၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ဗညားကျော် ရေးသည်။
ရန်ကုန် (နိုဝင်ဘာ၊ ၂၀၁၈)

Photo-Banyar Kyaw
မနက်ခင်းနဲ့အတူ တိတ်ဆိတ်နေတဲ့ မလွှကုန်း ဘူတာလေးဟာ မနက် ၇ နာရီခွဲ မြို့ပတ်ရထား ဆိုက်ရောက်ချိန်မှာ ခရီးသည် အတက်အဆင်းနဲ့ တခဏချင်း ဆူညံသွားပါတယ်။
ခရီးသည်တွေနဲ့အတူ အမြင်အာရုံမသန်စွမ်းတဲ့ ဦးကျင် တိတ်ဟာ တောင်ဝှေးတစ်ဖက်၊ မယ်ဒလင်တစ်လက်ကို ကျောပိုး ထားရင်း ရထားကိုယ်ထည်ကို ကိုင်စမ်းကာ ရထားပေါ် တက် လိုက်ပါတယ်။
ရထားပေါ်ရောက်တဲ့အခါ စတီးချိုင့်တစ်လုံးကို သူ့ဗိုက် အောက်မှာ တွယ်ချိတ်ထားပြီး ညိုညစ်ညစ်မယ်ဒလင်ကို တီးကာ ခေတ်ဟောင်းအဆိုရှင်တွေဖြစ်တဲ့ အောင်သူ၊ သန်းနိုင်နဲ့ ဂီတာ ဖေ၀င်းတို့ရဲ့ သီချင်းတွေထဲက ကောင်းနိုးရာရာတွေကို အသံခပ် အေးအေးနဲ့ သီဆိုပြီး မြို့ပတ်ရထားပေါ်မှာ အလှူခံပါတော့တယ်။
သူ့ကိုသိကြတဲ့ ဘူတာဈေးသည်တွေနဲ့ ရထားဈေးသည် တွေကတော့ ဦးတရုတ်ကြီးလို့ ခေါ်ကြသလို အဘကျင်တိတ်လို့ လည်း ခေါ်ကြပါတယ်။ နှစ်ဖက်ပိတ်နေတဲ့မျက်လုံး၊ အသားနီစပ် စပ်၊ ဆံပင်တိုတိုဖြူဖြူနဲ့ တစ်မျက်နှာလုံးဟာ ပပ်ကြားအက်မြေလို တွန့်လိပ်နေတဲ့ ပါးရေနားရေတွေဟာ ဦးကျင်တိတ်ရဲ့ဇရာကို ဖော်ပြနေပါတယ်။
ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ကျင်လည်ပြီး အလှူခံစားတာ နှစ်ပေါင်း ၄၀ နီးပါးရှိနေပြီလို့ အသက် ၇၃ နှစ်အရွယ် ဦးကျင် တိတ်က ဆိုပါတယ်။ ဒီနေ့အချိန်အထိ ကိုယ်ထူကိုယ်ထရှာဖွေ စားသောက်နေတာဖြစ်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်ဌာနဆီကမှ အကူအညီ မရခဲ့ဖူးဘူးလို့ သူကဆိုပါတယ်။
““အဖွဲ့အစည်းဆိုတာက ပုံသေကားကျ တွက်ထားလို့ရ တော့ မရဘူးပေါ့၊ ကြုံကြိုက်ရင်တော့ ရမှာပေါ့၊ မိမိကိုယ်ကိုယ် အားထားရာပဲ””လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဦးကျင်တိတ်လိုမသန်စွမ်းသက်ကြီးရွယ် အိုအချို့ဟာ လူမှုအသိုင်းအ၀ိုင်းကနေ လုံလောက်တဲ့အကူအညီ မရကြသလို အပစ်ပယ်ခံလိုဖြစ်နေတဲ့ အခြေအနေမှာ ရှိနေပါ တယ်။ မသန်စွမ်းသက်ကြီးရွယ်အိုအချို့ဟာ ဘ၀ရပ်တည်ရေး အတွက် လမ်းပေါ်မှာ တောင်းရမ်း စားသောက်နေကြရသလို တချို့ကလည်း ကိုယ်ထူကိုယ်ထ ရုန်းကန်နေရပြီး အသိမိတ်ဆွေ တွေဆီက တစ်ပိုင်တစ်နိုင် အကူအညီယူနေကြရပါတယ်။
မသန်စွမ်းသူများအရေး လုပ်ဆောင်နေကြတဲ့ အသင်းအဖွဲ့ တွေ ကိုယ်တိုင်က သူတို့အရေးကို မေ့လျော့နေကြသလို ဘိုးဘွား ရိပ်သာတွေမှာလည်း ၀န်ထမ်းအင်အား နည်းပါးတာကြောင့် မသန်စွမ်းသက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးဖို့ စိန် ခေါ်မှုတွေရှိနေဆဲပါ။
ဒါကြောင့် အစိုးရအနေနဲ့ မူဝါဒကောင်းတွေဖော်ဆောင်ပြီး မသန်စွမ်းသက်ကြီးရွယ်အိုတွေကို အကူအညီပေးဖို့ လိုအပ်နေ တယ်လို့ မသန်စွမ်းအရေးဆောင်ရွက်သူတွေနဲ့ သက်ကြီးရွယ် အိုစောင့်ရှောက်ရေးအသင်းတွေက ဆိုကြပါတယ်။
ဒါပေမဲ့ မသန်စွမ်းသက်ကြီးရွယ်အိုတွေအတွက် အကူ အညီပေးဖို့ အစိုးရက အထူးချမှတ်ထားတဲ့““မူဝါဒတွေ လုံးဝတစ် ခုမှ မရှိဘူး”” လို့ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ဥက်္ကဋ္ဌ ဦးမြတ် သူဝင်းက ဆိုပါတယ်။ သူဟာ မသန်စွမ်းသူများအရေး ဆောင် ရွက်နေသူဖြစ်သလို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မသန်စွမ်းသူများ ဆိုင်ရာဥပဒေ ရေးဆွဲရာမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
