မန္တလေး – ၂၀၂၃ အောက်တိုဘာ ၇ (မော်ကွန်း)
မန္တလေးတိုင်း၊ မန္တလေးမြို့အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း၊၈၆လမ်းနဲ့ ၈၇လမ်းကြား အောင်မြေသာစံအုပ်ချုပ်ရေးရုံးရှေ့မှာ ဒီနေ့ မွန်းလွဲ ၁:၀၀ ဝန်းကျင်က အရပ်ဝတ်နဲ့ စျေးဝယ်ပြန်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့နှစ်ချက်ပစ်ခတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“ပစ်တဲ့သူကအနောက်ကပါလာတယ်ထင်တယ်၊ ဆိုင်ကယ်ရုံးရှေ့ရောက်တာနဲ့ပစ်သွားတာ၊ ဦးခေါင်းကိုနှစ်ချက်ပစ်သွားတယ်၊ ဈေးဝယ်ထွက်ရတဲ့အဆင့်ဆိုတော့ ရာထူးမကြီးလောက်ဘူး”လို့ အခင်းဖြစ်ပွားရာ အနီးမှာရှိတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။
အောင်မြေသာစံ အုပ်ချုပ်ရေးရုံးရှေ့မှာ ပစ်ခတ်ခံလိိုက်ရတဲ့စစ်သားဟာ သေဆုံးမှုရှိ၊ မရှိမသိရသေးဘဲပစ်ခတ်ခံရပြီးနောက် လူနာတင်ကားနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ပြောပါတယ်။
အရပ်ဝတ်နဲ့စျေးဝယ်ပြန်လာတဲ့ စစ်သားပစ်ခတ်ခံရပြီးနောက် အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးရုံးအတွင်းကနေ လက်နက်ငယ်နဲ့ ပစ်ခတ်မှုတွေရှိခဲ့ကာ အိမ်စီးကားတွေရောက်လာပြီး လမ်းပိတ်စစ်ခဲ့တယ်လို့အောင်မြေသာစံမြို့နယ်ကမြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့အောင်မြေသာစံရုံးကို စျေးဝယ်ပြန်လာတဲ့ အရပ်ဝတ်စစ်သားကို ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုမသိရသေးသလို မြို့ပြတော်လှန်ရေးအဖွဲ့တွေဘက်ကလည်းသတင်းမထုတ်ပြန်သေးပါဘူး။

