

ငါးမိနစ်ခန့်အကြာမှာ လူသုံးဦးလောက် ကိုခင်မောင်သန်းဆိုင်ကို ရောက်လာပြီး သူ့ခေါင်းကို တုတ်နဲ့ တစ်ချက် စရိုက်ပြီးလက်သီးတွေနဲ့လည်း ဝိုင်းထိုးခဲ့ပါတယ်။ သူ့ကို ဝိုင်းထိုးတဲ့သူတွေဟာ ကိုဟန်ထွန်းအပါအဝင် လူသုံးယောက်ခန့် ဖြစ်မယ်လို့ အသံတွေကို နားထောင်ပြီး သိခဲ့ရပေမယ့် ဘယ်သူတွေဆိုတာ မမြင်ရဘဲ ”မင်းဘာကောင်လဲ၊ သေချင်လို့လား”ဆိုတဲ့ အသံနဲ့အတူအမြင်မသန်စွမ်းသူ အမေရဲ့ အသနားခံနေတဲ့ အသံတွေပဲ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နှစ် မတ် ၁ဝ ရက်က လှိုင်မြို့နယ်၊ ၁ဝရပ်ကွက်၊ လှိုင်မြင့်မိုရ်အိမ်ရာ၊ တိုက် ၁ က ဖုန်းပြင်ဆိုင်မှာ အမြင်အာရုံ မသန်စွမ်းတဲ့ ကိုခင်မောင်သန်းကို ကိုဟန်ထွန်းဆိုသူကအဖွဲ့နဲ့ ရိုက်နှက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။ ကိုခင်မောင်သန်းကမကျေနပ်လို့ ချက်ချင်းအမှုဖွင့်ခဲ့ပေမယ့် အမှုဟာ တစ်နှစ်ကျော်မှလှိုင်မြို့နယ်တရားရုံးကို ရောက်ခဲ့တာဖြစ်ပါတယ်။

ပြဿနာဖြစ်ပြီး လေးရက်အကြာမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၉၄(ညစ်ညမ်းစွာပြောဆိုမှု)၊ ပုဒ်မ ၃၂၅ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ ၄၂၇ (အကျိုးပျက်စီးမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ရှိနေခြင်း) စတဲ့ အမှုတွေနဲ့ကိုခင်မောင်သန်းက ကိုဟန်ထွန်းကို အမှုဖွင့်ခဲ့ပါတယ်။

အရိုက်ခံရတဲ့ညမှာပဲ ကိုခင်မောင်သန်းဟာ မိခင်နဲ့အတူလှိုင်မြို့နယ်ရဲစခန်းမှာ အမှုသွားဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့သူ့မျက်နှာက ရောင်တက်နေပြီး ပါးစပ်၊ နှာခေါင်းကနေ သွေးတွေထွက်နေတယ်လို့ သူက ဆိုပါတယ်။ ရဲစခန်းက ဆေးရုံကိုသွားဖို့ပြောတာကြောင့် ညတွင်းချင်းပဲ ရဲတစ်ယောက်နဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားခဲ့ပါတယ်။

နောက်တစ်နေ့မှာ လှိုင်မြို့နယ်ရဲစခန်းကို သွားပြီး ထပ်မံအမှုဖွင့်ရာမှာ ”အချက်အလက်ခိုင်လုံမှ ကောင်းမယ်” ဆိုတာကြောင့် အဲဒီနေ့မှာလည်း အမှုမဖွင့်နိုင်ဘဲ သူ့ကို ရိုက်ခဲ့တဲ့သူရဲ့ကားနံပါတ်၊ နာမည်၊ မှတ်ပုံတင်အမှတ်၊ အဖေနာမည်စတဲ့အချက်အလက်တွေကို ရပ်ကွက်ရုံးမှာ သွားစုံစမ်းခဲ့ရတယ်လို့ကိုခင်မောင်သန်းက ဆိုပါတယ်။

ဒါကြောင့် ကိုခင်မောင်သန်းဟာ အရိုက်ခံရပြီး လေးရက်မြောက်မှသာ အမှုဖွင့်ခွင့် ရခဲ့ပါတယ်။