သက်ကြီးရွယ်အိုဆိုတာကတော့ အသက် ၆၀ အထက်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဆိုလိုပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံမှာ အသက် ၆၀ အထက် သက်ကြီးရွယ်အို ဦးရေဟာ လေးသန်းဝန်းကျင်ရှိပြီး အဲဒီထဲက တစ်သန်းဝန်းကျင် ဟာ မသန်စွမ်းသက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ ဆိုထားပါတယ်။
၂၀၁၇ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ နည်း ဥပဒေအရ မသန်စွမ်းမှုအမျိုးအစားကို လေးမျိုး ခွဲခြားထားပါ တယ်။ အမြင်အာရုံချို့ယွင်းအားနည်းသူ၊ အကြားအာရုံ ချို့ယွင်း အားနည်းသူ၊ ကိုယ်အင်္ဂါ ချို့ယွင်းအားနည်းသူ၊ ဉဏ်ရည်ချို့ယွင်း အားနည်းသူ ဆိုပြီး ဖြစ်ပါတယ်။
တစ်ပိုင်တစ်နိုင်အကူအညီနဲ့ ရပ်တည်
မြောက်ဒဂုံမြို့နယ်ထဲက ဦးမောင်မောင်မျိုးတို့ လင်မယား ဆိုရင် ခါးအောက်ပိုင်းသေနေတဲ့ မသန်စွမ်းသက်ကြီးတွေဖြစ်ပြီး မိဘတွေ မရှိတော့တဲ့နောက်ပိုင်း အသိမိတ်ဆွေ အကူအညီတွေ ရယ်၊ သူတို့လုပ်အားနဲ့ ဘ၀နေထိုင်ရပ်တည်နေတာ ၂၅ နှစ်ကျော် ရှိနေပါပြီ။
ဦးမောင်မောင်မျိုး အသက် ၂၀ ကျော်ဝန်းကျင်လောက်မှာ ယာဉ် မတော်တဆမှုကြောင့် ခါးအောက်ပိုင်း သေသွားတာဖြစ်ပြီး ရင်ဘတ်အောက်ပိုင်းကစပြီး ဘာအထိ အတွေ့မှမသိရတော့ပါ ဘူး။ သူ့ဇနီးဒေါ်ချိုချိုဆိုင်ကလည်း အသက် ၂၆ နှစ်အရွယ်မှာ ယာဉ်တိုက်မှုတစ်ခုအတွင်း ခါးရိုးကျိုးခဲ့ပါတယ်။ အခုအချိန်မှာ တော့ ဒူးအောက်ပိုင်းတစ်ခုလုံး ထုံကျဉ်နေတယ်လို့ သူက ဆိုပါ တယ်။ သူတို့နှစ်ယောက်လုံးရဲ့ ခြေထောက်နှစ်ဖက်စလုံးဟာ ဖြူဖြူဖွေးဖွေးနဲ့ သေးသေးသွယ်သွယ်ပဲ ကျန်ပါတော့တယ်။
ဦးမောင်မောင်မျိုးဟာ အသက် ၄၀ ကျော်အထိ ဘီးတပ် ကုလားထိုင်နဲ့ သွားလာနိုင်ပေမယ့် အဲဒီနောက်ပိုင်း အစာအိမ် ရောင် ရောဂါ ရှိတာကြောင့် အိပ်ရာပေါ်မှာ ပက်လက်သာနေပြီး ဆန်ပြုတ်ပဲသောက်လာတာ ရှစ်နှစ်ရှိပြီလို့ ဒေါ်ချိုချိုဆိုင်က ပြော ပြပါတယ်။ အသက် ၇၀ အရွယ် ဒေါ်ချိုချိုဆိုင်ကလည်း နှစ်ပေ ပတ်လည်ပျဉ်ပြားကို ဘီးတပ်ထားတဲ့ လှည်းကို အသုံးပြုပြီး အိမ်ထဲမှာ သွားလာရင်း အိမ်မှုကိစ်္စတွေကို လုပ်ပါတယ်။

Photo-Banyar Kyaw ဦးမောင်မောင်မျိုးနှင့်သူ့ဇနီး ဒေါ်ချိုချိုဆိုင်
သူတို့နှစ်ဦးလုံးဟာ အောက်ပိုင်းအာရုံကြောသေနေတာ ကြောင့် ဆီးဝမ်းပြဿနာရှိသူတွေဖြစ်ပါတယ်။ ဦးမောင်မောင်မျိုး က အချိန်တိုင်း ဆီးဘူးဆောင်ထားရပြီး ဒေါ်ချိုချိုဆိုင်ကတော့ နေ့ခင်းဘက်တွေမှာ ဆီးဝမ်း သိပ်မသွားပေမယ့် ညအိပ်ချိန်တွေ မှာ ဆီးအလိုလိုသွားတာကြောင့် တစ်ညကို ထဘီအခင်းခြောက် ထည်လောက် လဲရတယ်လို့ သူ့တို့အဖြစ်ကို ပြောပြပါတယ်။
သူတို့ ပြောင်းရွှေ့နေတဲ့ရပ်ကွက်ထဲက သူငယ်တန်း၊ အလယ်တန်းကလေးတွေကို တစ်လသုံးထောင်ကျပ်နဲ့ စာသင် ပေးတာဟာ သူတို့ရဲ့ အဓိက၀င်ငွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရတဲ့ ၀င်ငွေခြောက်သောင်းကလည်း ပုံမှန်မဟုတ်လို့ အိမ်လခ တစ် သိန်းနဲ့ ဆေးဖိုးဝါးခတွေလည်း ရှိတာကြောင့် လုံလောက်မှု မရှိဘူးလို့ ဦးမောင်မောင်မျိုးက ညည်းတွားပါတယ်။
