ဗညားကျော်
ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်၏ဥက္ကဌဖြစ်သူမှ မသန်စွမ်းအမျိုးသမီးတစ်ဦးကို အဓမ္မကျင့်သည့် စွတ်ဆွဲမှု သုံးလကြာသည်အထိ အမှုမဖွင့်နိုင်သေးကြောင်း မသန်စွမ်းအမျိုးသမီး၏ဦးလေးဖြစ်သူ ဦးမာကုက မော်ကွန်းကိုပြောသည်။
ဥက္ကဌတာဝန်မှ ရပ်စဲခြင်းခံထားရပြီး စွတ်ဆွဲခံရသူ ဦးအောင်ကိုမြင့်ကို ဦးမာကုမှ ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းပိုင်းတွင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ဖြစ်သော်လည်း သက်သေမခိုင်လုံသော ကြောင့် ဥပဒေရုံးမှ အလုံမြို့နယ်ရဲစခန်းကို ပြန်လည်စစ်ဆေးခိုင်းခဲ့ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ရဲစခန်းကို ဖုန်းဆက်မေးတော့ အမှုတင်ပြီးတာကြာပြီလို့ ပြောတယ်၊ ဒါပေမယ့် တရားရုံးက ခေါ်စစ်ဆေးတာတွေ အခုထိ မရှိသေးဘူး” ဟု ဦးမာကုက ပြောသည်။
အဓမ္မပြုကျင့်ခံရသည်ဟုဆိုသည့် အမြင်အာရုံနှင့် ဉာဏ်ရည်မသန်စွမ်းသူအမျိုးသမီးကို လက်ရှိချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
မသန်စွမ်းသူများအရေးဆောင်ရွက်နေသည့် ISchool – Myanmar ၏မသန်စွမ်းသူများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ၊ အကြမ်းဖက်မှုများနှင့် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ လေ့လာချက် (၂၀၁၇ – ၂၀၁၈) အစီရင်ခံစာအရ မသန်စွမ်းသူအမျိုးသမီး များကို အဓမ္မပြုကျင့်မှု (၂၅) မှုရှိသည်ဟု ဖော်ပြထားသည်။
ယခုအမှုဖြင့် စွတ်ဆွဲခံရသူ ဦးအောင်ကိုမြင့်ကို မော်ကွန်းမှ ဆက်သွယ်မေးမြန်သော်လည်း ဖုန်းစက်ပိတ်ထားသောကြောင့် မေးမြန်းခွင့် မရပေ။
- #mawkun
- #magazine
- #chronicle