အမှုဖွင့်ပြီး ဆယ်ရက်လောက်အကြာမှာ ကိုဟန်ထွန်းကကိုခင်မောင်သန်းကို ဆေးဖိုးကျပ်တစ်သိန်းခွဲပေးပြီး ဖြစ်ခဲ့တဲ့ကိစ္စတွေကို ကျေအေးပေးဖို့ ရပ်ကွက်လူကြီးတွေနဲ့အတူ လာရောက်ညှိနှိုင်းခဲ့ပါသေးတယ်။ နောက်တစ်ခါ ဒီလိုမဖြစ်အောင် ကိုဟန်ထွန်းအပါအဝင် သူ့ရဲ့မိတ်ဆွေတွေပါ ရပ်ကွက်လူကြီးဆီမှာ ခံဝန်လက်မှတ်ထိုးပေးဖို့ ကိုခင်မောင်သန်းဘက်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကိုဟန်ထွန်းတစ်ယောက်တည်းသာ ခံဝန်လက်မှတ် ထိုးပေးနိုင်မယ်ဆိုတဲ့အတွက် အမှုကျေအေးဖို့ကိစ္စ ပျက်ပြီးနှစ်ဖက် အမှုအပြန်အလှန်ဖွင့်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် ကိုဟန်ထွန်းကလည်း ကိုခင်မောင်သန်းတို့ကိုလျော်ကြေးပေးဖို့ လာကမ်းလှမ်းပြီး ငါး ရက်အကြာမှာ ပုဒ်မ၂၉၄ (ညစ်ညမ်းစွာပြောဆိုမှု)၊ ပုဒ်မ ၃၂၅ (အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူရှိနေခြင်း)တို့နဲ့ ပြန်လည်အမှုဖွင့်ခဲ့ပါတယ်။ ဒီလိုအမှုဖွင့်ရဖို့ကိုဟန်ထွန်းကလည်း သူ့ရဲ့မျက်နှာမှာ ရရှိခဲ့တဲ့ ဒဏ်ရာကို ဆေးရုံမှာ ဆေးစာတောင်းခံပြီး အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ လှိုင်ရဲစခန်းက အတည်ပြုပေးပါတယ်။

ကိုခင်မောင်သန်း နေအိမ်တွင် ဖုန်းပြင်နေစဉ်        Photo- Ba Nyar Kyaw

မသန်စွမ်းဥပဒေနဲ့ အမှုဖွင့်ခွင့် မရ

ကိုခင်မောင်သန်းနဲ့ သူ့အမေဟာ မျိုးရိုးဗီဇအရ မွေးရာပါအတွင်းတိမ်ရှိသူတွေ ဖြစ်သလို မျက်စိသူငယ်အိမ်လည်ပြီးမျက်စိစွေနေတဲ့ အမြင်အာရုံ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။ကိုခင်မောင်သန်းရဲ့ ဘယ်ဘက်မျက်လုံးဟာ ငါးလက်မအကွာကပုံနှိပ်စာလုံးနဲ့ ဖုန်းပေါ်က စာလုံးတွေကိုအနီးကပ်ကြည့်နိုင်ပါတယ်။ ညာဘက်မျက်လုံးကတော့ စာမဖတ်နိုင်ပေမယ့် သုံးပေအကွာက ပစ္စည်းတွေ၊ လူပုံပန်းသဏ္ဌ္ဌန်တွေကို မှုန်မှုန်ဝါးဝါးတွေ့နိုင်တယ်လို့ သူကဆိုပါတယ်။

ကိုခင်မောင်သန်းလို မသန်စွမ်းတွေကို နိုင်ထက်စီးနင်းအကြမ်းဖက်ခံရမှုက အထူးကာကွယ်ပေးဖို့ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာတုန်းကပြဋ္ဌာန်းထားခဲ့ပါတယ်။ ဒီဥပဒေရဲ့ အခန်း ၁၆၊ ပုဒ်မ ၇၇ (ဂ) မှာမသန်စွမ်းသူတွေကို နိုင်ထက်စီးနင်း အကြမ်းဖက်ခြင်း၊ တလွဲအသုံးပြုခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း မပြုရလို့ ဖော်ပြထားပါတယ်။