““အိမ်လခက ပြဿနာ။ အခုဆို တစ်သိန်း။ အဲဒီတော့ (တစ်ပိုင်တစ်နိုင်) အကူအညီတွေကို စိတ်ချလက်ချထားလို့ မရ ဘူး””လို့ အသက် ၆၆ နှစ် အရွယ် ဦးမောင်မောင်မျိုးက ဆိုပါတယ်။
ဒါကြောင့် သူ့အနေနဲ့ကတော့ အိမ်စရိတ်အတွက် ရနိုင် သမျှ အကူအညီကို တောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိ မှာတော့ သူတို့ရပ်တည်နေထိုင်ရေးအတွက် မင်္ဂလာမောင်မယ် စာစောင်ထံက တစ်လသုံးသောင်း အကူအညီ ရယူထားသလို သူ ငယ်ချင်းမိတ်ဆွေတွေရဲ့ တစ်ပိုင်တစ်နိုင် ငွေကြေးအကူအညီ ပံ့ပိုး မှုကလည်း သူတို့နေထိုင်ရပ်တည်ရေး အတွက် အဓိကကျတယ်လို့ သူက ပြောပါတယ်။
သူငယ်ချင်းမိတ်ဆွေတွေမှာလည်း သူတို့လူမှုစီးပွားအခြေအနေရှိတာကြောင့် တစ်ပိုင်တစ်နိုင်အကူအညီထက် ခိုင်မာမှုပို သေချာတဲ့အဖွဲ့အစည်းတွေရဲ့ အကူအညီကို ပိုမျှော်လင့်တယ်လို့ ဆိုပါတယ်။
““ရနိုင်သလောက် အကူအညီကိုတော့ မရှက်မကြောက်ဘဲ တောင်းရမှာလေ”” လို့ ဦးမောင်မောင်မျိုးက အိပ်ရာပေါ်မှာ လှဲ နေရင်း ဆိုပါတယ်။
သူတို့နှစ်ယောက်ရပ်တည်ရေးအတွက် မသန်စွမ်းအသင်း အဖွဲ့ တချို့ဆီကို ဆက်သွယ်ကြည့်ဖူးပေမယ့် ထောက်ပံ့ဖို့ အစီ အစဉ်မရှိဘူးဆိုပြီး ငြင်းပယ်ခံရဖူးတယ်လို့ သူက ဆက်ပြောပါတယ်။

Photo-Banyar Kyaw Save the Aged ရိပ်သာတွင်တွေ့ရသည့်မသန်စွမ်းသက်ကြီးဘိုးဘွားတစ်ဦး
““ခေါင်းစဉ်မရှိရင်လည်း ဒီလိုလူတွေ ရှိတယ်ဆိုပြီး အထောက် အပံ့ရဖို့ အလှူရှင်တွေနဲ့ မဆက်သွယ်ပေးသင့်ဘူးလားပေါ့၊ မသန်စွမ်းတစ်ယောက်အနေနဲ့ နည်းနည်းပါးပါး ငဲ့ပေးဖို့တော့ ကောင်းတာပေါ့””လို့ သူက ပြောပါတယ်။
မသန်စွမ်းအချင်းချင်းတောင် မေ့နေကြ
ဦးမြတ်သူဝင်းရဲ့အဆိုအရ မသန်စွမ်းအရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေကိုယ်တိုင် မသန်စွမ်းသက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရေးအတွက် မေ့နေကြတယ်လို့ ဆိုပါတယ်။ မသန်စွမ်းဥပဒေတွေ၊ နည်းဥပဒေတွေ ရေးဆွဲတုန်းမှာ မသန်စွမ်း အမျိုးသမီးအခွင့်အရေးနဲ့ မသန်စွမ်းကလေးသူငယ်အခွင့်အရေး ကိုသာ ဦးစားပေးနေကြတာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
အကြောင်းကတော့ ၁၀ နှစ်သားအရွယ် ကလေးတစ်ဦး ဟာ အသက် ၅၀ ကျော်လူကြီးတစ်ဦးထက်စာရင် နောက်အနှစ် ၅၀၊ ၆၀ကျော်ထိ ဆက်အသက်ရှင်သန်ရမှာဖြစ်လို့ ကလေး သူငယ်အရေးကို ဦးစားပေးလိုက်တာဖြစ်တယ်လို့ သူကဆို ပါတယ်။
““နောက်မှာ ရှိတဲ့ကလေးတွေကို ဆွဲတင်နေပေမယ့် ရှေ့မှာ ရှိနေတဲ့ မသန်စွမ်းတွေအတွက် ထည့်သွင်းမစဉ်းစားမိဘူး””လို့ ဦးမြတ်သူဝင်းက ဆိုပါတယ်။
ဒါကြောင့် မသန်စွမ်းသူများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့ အခြားနည်းဗျူဟာတွေ ရေးဆွဲတုန်းမှာ သက်ကြီး မသန် စွမ်းတွေအတွက် အထူးစဉ်းစားရေးဆွဲဖို့ အားနည်းခဲ့တာကို စိတ် မကောင်းဖြစ်ရတယ်လို့ သူက ဆိုပါတယ်။
ဘိုးဘွားရိပ်သာတွေလည်း လက်မခံကြ
