ယင်းမာပင် – ၂၀၂၂ မတ် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးနဲ့ သက်ကြီးရွယ်အိုတွေ လေးဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် ကန်သာရွာနဲ့ လက်ပံတောရွာကို အာဏာသိမ်းစစ်တပ်က မနေ့မွန်းလွဲ ၁၂:၀၀ နာရီခန့်က အင်အား၁၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။
အဲဒီနောက် လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် လက်ပံတောရွာထဲကဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ကျေးရွာပြည်သူ ၁၃ ဦးထက်မနည်း လက်နက်ကြီးထိမှန်သွားခဲ့ပြီး လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ သက်ကြီးရွယ်အို ဘိုးဘွားသုံးဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်ထားသူများအနက် သက်ကြီးရွယ်အိုအများဆုံးပါဝင်နေပြီး နယ်မြေမတည်ငြိမ်သေးတာကြောင့် အရေအတွက်တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါကျေးရွာတွေအနီးမှာပဲ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်ဘက်က လက်ပံတောရွာထဲက ခြံစည်းရိုးတွေကိုမီးရှို့သေးတယ်။ အိမ်တွေကိုတော့မကူးသွားဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ မနက်မှာတော့ ယင်းမာပင်မြို့နယ် ကံသာနဲ့ လက်ပံတောကျေးရွာကနေ မြောက်ယမားချောင်းရဲ့ မြောက်ဘက်မှ အနောက်ဘက်သို့ဦးတည်ထွက်ခွာသွားခဲ့ပြီး သီးကုန်းကျေးရွာ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲကာ လက်နက်ကြီးတွေနဲ့ အနီးအနား ကျေးရွာများကို ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လက်ပံတောနဲ့ ကံသာကျေးရွာတွေအပါအဝင် ကျေးရွာငါးရွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။

