ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီစခန်းသုံးခုကို မနေ့ကတိုက်ပွဲတွေအတွင်း သိမ်းယူခဲ့ပြီး ရန်သူ့အလောင်း ၁၅ လောင်းနဲ့ သုံ့ပန်း ၁၆ ဦးအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး(MDY-PDF) က ဒီနေ့ထုတ်ပြန်ပါတယ်။
မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းပိုင်း အနီးမှာရှိပြီး မန္တလေးမြို့အထွက်ကနေ ၁၀ မိုင်လောက်ပဲဝေးတဲ့နေရာတွေက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
မတ္တရာမြို့နယ်၊ မန္တလေး-မြစ်ကြီးနားကားလမ်းဘေးက ထန်းပင်ကုန်း၊ ပုသိမ်ကြီးမြို့နယ်ထဲက သရက်ကိုင်း၊ မြကန်သာ ရွာတွေမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင်သုံ့ပန်း ၁၆ ဦး၊ ဒရုန်းဂျမ်ဘာ ကား တစ်စီး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် လက်နက်ခဲယမ်း အများကြီး ရခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။ ရန်သူ့အလောင်း ၁၅ လောင်းအပြင် ဒဏ်ရာ ရသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ မနေ့တုန်းကလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲအတွင်း MDY-PDF နဲ့ မဟာမိတ်တပ်တွေဘက်က ထိခိုက်၊ကျဆုံးမှုစာရင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်မပြထားပါ ဘူး။ ဒီစစ်ဆင်ရေးကို မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ်(ပကဖ)နဲ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SSTF) တို့က ပူးတွဲဖော်ဆောင်တာလို့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ မြန်မာပြည်အထက်ပိုင်းကို တက်နိုင်တဲ့ ဧရာဝတီမြစ် အရှေ့ဘက်နဲ့ အနောက်ဘက်က ကုန်လမ်းကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လွှမ်းမိုးထိန်းချုပ်သိမ်းဆည်းခြင်းခံထားရတဲ့အတွက် စစ်ကောင်စီဟာ နိုင်ငံအထက်ပိုင်းက သူ့စခန်းတွေကို ရေလမ်းကြောင်းကနေ ထောက်ပံ့ပေးနိုင်ဖို့ ဧရာဝတီမြစ်ရေတိုးနေတဲ့ မိုးတွင်းကာလမှာ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။
ဒီလ ၁၇ ရက်က မန္တလေးမြို့၊ ဂေါဝိန်းဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ တိုက်ခိုက်ရေးယာဉ် ငါးစီးနဲ့ တန်ချိန် ၁,၅၀၀ ခန့် တင်နိုင်တဲ့ ထောက်ပံ့ရေးယာဉ် ခုနှစ်စီးပါ စစ်ကောင်စီသင်္ဘာအုပ်စုဟာ မြစ်အထက်ပိုင်းကို ဒီနေ့အထိ ဆက်လက် ဆန်တက် နေတယ်လို့ ဒီသင်္ဘောအုပ်စုကို စောင့်ကြည့်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။
အဲဒီ စစ်ရေယာဉ်အုပ်စုဟာ မနေ့တုန်းကတော့ သပိတ်ကျဉ်းမြို့နယ်ထဲက ပန်းပင်ရွာမှာ ကမ်းကပ်ထားပြီး အဲဒီရွာနဲ့ ခုနှစ်မိုင် အကွာမှာရှိတဲ့ တွင်းငယ်၊တကက(၁၃) စစ်ကောင်စီစခန်းကို ရိက္ခာနဲ့ လက်နက်ခဲယမ်းဖြည့်တင်းနေတယ်လို့ ဧရာဝတီ မြစ်ကြောင်းထဲက ဒီ သင်္ဘောအုပ်စုကို စောင့်ကြည့်နေသူတချို့က ပြောပါတယ်။
မန္တလေးကနေ စတင်ဆန်တက်လာတဲ့ ကာလအတွင်း စစ်ကောင်စီစစ်သင်္ဘောအုပ်စုဖြတ်သန်းရာ တစ်လျှောက်က မြစ်ကမ်း ဘေး ရွာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် အရပ်သား ၂၀ ဦးထက်မနည်း သေခဲ့ရသလို အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့နဲ့ သတင်းမီဒီယာတချို့က ဖော်ပြထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ဒေသတွေကို ထိန်းချုပ်ထားတဲ့ MDY-PDF ကတော့ အဲဒီ စစ်သင်္ဘောအုပ်စုကို သူတို့ တိုက်ခိုက်ခဲပြီး လတ်တလောမှာ ထောက်ပို့ကုန်စည်တင်ထားတဲ့သင်္ဘောတစ်စီးနစ်မြုပ်သလို စစ်သင်္ဘောတစ်စီးနဲ့ တွန်းသင်္ဘောတစ်စီး မီးလောင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
ဒီသင်္ဘောအုပ်စုကို စစ်ကောင်စီက Y-12၊ Mi-35 အပြင် ဂျက်ဖိုက်တာလေယာဉ်တွေအသုံးပြုကာ ဗုံးကြဲကာကွယ်ပေးပြီး မြစ် အထက်ပိုင်းကို ဆက်လက်ဆန်တက်နေတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
ရေလမ်းကြောင်းအသုံးပြုနိုင်တဲ့ မြစ်အထက်ပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုတော့ ကချင်လွတ်မြောက်ရေးတပ်(KIA) နဲ့ မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာ လပေါင်းများစွာ ကြာမြင့်နေသလို လက်ရှိမှာလည်း ဆက်လက် တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းစာတချို့က ဖော်ပြပါတယ်။

ပုံစာ- မတ္တရာ၊ပုသိမ်ကြီးတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းနဲ့စစ်လက်နက်များ။ MDY-PDF ရဲ့ စစ်ကောင်စီစစ်သင်္ဘောအုပ်စုကို တိုက်ခိုက်နေပုံနှင့် ဧရာဝတီမြစ်အတွင်း မီးလောင်နေသည့် စစ်ကောင်စီရဲ့ ထောက်ပို့သင်္ဘောတစ်စီး။
ဓါတ်ပုံ-MDY-PDF

