မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
မန္တလေးမြို့မှာ ကျောက်သမားတွေ ရာချီအရောင်းအဝယ်ပြုလုပ်နေတဲ့ နှစ်နေရာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ကျောက်သမားအများအပြား ဖမ်းဆီးခံရကြောင်း မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မွန်းတည့် ၁၂:၀၀ နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၄၃လမ်းနဲ့ ၄၄ လမ်းကြားမှာရှိတဲ့ ကျောက်သမားတွေလာရောက်အရောင်းအဝယ်ပြုလုပ်ကြတဲ့ နာမည်ကြီးကျောက်မျက်ကုမ္ပဏီတစ်ခုကို အချုပ်ကားလေးစီး၊ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံက ပြောပါတယ်။
အလားတူ ၁၅ လမ်း ၈၇လမ်းက ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတွေကိုလည်း ဖမ်းဆီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
“အချုပ်ကားလေးစီးလားငါးစီးလား အပြည့်တင်သွားတယ်လို့ပြောတယ်။ အိုးဘိုထောင်ခေါ်သွားပြီလို့လည်းပြောတယ်။ မိသားစုဝင်တွေကတော့ အိုးဘိုထောင်ဘက် လိုက်ဖို့လုပ်နေတယ်”လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။
၈၄လမ်း ကျောက်အရောင်းအဝယ်ပြုလုပ်တဲ့နေရာကို ဝီချက်ဝိုင်းလို့လည်း အသိများကြပြီး ကျောက်သမားတွေအဖမ်းမခံရအောင် ညှိနှိုင်းခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ မဟာအောင်မြေမြို့နယ် ၄၁လမ်းမူလကျောက်ဝိုင်းမှာ အရောင်းအဝယ်ပြုလုပ်ဖို့ ဖိအားပေးခဲ့ပေမယ့် မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ကျောက်သမားအများစု သွားရောက်အရောင်းအဝယ်ပြုလုပ်တာမျိုး နည်းပါးခဲ့ပါတယ်။
#Dailynews