ဒီအချက်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားရင် အဲဒီလူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လိ့ု ဖော်ပြထားပါတယ်။

လှိုင်ရဲစခန်းမှာ ကိုခင်မောင်သန်း အမှုဖွင့်ခဲ့တုန်းက သူဟာမသန်စွမ်းသူတစ်ယောက် ဖြစ်ပါတယ်လို့ ဖွင့်ပြောခဲ့ပေမယ့် ရဲစခန်းကတော့ ရာဇသတ်ကြီးဥပဒေနဲ့သာ ဖွင့်ပေးခဲ့ပါတယ်။ကိုခင်မောင်သန်းအနေနဲ့လည်း ရဲစခန်းက လုပ်ပေးတဲ့အတိုင်းသာ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုခင်မောင်သန်းက ”ဥပဒေအရ အကာအကွယ်မပေးတဲ့အပြင် အမျိုးမျိုး လှည့်ပတ်ပြီးတော့ ကျွန်တော်

တို့က တရားခံတောင် ပြန်ဖြစ်နေရတယ်”လို့ ဆိုပါတယ်။

ကိုခင်မောင်သန်းအမှုဟာ အကြောင်းအရာတစ်ခုပေါ် မူတည်ပြီးအပြန်အလှန်ရန်ဖြစ်တဲ့အတွက်ပြစ်မှုကြောင်းဆိုင်ရာနဲ့ဖွင့်ထားခြင်းဖြစ်တယ်လို့ လှိုင်မြို့နယ်ရဲစခန်းမှ စခန်းမှူးဒုရဲမှူးဦးကျော်ဇောက ဆိုပါတယ်။

လမ်းမှာသွားလာနေတဲ့ မသန်စွမ်းတစ်ဦးဦးကို လူတစ်ဦးဦးက ထိုးကြိတ်အနိုင်ကျင့်မယ်ဆိုရင် ရဲတွေအနေနဲ့ မသန်စွမ်းသူဘက်ကို ကာကွယ်ပေးမယ်၊ မသန်စွမ်းဥပဒေနဲ့ ဖွင့်ပေးမယ်လို့သူက ဆက်ပြောပါတယ်။

”ပြစ်မှုဆိုင်ရာကြောင်းနဲ့ ဖွင့်ထားတဲ့ အမှုဖြစ်တဲ့အတွက်မသန်စွမ်းဥပဒေနဲ့ ဖွင့်လို့မရဘူး”လို့ သူက ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကတော့ မသန်စွမ်းသူတွေကို အမှုဖွင့်ပေးရာမှာ မသန်စွမ်းအခွင့်အရေးဥပဒေနဲ့ အမှုဖွင့်နိုင်တယ်လို့ သူကဆိုတယ်။ နစ်နာတဲ့ တရားလိုက ရာဇသတ်ကြီးဥပဒေနဲ့ အမှုမဖွင့်ချင်ဘူးဆိုရင် ရှေ့နေချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးကို တိုင်ကြားပြီးမသန်စွမ်းဥပဒေနဲ့ အမှုပြောင်းပြီး ဖွင့်နိုင်တယ်လို့သူက အကြံပြုပါတယ်။

လှိုင်ရဲစခန်းက ကိုခင်မောင်သန်းအမှုကို မသန်စွမ်းဥပဒေနဲ့အမှုဖွင့်ခွင့်မရတဲ့အပေါ် တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကအခုလိုသုံးသပ်ပါတယ်။

”ရဲတွေက ပေါ့ပေါ့ဆဆ လုပ်တာပေါ့။ မကျွမ်းကျင်တာလည်း ပါတယ်။ တရားလိုအပေါ် မလေးမစားလုပ်တာပေါ့”