မြန်မာနိုင်ငံဟာ ရှေးကတည်းက မိသားစု စုပေါင်းနေထိုင် တဲ့ စနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ခိုကိုးရာမဲ့သက်ကြီး ရွယ်အိုတွေကို စောင့်ရှောက်ဖို့ ၁၉၁၅ ၀န်းကျင်လောက်မှာ ပိုး ကုန်သည်ဒေါ်ဦးဇွန်းက စစ်ကိုင်းမြို့မှာ မင်းကွန်းဘိုးဘွားရိပ်သာ ကို စတင်တည်ထောင်ခဲ့တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၀က်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာအရ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေက တည်ထောင်ထားတဲ့ ဘိုးဘွားရိပ်သာပေါင်း ၈၃ ခုရှိပြီး မှတ်ပုံမတင်ရသေးတာတွေလည်း ရှိသေးတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနရဲ့ စာရင်းဇယားတွေက ဆိုထားပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုထားတဲ့ ရိပ်သာ တွေဟာ ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မ်္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီနဲ့ နေပြည်တော်တို့မှာ တည်ရှိပြီး ဘိုးဘွားပေါင်း ၃,၀၀၀ ၀န်းကျင်ကို စောင့်ရှောက်ပေး လျက်ရှိတယ်လို့ ဆိုပါတယ်။

Photo-Banyar Kyaw သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီးရပ်ကွက်ထဲတွင် ကိုယ်ထူကိုယ်ထ ဘဝရပ်တည်နေသည့် အမြင်အာရုံ မသန်စွမ်းသူများ
ဘိုးဘွားရိပ်သာ ဆိုတာကတော့ စီးပွားရေးအလို့ငှာဖြစ်စေ၊ စေတနာ့ဝန်ထမ်းပရဟိတဖြစ်စေ သက်ကြီးရွယ်အိုတွေအတွက် နားခိုရာရိပ်သာ၊ စားသောက်နေထိုင်မှု၊ လူမှုရေးစောင့်ရှောက်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ထောက်ပံ့ပေးနေတဲ့ နေရာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီရိပ်သာတွေမှာ မသန်စွမ်းသက်ကြီးတွေကို တော့ မသန်စွမ်းမှုအကြောင်းပြုပြီး လက်မခံကြဘူးလို့ မသန်စွမ်း အရေး ဆောင်ရွက်သူတွေနဲ့ ဘိုးဘွားစောင့်ရှောက်သူတွေက ဆိုကြပါတယ်။
သန်လျင်မြို့နယ်ထဲက သဘာဝတရားရိပ်သာရဲ့ ဥက်္ကဋ္ဌ ဦးဘိုဘိုတင်ရဲ့ အဆိုအရတော့ ဘိုးဘွားရိပ်သာတွေကလည်း အလှူရှင်အားနဲ့ ရပ်တည်တာဖြစ်လို့ မသန်စွမ်းသက်ကြီးရွယ် အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေကို လက်ခံဖို့ ခက်ခဲတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
ရိပ်သာတစ်ခုမှာ ကျန်းမာတဲ့ဘိုးဘွား ၁၀ ဦးကို ပြုစုဖို့ စေတနာ့ဝန်ထမ်းတစ်ဦးသာ လိုအပ်ချိန်မှာ မသန်စွမ်းဘိုးဘွား တစ်ယောက်အတွက်တော့ ပြုစုပေးဖို့ အကူနှစ်ယောက် ထပ်လို အပ်တာကြောင့် မသန်စွမ်းသက်ကြီးဘိုးဘွားတွေဟာ ကန့်သတ် ခံနေရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
၁၉၃၃ က တည်ထောင်ခဲ့ပြီး သက်ကြီးဘိုးဘွား အယောက် ၁၈၀ နဲ့ ၂၀၀ ကြား ပြုစုစောင့်ရှောက်ပေးနေတဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာဆိုရင် လက်ခံတဲ့ ဘိုးဘွားအရည်အချင်းသတ်မှတ် ချက်မှာ လူမတွဲ၊ တောင်ဝှေး မထောက်ရဘဲ သွားလာနိုင်သူ ဖြစ် ရမယ်လို့ ဆိုထားတာကြောင့် မသန်စွမ်းဘိုးဘွားဆိုရင် လက်မခံ နိုင်သေးဘူးလို့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဒေါ်ခင်တင့်က ဆိုပါတယ်။
လက်ရှိ ဒီရိပ်သာမှာတော့ သွားလာနိုင်တဲ့ဘိုးဘွား ၁၇၀ ကို အဓိကလက်ခံထားတာဖြစ်ပြီး ရိပ်သာကိုရောက်ပြီးမှ ““အသက်ကြီးလာလို့ ဖြစ်လာတဲ့ အိုနာကိုတော့ ရိပ်သာကြီးက တာဝန်ခံတယ်””လို့ သူက ဆိုပါတယ်။
