ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၃ (မော်ကွန်း)
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒီနေ့ မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ပြီးနောက် မြို့ပေါ်တိုက်ပွဲတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒီနေ့မနက် ၄ နာရီခန့်က မန္တလေးမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ဆူညံခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးရှိရာ အောင်မြေသာဇံမြို့နယ်ထဲက နေအိမ်တချို့ပေါ်ကိုလည်း လက်နက်ကြီးကျည်တချို့ ကျရောက်ခဲ့ပါတယ်။
“ တိုက်ပွဲတွေက မတ္တရာတို့၊ မိုးကုတ်တို့ဆီ ရောက်နေပြီဆိုတော့ တစ်ချိန်ချိန်တော့ မန္တလေးမှာလည်း ဖြစ်လာမှာလို့တော့ တွေးထားပါတယ်။ အခုက နည်းနည်းတော့ ပိုပြီး စိုးရိမ်ရတော့မှာပေါ့။ အခုကတော့ ပုံမှန်အတိုင်းတော့ သွားလာနေကြတုန်းပဲ။ ဘယ်အချိန်ရောက်လာမလဲမသိတော့ ကြိုပြင်သင့်ရင်လည်း ပြင်ထားရမှာပေါ့” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်းထဲကတိုက်ပွဲတွေကို ကွပ်ကဲနေပြီး မန္တလေးနန်းတော်ထဲမှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရည်ရွယ်တိုက်ခိုက်တဲ့ ဒီဖြစ်စဉ်ကြောင့် အောင်မြေသာဇံမြို့နယ်ထဲက ၈၆ လမ်း ၊ ၈ လမ်းနဲ့ ၉ လမ်းကြားက နှစ်ထပ်တိုက်နေအိမ်တစ်လုံးပေါ် ၊ လမ်း ၈၀ ၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြားက ကိုရီးယား အကြောပြင်ဆိုင်ရှိရာတိုက်အပေါ်၊ အမှတ် (၄) ရဲစခန်းအနီးနဲ့ မန္တလေးမြို့အဝင် မတ္တရာလမ်းပေါ်က ရွှေကျင်တိုးဂိတ်အနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ကာ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“ ၈၉ လမ်းမှာတော့ အဲဒီ လက်နက်ကြီးကျတဲ့အိမ်က လူတစ်ယောက်ထိသွားတယ်လို့ ကြားလိုက်ရတယ်။ ရွှေကျင်တိုးဂိတ်တော့ စစ်သားတွေထိတယ်လို့ ပြောတာလည်းရှိတယ်” လို့ မန္တလေးဒေသခံတစ်ဦးက ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီးပြောပါတယ်။
တခြားမြို့ခံတချို့ကတော့ ဒီတိုက်ခိုက်မှု မဖြစ်ခင်ကတည်းက မန္တလေးနန်းတွင်းကို မြို့ပြပြောက်ကျားတွေက ဒီလို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။
ဒေသအခေါ်မြောက်ပြင်အရပ်မှာ ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ထူးပြီးစိုးရိမ်စရာမရှိပေမယ့် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် မြို့ကပျက်သလောက်ကို ဖြစ်နေတာကြာပြီလို့ သူတို့က ဆိုပါတယ်။
” ညနေမိုးချုပ်တာနဲ့ အပြင်ကိုလူမထွက်ကြတော့ဘူး။ နေ့ခင်းဆိုရင်လည်း လူပြတ်တဲ့နေရာတွေ မသွားရဲကြတော့ဘူး။ ဆိုင်ကယ်တွေ အုပ်စုလိုက်ဆိုရင်လည်း အန္တရာယ်ရှိတယ်။ ရိုက်လုတာ၊ လူဖမ်းတာတွေက အမြဲလိုလိုကြားနေရတယ်။ မိုးချုပ်ရင် အများစုက ဘယ်မှမသွားကြတော့ဘူး။ မြို့က ပျက်သလိုကို ဖြစ်နေပါပြီ” လို့ မန္တလေးမြို့ ပြည်ကြီးတံခွန်ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပြပါတယ်။
မန္တလေးနန်းတွင်းအနီးမှာ နေထိုင်သူတစ်ဦးကတော့ ရှော့တိုက်ဒုံးနဲ့ မြို့ပြပြောက်ကျားတွေ တိုက်ခိုက်တာက အခုမှမဟုတ်ဘဲ အရင်ကတည်းကရှိတာမို့ ထူးပြီးစိုးရိမ်စရာတော့ မရှိဘူးလို့ ပြောပါတယ်။
ပြီးတော့ အခုတိုက်ခိုက်တဲ့အဖွဲ့တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကွပ်ကဲမှုအောက်က တပ်တွေမဟုတ်ဘဲ သူတို့ဘာသာသီးခြားလှုပ်ရှားတဲ့ မြို့ပြပြောက်ကျားတပ်တွေလို့ သူကဆိုပြီး မြို့ပေါ် တိုက်ပွဲတွေဖြစ်ဖို့ အလားအလာနည်းသေးတယ်လို့ ပြောပြပါတယ်။
ဒါပေမဲ့ မန္တလေးကနေ ကားနဲ့မောင်းရင် နာရီပိုင်းအတွင်းရောက်နိုင်တဲ့ ကျေးလက်တွေမှာ တော်လှန်ရေးတပ်တွေ ရောက်နေတာကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေက မြို့တွင်းနဲ့ သူတို့တပ်တွင်းမှာသာ အခြေချနေကြတာလို့ သူကဆိုပါတယ်။
Brave Warriors for Myanmar ဆိုတဲ့ ပြောက်ကြားတပ်ဖွဲ့ကတော့ ဒီမနက်တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ ဒီနေ့ အသိပေးထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားပါတယ်။
သူတို့အနေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းမြို့ရိုးအတွင်းကို ဒီမနက်အစောပိုင်းက ၁၀၇ မမ ရှေ့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံးခုနစ်လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီပစ်ခတ်မှုကို ပြုလုပ်ခဲ့တဲ့ Brave Warriors for Myanmar အဖွဲ့ဟာ အရင်ကလည်း မန္တလေးနန်းတွင်းထဲကို ပစ်ခတ်မှုတွေလုပ်ဆောင်ထားတဲ့အဖွဲ့ဖြစ်ပြီး နေပြည်တော် ဧလာလေဆိပ်၊ တောင်ငူလေတပ်စခန်းနဲ့ မန္တလေးက တံတားဦးလေဆိပ်တို့ကိုလည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ထားပါသေးတယ်။
၁၀၂၇- စစ်ဆင်ရေး ဒုတိယပိုင်းထိုးစစ်နဲ့အတူ ရှမ်း-မန်း စစ်ဆင်ရေးကို မဟာမိတ်တွေနဲ့ ဖော်ဆောင်နေတဲ့ NUG ဟာ မန္တလေးတိုင်းအတွင်းက စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့တွေကို သိမ်းထားပြီး နာမည်ကျော် ပတ္တမြားမြေဖြစ်တဲ့ မိုးကုတ်မြို့ကိုလည်း မဟာမိတ် တအာင်းတပ်နဲ့အတူ သိမ်းထားခဲ့ပြီးဖြစ်ပါတယ်။

ပုံစာ – ဒီနေ့မနက်ပိုင်းပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးသွားတဲ့မြင်ကွင်း
ဓာတ်ပုံ – MDY image
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

