မန္တလေး-၂၀၂၄ ဇွန် ၁၉ (မော်ကွန်း)
မန္တလေးမြို့ပေါ်မှာ ဒီနေ့မနက်ပိုင်းက အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ပန်းပန်လို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီနေ့မနက် ပန်းပန်လို့ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေရဲ့ပုံတွေတင်ထားပြီး ထောင်ချအရေးယူဖို့လှုံ့ဆော်နေကြသလို လူမှုကွန်ရက်မှာ ပန်းပန်ပြီးပုံတင်သူတွေနဲ့ ပန်းသပိတ်ပါဝင်ကြဖို့ နှိုးဆော်သူတွေကို ဖမ်းဆီးဖို့လှုံ့ဆော်နေကြပါတယ်။
“ဒီနေ့မနက်ပိုင်းကတည်းက လမ်းတော်တော်များများမှာ အရပ်ဝတ်တွေကော၊ ယူနီဖောင်းတွေနဲ့ကော လုံခြုံရေး ယူထားတာ တော်တော်များများတွေ့တယ်။ သူတို့မသင်္ကာတဲ့သူ ခေါ်စစ်နေတာပဲ။ မြို့ထဲမှာလည်း လှည့်ကင်းတွေရှိတယ်။ ပန်းပန်တဲ့သူတွေဖမ်းဖို့ လုပ်နေတာ။ ချမ်းအေးသာစံဘက်မှာလည်း ဖမ်းခံရသူတွေရှိတယ်လို့ကြားတယ်”လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်မှာ နိုင်ငံရေးအသိ၊ သတိနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ဆင်နွှဲကြဖို့ သပိတ်အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေက အခုရက်ပိုင်းအတွင်း နှိုးဆော်ထားပါတယ်။
မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တွေကလည်း ဒီနေ့မနက်ပိုင်းက ချမ်းအေးသားစံမြို့နယ်၊ ၃၁လမ်းနဲ့ ၈၃ လမ်းထောင့်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တစ်ဦးကို ပန်းပန်ထားလို့ဆိုပြီး အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားသလို သူနဲ့အတူ အဖော်ပါလာတဲ့လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့တွင်းလမ်းမတွေပေါ်၊ ဈေးတွေနဲ့ လူစည်ကားရာနေရာတွေမှာ လုံခြုံရေးတင်းကြပ်ထားသလို မဟာမြတ်မုနိ ဘုရားကြီးအတွင်းနဲ့ အပြင်မှာလည်း လုံခြုံရေးအများအပြားယူထားတယ်လို့ မြေပြင်ကင်းထောက်ချန်နယ်တွေက သတိပေးထားပါတယ်။
မနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့တုန်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး နိုင်ငံအနှံ့ကပန်းသပိတ်မှာ ပါဝင်တဲ့သူတစ်ရာကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့မှာ ပန်းသပိတ်တွေဆင်နွှဲနေကြသလို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ သပိတ်စစ်ကြောင်းထွက်တာတွေ၊ မွေးနေ့အထိမ်းအမှတ်အခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။
ပုံစာ-ပန်းပန်လို့ဖမ်းခံရတဲ့ မန္တလေးမြို့က အမျိုးသမီးများ
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ

