မန္တလေး-၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက်အုပ်ချုပ်ရုံးမှူးရုံးကို ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးက ဗုံးနဲ့ပစ်ပေါက်ခဲ့တာကြောင့် ရုံးစောင့်နေတဲ့ စစ်ကောင်စီတပ်တွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။
“အရာခံဗိုလ်နဲ့ တပ်သားတစ်ယောက် မျက်နှာတွေပါထိသွားတယ်၊ သေမယ်ထင်တယ်။ နောက်နှစ်ယောက်ကတော့ရှပ်ထိသွားတာ” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ အစစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီရပ်ကွက်ရုံးကိုဗုံးနဲ့တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မတ် ၂၇ ရက်ကလည်း ၉ လမ်းနဲ့ ၁၀ လမ်းကြား လမ်း ၈၀ မှာရှိတဲ့ အမရဌာနီအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လူတစ်ဦးသေနတ်ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
#Dailynews