သူတို့အနေနဲ့ မသန်စွမ်းသက်ကြီးတွေကို လက်ခံမယ်ဆို ရင် ဆေးရုံ၊ ဆေးခန်းတွေနဲ့ သူနာပြုတွေ အများကြီးလိုအပ်မှာဖြစ် လို့ လက်ရှိရိပ်သာရဲ့ အခြေအနေနဲ့ မဖြစ်နိုင်ဘူးလို့ သူက ဆိုပါ တယ်။ လက်ရှိ သူတို့ရိပ်သာကို အစိုးရက လူတစ်ဦးစီအတွက် တစ်နှစ်စာ ဆန်ဖိုး ၁၁,၂၅၀ ကျပ် ထောက်ပံ့ထားတာတော့ ရှိ တယ်လို့ ဆိုပါတယ်။ ကျန်အ၀တ်အစား၊ ဆေးဖိုးနဲ့ အာဟာရ အသုံးအဆောင်တွေကို ရိပ်သာက ပံ့ပိုးထားတာဖြစ်တယ်လို့ သူ က ဆက်ပြောပါတယ်။
ဘိုးဘွားတွေကို ပြင်ပသူနာပြုသင်တန်းကျောင်းက သင် တန်းသားတွေလာပြီး လေ့ကျင့်ရေးဆင်းတဲ့အနေနဲ့ နေ့ပိုင်းမှာ လာရောက်ပြုစုပေးတာဖြစ်ပြီး ညဘက်တွေမှာ ရိပ်သာက ခန့် ထားတဲ့ သူနာပြု ၁၂ ဦးလောက်ပဲရှိတယ်လို့ သူကပြောပြပါတယ်။
ရန်ကုန်တိုင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေအတွက် စံနမူနာပြရန် တစ်ခုတည်း ဖွင့်ထားတဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာမှာတောင် မသန်စွမ်းသက်ကြီးဘိုးဘွားတွေကို လက်ခံနိုင်တဲ့ အခြေအနေမှာ မရှိသေးဘူးလို့ ဆိုပါတယ်။
သန်လျင်မြို့နယ်ထဲက သဘာဝတရားရိပ်သာမှာတော့ ခိုကိုးရာမဲ့လူ ၃,၀၀၀ကျော်ကို လက်ခံထားတဲ့အပြင် မသန် စွမ်းသူ ၁၀၀ ၀န်းကျင်ကိုပါ လက်ခံထားတယ်လို့ ဥက်္ကဋ္ဌ ဦးဘိုဘို တင်က ဆိုပါတယ်။ ရိပ်သာမှာတော့ မသန်စွမ်းရယ်လို့ဆိုပြီး ထူး ထူးခြားခြား ကူညီစောင့်ရှောက်တာမျိုးမဟုတ်ဘဲ အားလုံး တန်း တူဖြစ်တာကြောင့် အလှူရှင်ရှိရင် ရှိသလို ကြက်သား၊ ကြက်ဥ၊ ဘဲဥတို့ စားရတာမျိုး ရှိသလို အလှူရှင် မရှိရင်တော့ ချဉ်ရည်ဟင်း နဲ့ထမင်းပဲ ကျွေးမွေးနိုင်တာဖြစ်တယ်လို့ အဆောင်မှူးတချို့က ပြောပြပါတယ်။
အမြင်အာရုံမသန်စွမ်းတဲ့ ဒေါ်တင်ဆန်းဆိုရင် ဒီရိပ်သာကို ၂၀၁၄ တည်းက အသက် ၈၀ အရွယ်မိခင်နဲ့အတူ ရောက်လာတာ ဖြစ်ပါတယ်။ ဒေါ်တင်ဆန်းဟာ အရင်တုန်းက သာကေတမြို့နယ် ထဲမှာ အလယ်တန်းကျောင်းဆရာမ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ငယ်ငယ်ကတည်းက မျက်စိအားနည်းသူဖြစ်လို့ မျက်မှန်ပါဝါ ၁,၁၀၀ ထိတပ်ခဲ့ရပြီး မီးယပ်သွေးဆုံးချိန်မှာ အမြင်လွှာ တစ် ဖက်စီ ကွာကျခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
ကျောင်းကပေးတဲ့ ကရုဏာကြေးကျပ်သိန်း ၂၀ ကျော်နဲ့ မျက်စိကို သုံးကြိမ်ထိ ခွဲစိတ်ခဲ့ပေမယ့် ဝေဒနာ မပျောက်ကင်းခဲ့ဘူး လို့ သူကဆိုပါတယ်။ အားကိုးစရာ ဆွေမျိုးသားချင်းကလည်း အလှမ်းဝေးကြသလို ရထားတဲ့ကရုဏာကြေးကလည်း သား အမိနှစ်ယောက် စားသောက်ရင်း ကုန်လာတာကြောင့် ငွေမရှိတဲ့ အခါ စားဝတ်နေရေးခက်ခဲလာတဲ့အပြင် အိမ်ခန်းငှားခပါ မတတ် နိုင်တော့တာကြောင့် ဒီရိပ်သာကို ရောက်လာတာဖြစ်တယ်လို့ သူကဆိုပါတယ်။
အသက် ၆၀ မပြည့်ခင် ကျောင်းက အလုပ်နားလိုက်တာ ဖြစ်လို့ ပင်စင်လည်း ခံစားခွင့်မရှိသလို သူ့အတွက် ၀င်ငွေလည်း မရှိပါဘူး။ သူတို့သားအမိ ပိုင်ဆိုင်ထားတာဆိုလို့ ပစ်္စည်းတိုလီ မုတ်စတွေထည့်ထားတဲ့ အထုပ်သုံးထုပ်ပဲ ရှိတယ်လို့ အသက် ၆၃ နှစ်အရွယ် ကျောင်းဆရာမဟောင်း ဒေါ်တင်ဆန်းက ပြော ပါတယ်။
