မန္တလေး-၂၀၂၂ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက် ၆၆လမ်းနဲ့ ၁၃ လမ်းထောင့်မှာ ပြည်တွင်းရေးစွပ်ဖက်မှုအလိုမရှိကြောင်း စစ်တပ်ထောက်ခံသူတွေဟာဒီကနေ့မနက်ပိုင်းက လုံခြုံရေးအပြည့်နဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
“အဲ့နားက ကပ်လို့ကိုမရတာ၊ အပြည့်ပိတ်ပြီးတော့ သူတို့ဟာသူတို့လုပ်တာလေ။ တစ်ပြကို သုံးလေးငါးယောက်လောက်က အသေကြေစစ်တာ၊ ပြီးတော့လမ်းပါပိတ်ထားတာ၊ သူတို့ဟာသူတို့ဓါတ်ပုံတွေရိုက်ပဲ” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
စစ်တပ်ထောက်ခံသူတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုကန့်ကွက်ကြောင်း ဗီနိုင်းတွေကိုင်ပြီး ပြည်တွင်းရေးစွတ်ဖက်မှုအလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်။
အဲ့ဒီစစ်တပ်ထောက်ခံဆန္ဒပြသူတွေကို အရပ်ဝတ်စစ်ကောင်စီအဖွဲ့တွေက လုံခြုံရေးယူပေးတာလို့ ဒေသခံတွေကဆိုကြပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဒီဇင်ဘာ ၂၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးဖို့၊ စစ်ကောင်စီကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့စတာတွေပါဝင်တဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
ပုံ – စကစထောက်ခံသူများ ဆန္ဒပြနေစဉ်
Photo – စကစ ဝါဒဖြန့်ချန်နယ်များ
#Dailynews