တစ်ဆက်တည်းမှာပဲ သူက ”အခုရဲတပ်ဖွဲ့ကတော့ အရမ်းညံ့တယ်။ ပြည်သူလူထုအပေါ် တာဝန်မကျေဘူး။ တာဝန်ပျက်ကွက်တယ်။ အဲဒီလို ရဲတပ်ဖွဲ့ကြီး ဖြစ်နေတယ်”လို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်ကလည်း မသန်စွမ်းသူတွေအနေနဲ့ မသန်စွမ်းဥပဒေရဲ့ အကာအကွယ် ရခွင့်ရှိသလို ပြစ်မှုဆိုင်ရာအကြောင်းနဲ့လည်း ရယူနိုင်တယ်လို့ ဆိုပါတယ်။

ကိုခင်မောင်သန်းအမှုနဲ့ပတ်သက်လို့ သူက ”ဥပဒေကိုမသိတာလား၊ မသိကျိုးကျွံပြုနေတာလားဆိုတာ မပြောတတ်ပါဘူး”လို့ ဆိုပါတယ်။

ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့်ခွင့်ရခဲ့ပေမယ့် အလွယ်တကူအမှုဖွင့်နိုင်ခဲ့တာတော့ မဟုတ်ဘူးလို့ ကိုခင်မောင်သန်းက ဆိုပါတယ်။

ရဲအလုပ်လား၊ တရားလိုအလုပ်လား

အဲဒီကာလတွေမှာ ကိုခင်မောင်သန်းတို့ သားအမိဟာလှိုင်မြို့နယ်ရဲစခန်းကို အကြိမ်ကြိမ် သွားခဲ့ရပါတယ်။ ရဲစခန်းကိုလာဖို့ ခေါ်ပေမယ့် စခန်းကို ရောက်သွားတဲ့အခါ တာဝန်ရှိသူကအစည်းအဝေးဝင်နေလို့၊ လမ်းကြောင်းရှိလို့ဆိုပြီး မတွေ့ခဲ့ရတဲ့အကြိမ်တွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

”ဖုန်းခေါ်ရင်လည်းအစည်းအဝေးဝင်နေလို့ဆိုပြီး ဖုန်းချလိုက်တာလည်း ရှိတယ်”ဒါကြောင့် အမှုကို တရားရုံးရောက်ဖို့ ပြည်ထဲရေးဝန်ကြီး၊ရဲချုပ်ရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူ့အခွင့်အရေးကော်မရှင်နဲ့မသန်စွမ်းသူများအသင်းချုပ်တို့ကို စာတိုက်ကနေ လိပ်မူပြီး တိုင်ကြားခဲ့တယ်လို့ ကိုခင်မောင်သန်းက ဆိုပါတယ်။

ကိုခင်မောင်သန်းရဲ့အမှု တရားရုံး မတင်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ လှိုင်မြို့နယ်ရဲစခန်းကို ၂ဝ၁၇၊ မေ၂၂ ရက်မှာ မေးမြန်းကြည့်တဲ့အခါမှာတော့ လှိုင်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဦးကျော်ဇောက ”နှောင့်နှေးနေရတဲ့ အကြောင်းက ဆေးစာနောက်ဆုံးထင်မြင်ချက်ယူတာ၊ သူ (ကိုခင်မောင်သန်း) တင်ပြထားတဲ့ မျက်မြင်သက်သေတစ်ဦးကို စစ်ဆေးဖို့ ချိန်းဆိုတဲ့နေရာမှာ သက်သေက ရောက်မလာနိုင်တာတွေကြောင့်”လို့ ဆိုပါတယ်။ အဲဒီအချိန်ဟာ စတင်တိုင်တန်းတဲ့ အချိန်ကစပြီး ၁၄ လကြာမြင့်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကိုခင်မောင်သန်းဟာ သူ့ရဲ့အမှု တရားရုံးမရောက်သေးတဲ့ကိစ္စကို မေ ၁၉ ရက်မှာ သတင်းမီဒီယာတွေကိုရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