နေရေးအတွက် အဆင်ပြေပေမယ့် ဒေါ်တင်ဆန်းရဲ့ မိခင် ဖြစ်သူဟာ ခရမ်းသီးဟင်း၊ ဘဲဥဟင်းတွေနဲ့ မတည့်တာကြောင့် ဗိုက်နာပြီး အိမ်သာ ခဏဏတက်ရလို့ အစာကို သိပ်မစားတော့ ဘဲ ဥပုသ်ပဲ စောင့်တယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ခါ အလှူရှင် တွေက ပေးတဲ့ အင်္ကျီအသစ်တွေကို ၅၀၀၊ ၁,၀၀၀ လောက်နဲ့ ပြန် ရောင်းပြီး အမေအတွက် ဟင်းဝယ်ကျွေးဖြစ်တယ်လို့ ဆိုပါတယ်။ မော်ကွန်းနဲ့တွေ့ဖြစ်တဲ့နေ့ကတော့ ငါးစင်ရိုင်းဟင်းက အရိုးများ တာကြောင့် သူ့အမေက ထမင်းမစားဘဲ အလှူရှင်တွေပေးထားတဲ့ ကိတ်ခြောက်မုန့်ကို စားနေပါတယ်။
““စိတ်ပူတာကလည်း ပူရုံပဲရှိမယ်၊ အမေကလည်း အသက် က အတော်ကြီးနေတော့ ဘယ်လိုပြောမလဲ၊ တရားပဲ ရှုမှတ်နေရ တာပေါ့””လို့ ဒေါ်တင်ဆန်းက ညည်းတွားပါတယ်။
သူ့အနေနဲ့တော့ ကံတရားက ရှေ့မှာ ဘယ်လိုဖန်တီးမလဲ မသိတဲ့အတွက် နောင်ဘ၀ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့ အခု အချိန်မှာတော့ တရားဓမ်္မ အားထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆိုပါတယ်။
အစိုးရ ဘာလုပ်နေလဲ
လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဩန်ကြားရေးမှူးချုပ် ဒေါ်စန်း စန်းအေးက ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ မသန်စွမ်း သက်ကြီးတွေအပါအ၀င် အသက် ၉၀ အထက်ရှိ သက်ကြီးရွယ်အို လေးသောင်းဝန်းကျင်ကို လူမှုရေးပင်စင်အနေနဲ့ တစ်လကျပ် တစ်သောင်းစီကို သုံးလတစ်ကြိမ် ထောက်ပံ့ခဲ့ရာ စုစုပေါင်း ထောက်ပံ့ငွေကျပ် သန်းလေးထောင့်ငါးရာကျော် ပေးခဲ့တယ်လို့ ပြောပါတယ်။ အစိုးရထောက်ပံ့ခဲ့တဲ့ ဒီပမာဏဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၉၀ ကျော် အရွယ် ဘိုးဘွားဦးရေရဲ့ ထက်ဝက်ကျော်ကို ထောက်ပံ့ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ အသက် ၈၅ အထက်ရှိ သက်ကြီးရွယ်အိုတွေ လူမှုရေးပင်စင် စပေးတော့ မယ်လို့ သူကဆိုပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို နှစ် သိန်းနှစ်သောင်းကျော် ရှိပါတယ်။ လူမှုရေးပင်စင် ဆိုတာကတော့ သက်ကြီးရွယ်အိုတွေကို အသက်အပိုင်းအခြားအလိုက် လူမှုကာ ကွယ်စောင့်ရှောက်ရေးအတွက်ထောက်ပံ့ကြေးပေးတာပဲဖြစ် ပါတယ်။
သက်ကြီးပင်စင်လျှောက်ထားလိုတဲ့ ဘိုးဘွားတွေအနေနဲ့ ၂၀၁၇ ဧပြီမှာ အသက် ၉၀ ပြည့်ပြီးသူဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကတစ်ဆင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ လူမှုရေးပင်စင် လျှောက်ထားသူ နည်းပါး နေလို့ နယ်ဒေသတွေမှာ ကွင်းဆင်းစစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ မှတ်ပုံတင်ထားတဲ့ ရိပ်သာ တွေကို အဆင့်သုံးဆင့်ခွဲထားပြီး ထောက်ပံ့ပေးတယ်လို့ဆိုပါ တယ်။ ပထမအဆင့်ရိပ်သာတွေကို လူတစ်ဦးအတွက် တစ်နှစ်စာ ဆန်ဖိုး၊ ဒုတိယအဆင့် ရိပ်သာတွေကို ဆန်ဖိုးနဲ့ အ၀တ်အစား စရိတ်တို့ ထောက်ပံ့ပြီး တတိယအဆင့်ရိပ်သာတွေကို ဆန်ဖိုး၊ အ၀တ်အစားစရိတ်နဲ့ ဂေဟာမှူးလစာအပါအ၀င် ကျပ်နှစ်သိန်း ၀န်းကျင် ထောက်ပံ့တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ၀က်ဘ် ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မသန်စွမ်းသက်ကြီးဘိုးဘွားတွေအတွက် သီးသန့် ထောက်ပံ့တဲ့ အစီစဉ်မလုပ်နိုင်သေးဘူးလို့ ဩန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ဆိုပါတယ်။
