မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၆ (မော်ကွန်း)
မန္တလေးမြို့ အတွင်းက ကျူးကျော်တွေကို တစ်လအတွင်းရှင်းလင်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာကနေ ကြေညာပါတယ်။
မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓါတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာမြေနဲ့ ပုဂ္ဂလိကပိုင်မြေနေရာတွေမှာ ကျူးကျော် နေထိုင်သူတွေအနေနဲ့ ဒီကနေ့ကစပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ခွာကြဖို့ စစ်ကောင်စီလက်အောက်ခံ မန္တလေးနေ့စဥ်သတင်းစာကနေ ကြေညာပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့အထိကာလ တစ်လအတွင်း ဖယ်ရှားခိုင်းထားပြီး ဒီဇင်ဘာလ ၁၆ရက်နေ့ နောက်ပိုင်းမှာတော့ အဖွဲ့နဲ့ ရှင်းလင်းဖယ်ရှားသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ မန္တလေးစည်ပင်က ဆိုပါတယ်။
မန္တလေးမြို့က ကျူးကျော်နေထိုင်သူတွေဟာ မဟာအောင်မြေမြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်ထဲမှာ အများဆုံးရှိနေပြီး မြို့သစ်ဘက်နဲ့ ဧရာဝတီမြစ်ကမ်းနားလမ်းတစ်လျှောက်မှာလည်း အများဆုံးနေထိုင်နေကြပါတယ်။
လုပ်ငန်းတွေရပ်နားထားရလို့ စားဝတ်နေရေးကျပ်တည်းနေချိန် ပြောင်းရွှေ့ခိုင်းရင် ကျူးကျော်နေထိုင်ရသူတွေဟာ နေစရာအတွက်ပါ ပိုဒုက္ခရောက်နိုင်ကြောင်း ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလကုန်ပိုင်းကလည်း ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်နေထိုင်သူတွေကို စစ်ကောင်စီက အင်အားသုံးကာ ဖယ်ရှားရှင်းလင်းခဲ့ပါသေးတယ်။
ပုံစာ – ကျူးကျော်များ အများဆုံးနေထိုင်ကြသော ဧရာဝတီမြစ်ဘေးအား တွေ့ရစဥ်။
ဓာတ်ပုံ – မော်ကွန်း
#Dailynews

