မန္တလေး – ၂၀၂၄ ဧပြီ ၅ (မော်ကွန်း)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်မှာရှိတဲ့ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး ဒီနေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“ပေါက်ကွဲပြီးမကြာဘူး လူနာတင်ကားတွေရောက်လာတယ်။ ဝန်ထမ်းတွေထိတယ်လို့တော့ကြားတယ်။ ခဏနေတော့ ရဲနဲ့စစ်သားတွေရောက်လာပြီး ရုံးထဲကော၊ ကျွဲဆည်ကန် ၁ လမ်းမှာကော စစ်နေကြတယ်” လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ကိုးဦးရှိပြီး သုံးဦးက လဝကရုံးဝန်ထမ်းတွေဖြစ်ပြီး ခြောက်ဦးက ဒေသခံတွေလို့ဆိုထားပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိအချိန်အထိတော့ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တွေကလည်း မဟာအောင်မြေလဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လဝကရုံးနဲ့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေလည်း လာရောက်စစ်ဆေးနေတယ်လို့ ဆိုကြပါတယ်။
မနှစ်က ဩဂုတ် ၁၈ ရက်တုန်းကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် လဝကရုံးဗုံးပေါက်ကွဲမှုဖြစ်ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ-ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ချို့။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် People Media တယ်လီဂရမ်ချန်နယ်။