ဦးဘိုဘိုတင်ရဲ့ အဆိုအရ အရင်အစိုးရလက်ထက်မှာရော၊ အခုအစိုးရလက်ထက်မှာပါ မသန်စွမ်းဘိုးဘွားတွေနဲ့ သက်ဆိုင် တဲ့အစီအစဉ်တွေ ဘာတစ်ခုမှမရှိဘူးလို့ ထောက်ပြပါတယ်။
အစိုးရဌာနတွေကလည်း သူတို့ဆီက ခိုကိုးရာမဲ့ ဘိုးဘွား တွေကို စစ်တမ်းကောက်တာမျိုး မရှိသလို၊ သူတို့ကို ဘယ်လို အစီအစဉ်နဲ့ ပြုစုစောင့်ရှောက်ကြမလဲဆိုပြီး လာဆွေးနွေးတာ လည်း မရှိတဲ့အပြင် ရိပ်သာအနေနဲ့ ခိုကိုးရာမဲ့ကလေးတွေက အစ သက်ကြီးရွယ်အိုတွေအဆုံး လူအများကြီးကို လက်ခံထားတဲ့ အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ““ဘယ်မှာလဲ မှတ်ပုံ တင်တွေ၊ ဧည့်စာရင်းတွေ ဆိုပြီး”” အရေးယူမှုတွေကို ရင်ဆိုင်ဖြေ ရှင်းနေရတယ်လို့ သူက ညည်းတွားပါတယ်။
အစိုးရရဲ့ ပံ့ပိုးမှုမရရင်တော့ ဘိုးဘွားရိပ်သာတွေမှာ ခိုကိုး ရာမဲ့တွေ များလာပြီး တဖြည်းဖြည်း ၀န်ပိလာနိုင်တဲ့ အခြေအနေ မှာ ရှိတယ်လို့ သူကဆိုပါတယ်။
ဒုတိယက်္ဘာစစ်တုန်းက အဏုမြူဗုံးဒဏ်ကြောင့် မသန် စွမ်းသူတွေ များပြားတဲ့ ဂျပန်နိုင်ငံမှာဆိုရင် မသန်စွမ်းသူတွေ ပြန်လည်ထူထောင်ရေးကို ရိပ်မြုံ၊ ဂေဟာစနစ်တွေနဲ့ စောင့် ရှောက်ခဲ့တာဟာ ၁၉၉၀ ၀န်းကျင်လောက်မှာ အားကောင်းခဲ့ တယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ ဥက်္ကဋ္ဌ ဦးနေလင်းစိုးက သူ့ရဲ့ နိုင်ငံတကာ အတွေ့အကြုံကို ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာတော့ ဘိုးဘွားရိပ်သာတွေ တည်ထောင် ခဲ့တာ ရာစုနှစ်ချီကြာခဲ့ပေမယ့် တစ်နိုင်တစ်ပိုင် အခြေအနေသာ ရှိပြီး ဂျပန်နိုင်ငံမှာတော့ ရိပ်သာတစ်ခုမှာ လူဦးရေ ၃၀၀ ကနေ ၇၀၀ အထိလက်ခံနိုင်တဲ့အခြေအနေမှာရှိတယ်လို့ သူက ဆို ပါတယ်။
အကျိုးဆက်အနေနဲ့ နိုင်ငံတော်ထောက်ပံ့စရိတ်အကုန် အကျ များလာပြီး လူအိုရုံတွေကိုအတင်းပို့ခံလိုက်ရတဲ့ မသန်စွမ်း သက်ကြီးတွေဟာလည်း ဘ၀တူတွေနဲ့ ရိပ်သာရဲ့ စည်းကမ်း ဘောင်အောက်မှာ နေထိုင်ရင်း စိတ်ပိုင်းဆိုင်ရာ အထီးကျန်လာ တယ်လို့ သူက ရှင်းပြပါတယ်။
““နေ့စဉ် လူသားဖြစ်ခြင်း တန်ဖိုးတွေက နည်းတာပေါ့၊ ဆုံး ရှုံးတယ်လို့ သတ်မှတ်ကြတယ်””လို့ သူက ဆိုပါတယ်။
၂၀၀၅ ၀န်းကျင်လောက်မှာတော့ လူအိုရုံတွေ ဆောက်ရာ မှာ အသုံးပြုမယ့်ငွေတွေကို ရပ်ရွာအခြေပြု ပြန်လည်ထူထောင် ရေးတွေမှာ အသုံးမပြုနိုင်ဘူးလားဆိုတဲ့ အတွေးအခေါ်အသစ် ၀င်လာတဲ့အခါမှာတော့ ဂျပန်နိုင်ငံဟာ လူအိုရုံတွေ၊ ရိပ်သာတွေ ကို ပယ်ဖျက်ဖို့ ကြိုးစားလာကြသလို ရပ်ရွာအခြေပြုစောင့်ရှောက် မှုတွေကို အကောင်အထည်ဖော်နေကြတယ်လို့ သူက ရှင်းပြ ပါတယ်။
ရပ်ရွာအခြေပြု စောင့်ရှောက်မှုဆိုတာကတော့ သက်ကြီး ရွယ်အိုတွေ အချင်းချင်းဖြစ်စေ၊ မိသားစုကဖြစ်စေ၊ စေတနာ့ ၀န် ထမ်း (သို့) အခကြေးငွေယူပြီး ၀န်ဆောင်မှုပေးသူတွေ အပါ အ၀င် မိသားစုဝင်မဟုတ်တဲ့ အခြားစောင့်ရှောက်သူတွေက အိမ် တိုင်ရာရောက် စောင့်ရှောက်ပေးတာ (သို့) ရပ်ရွာပြည်သူလူထု အတွင်း စောင့်ရှောက်ပေးတာကို ဆိုလိုပါတယ်။
ဘယ်လိုဖြေရှင်းကြမလဲ