အဲဒီလိုလုပ်ပြီး လေးရက်မြောက်နေ့မှာတော့ လှိုင်မြို့နယ်

မြို့မရဲစခန်းက အရိုက်ခံရတဲ့ အမြင်အာရုံ မသန်စွမ်းသူ ကိုခင်မောင်သန်းတို့ သားအမိနှစ်ယောက်ကို ကိုဟန်ထွန်းက ပြန်လည်ဖွင့်ထားတဲ့အမှုကို လှိုင်တရားရုံးမှာ တင်လိုက်ပြီဖြစ်ကြောင်းနှင့်အာမခံယူဖို့ အကြောင်းကြားလာတယ်လို့ကိုခင်မောင်သန်းကဆိုပါတယ်။ဒါ့အပြင်ကိုဟန်ထွန်းကသူတို့သားအမိနှစ်ယောက်လုံးကို ပုဒ်မ ၂၉၄ (ဆဲဆိုခြင်း)၊ပုဒ်မ ၃၂၃ (သာမန်နာကျင်စေမှု) ၊ပုဒ်မ ၃၂၅ (အပြင်းအထန်နာကျင်စေမှု)တို့နဲ့ အမှုဖွင့်ထားခဲ့ပါတယ်။

ဖုန်းအသုံးပြုသူတစ်ဦးအား ဖုန်းဆင်းမ်ကတ်မှတ်ပုံတင်ပေးနေစဉ်            Photo- Ba Nyar Kyaw

”ဇွန်လ ၂ ရက်မှာ တရားရုံးတက်ရမယ်။ နှစ်ယောက်စလုံးအာမခံယူထားရတယ်”လို့ ကိုခင်မောင်သန်းက ပြောပါတယ်။

ကိုခင်မောင်သန်းတို့အမှုဟာ အပြန်အလှန် အမှုဖွင့်ထားခြင်းကြောင့် ကိုဟန်ထွန်းဘက်ကလည်း လှိုင်မြို့နယ် တရားရုံးမှာအာမခံယူထားရပါတယ်။

ယခုကိစ္စနဲ့ ပတ်သက်လို့ ဖြစ်စဉ်အသေးစိတ်ကိုမေးမြန်းဖို့ဇွန်လ ၁ ရက်နဲ့ ၂ ရက်မှာ ကိုဟန်ထွန်းနဲ့ မော်ကွန်းမဂ္ဂဇင်းက တွေ့ဆုံခဲ့ပေမယ့် သူ့ရှေ့နေက ခွင့်မပြုတဲ့အတွက် ဖြေလို့မရဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ကိုခင်မောင်သန်းဟာ သူ့အမှု တရားရုံးကိုရောက်ဖို့ ကြိုးစားခဲ့ရတဲ့ တစ်နှစ်ကာလအတွင်းမှာ သူ့ရဲ့ဖုန်းပြင်တဲ့ ဆိုင်ကို ပိတ်ထားခဲ့ရပါတယ်။ အခု လှိုင်မြို့နယ် အမှတ် ၁၃ ရပ်ကွက်မှာ ရှိတဲ့သူ့အိမ်မှာ ဖုန်းပြင်ဆိုင်တစ်ခု ထပ်ဖွင့်ထားပါတယ်။ ဒါပေမဲ့ အခုဖုန်းပြင်တဲ့အခါ သူတစ်ယောက်တည်း ပြင်လို့မရတော့ပါဘူး။ သူ့ရဲ့ ညာဘက်မျက်လုံးက စာလုံးတွေကို မမြင်ရသလို ”ဘယ်ဘက်မျက်လုံးက အရိုက်ခံရတဲ့ ဒဏ်ကြောင့် ဖုန်းက စာလုံးတွေကိုမမြင်ရတော့ဘူး”လို့ သူက ဆိုပါတယ်။

ကိုခင်မောင်သန်းဟာ သူ့အမှုနဲ့ ပတ်သက်လို့လည်းအခုလိုလည်း ဆုံးဖြတ်ချက်ချထားပါတယ်။

”ဒီအချိန်တွေ ရောက်မှတော့ ကျွန်တော် အပင်ပန်းခံပြီးလုပ်တယ်ဆိုတာ ကျွန်တော်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ကျွန်တော့်လို မသန်စွမ်းတွေ အများကြီးအတွက်ပါ” ။        ။

၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဗညားကျော် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."