မသန်စွမ်းအရေး ဆောင်ရွက်သူတွေကတော့ မသန်စွမ်း သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကြေး တိုက်ရိုက်ပေးနေတာ ထက် မသန်စွမ်းသက်ကြီးသူတွေ ကိုယ်တိုင်ပါဝင်ပြီး မြှင့်တင် နိုင်တဲ့ အစီအစဉ်တွေမှာ ဖြစ်ဖြစ်၊ မသန်စွမ်းသက်ကြီးတွေကို ပြုစုစောင့်ရှောက်ဖို့ စိတ်ပါဝင်စားတဲ့ ပရဟိတအသင်းအဖွဲ့တွေ မှာဖြစ်ဖြစ် ဘတ်ဂျက်(ရန်ပုံငွေ) ကို ပိုပြီး သုံးစွဲသင့်တယ်လို့ ဆို ကြပါတယ်။
ဒါ့အပြင် သက်ကြီးမသန်စွမ်းတစ်ယောက်ကို လတိုင်း ထောက်ပံ့ကြေးပေးတာထက်စာရင် သူတို့နဲ့ အနီးကပ်ဆုံးရှိနေတဲ့ မိသားစုဝင်ငွေ ရတဲ့နေရာမှာဖြစ်ဖြစ်၊ တစ်ပိုင်တစ်နိုင် အသက် မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံပေးသင့် တယ်လို့ ဦးနေလင်းစိုးက ထောက်ပြပါတယ်။
အဲဒီလို လုပ်ပေးလိုက်ခြင်းက သူတို့မိသားစုဟာလည်း မသန်စွမ်းသက်ကြီးရွယ်အိုတွေကြောင့် နိုင်ငံတော်ထံက အရင်း အနှီး၊ ပံ့ပိုးမှုတွေ ရတယ်ဆိုရင် ““သေချာတယ်၊ မိသားစုကလည်း သူတို့ကိုပစ်ထားမှာ မဟုတ်ဘူး””လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မသန်စွမ်းအရေးဆောင်ရွက်သူတွေနဲ့ စေတနာ့အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း မသန်စွမ်း သက်ကြီးရွယ်အို ကိစ်္စမှာ ပိုစိတ်ဝင်စားလာအောင် ဆွေးနွေးပွဲတွေ လုပ်ပေးပြီး လူတွေ ပိုသတိမူလာစေဖို့ အသိပညာပေးသင့်တယ်လို့ သူက ဆို ပါတယ်။
ဦးဘိုဘိုတင်ကလည်း သက်ကြီးမသန်စွမ်းအရေးကို နိုင်ငံ တော်အဆင့်ကလုပ်ပေးဖို့ အစီအစဉ်တွေ၊ မူဝါဒတွေ ရှိတယ်လို့ မသန်စွမ်းသက်ကြီးရွယ်အိုတွေ သိရင် ““သူတို့အတွက် ကောက် ရိုးတစ်ပင်၊ ၀ါးတစ်ချောင်းကို ဆုပ်ကိုင်နေရသလို ကြားလိုက်ရင် ၀မ်းသာနေမယ်””လို့ မှတ်ချက်ပေးပါတယ်။
ရန်ကုန်မြို့ပတ်ရထားပေါ်မှာ အနှစ် ၄၀ နီးပါး အလှူခံစား လာတဲ့ ဦးကျင်တိတ်ကတော့ အခု သူ လုပ်နိုင်ကိုင်နိုင်တုန်းမှာ တစ်ရက်ရလာတဲ့ငွေထဲက ကျပ်လေးထောင်လောက်ကို သာ ရေးနာရေးအတွက်နဲ့ သူ မလုပ်နိုင်မကိုင်နိုင်တဲ့အခါ ထုတ်စားဖို့ စုဆောင်းထားဖြစ်တယ်လို့ဆိုပါတယ်။
အရင်အချိန်တွေတုန်းက ရန်ကုန်မြို့ပတ်ရထားပေါ်မှာ တစ်နေကုန်ရှိနေတတ်ပေမယ့် အခုနောက်ပိုင်းမှာ အသက် အရွယ် ရလာတာကြောင့် မနက်ပိုင်းလောက်ကိုပဲ အားတင်းပြီး အလှူခံစားနေရတယ်လို့ သူက ဆိုပါတယ်။ ပုံမှန်ဝင်ငွေဆိုတာမျိုး မဟုတ်ပေမယ့် တစ်မနက်ကို အနည်းဆုံး ငါးထောင်၊ ခြောက် ထောင်ရတာမျိုး ရှိသလိုကံကောင်းတဲ့ရက်တွေမှာ တစ်သောင်း၊နှစ်သောင်းရတဲ့အခါမျိုးလည်း ရှိတယ်လို့ သူက ပြောပြပါတယ်။
အစိုးရက အသက် ၉၀ အထက် သက်ကြီးရွယ်အိုတွေကို တစ်လ တစ်သောင်းပေးနေတာကလည်း လက်ဖက်ရည်တစ်ခွက် ငွေလေး ငါးရာဖြစ်နေတဲ့ခေတ်မှာ ဘာသွားသုံးမလဲလို့ သူက ပြန် မေးခွန်းထုတ်ပါတယ်။
သူ့ဆုံးဖြတ်ချက်ကတော့ ဘယ်အထောက်အပံ့မှ မမျှော် ကိုးတော့ဘဲ သူ့လက် သူ့ခြေပေါ် ရပ်တည်နိုင်သလောက်ထိ ရပ် တည်မှာဖြစ်ပြီး မလုပ်နိုင်တဲ့အခါကျရင် စုဆောင်းထားတာလေး တွေနဲ့ စားသောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ သူက အခုလို ပြောလိုက်ပါတယ်။
““ကုသိုလ်ကံဆိုတာကလည်း ဘာမှပြောလို့မရဘူးလေ။ လုပ်စားနေရင်းနဲ့ သေရင်လည်း သေသွားနိုင်တာပဲ။ သေခြင်း တရားကို ဘယ်သူမှ တိုင်းဆလို့မရတော့ ကျွန်တော်တော့ သိပ် မစဉ်းစားတော့ဘူး””
#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com