မတ္တရာ – ၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေကျောင်းကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေက ဒီနေ့ မနက်၈း၀၀နာရီ ဝန်းကျင်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အောက်တောင်ကိုင်းကျေးရွာအတွင်းကျရောက်ပြီး မိသားစုသုံးဦးနဲ့ နွားနို့ညစ်နေသူအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကသိရပါတယ်။
မတ္တရာမြို့နယ်၊ ရွှေကျောင်းကျေးရွာကနေ အောက်တောင်ကိုင်းရွာဘက်ကို ၈၁ မမ လက်နက်ကြီး ငါးလုံးပစ်ခတ်တာကြောင့် နေအိမ်အပေါ်ကျရောက်ပြီး နေအိမ်အတွင်းက မိသားစုသုံးဦးထိမှန်သေဆုံးခဲ့တာလို့ မတ္တရာမြို့နယ် ပ.က.ဖသတင်းတာဝန်ခံကပြောပါတယ်။
“အောက်တောင်ကိုင်းကျေးရွာက နေအိမ်အပေါ်ကို တည့်တည့်ကျပြီး မိသားစုဝင်သုံးဦးသေဆုံးခဲ့ပါတယ်၊ မတ္တရာမြို့အမှတ်(၂)ကနေ နွားနို့လာညစ်သူလည်း လက်နက်ကြီးစထိမှန်ပြီးသေဆုံးခဲ့ပါတယ် “လို့ သူကပြောပါတယ်။
သေဆုံးသွားသူတွေဟာ မတ္တရာမြို့အမှတ်(၂)နေ ဦးညွန့်ခင်၊ မတ္တရာအောက်တောင်ကိုင်းကျေးရွာနေ ဒေါ်ဝင်းစန်း၊ ဖိုးသင်္ကြန်၊ ရဲမင်းခန့် တို့ဖြစ်ပြီး ကလေးငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။
မတ္တရာမြို့နယ်ထဲက ကျေးရွာတွေမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေဟာ ပြည်သူတွေနေထိုင်နေတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးနေ့စဥ်ပစ်ခတ်နေပြီး ဧပြီလ ၈ ရက်ကလည်း ဟင်္သာကြီးကျေးရွာထဲကို စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးနေအ်ိမ်နှစ်လုံးပေါ်ကျပြီးမီးလောင်ခဲ့သေးတယ်လို့ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ပြည်သူဟာ အာဏာသိမ်းစကနေ မနေ့ကထိ အနည်းဆုံး ၄၉၀၀ နီးပါးရှိလာနေပါတယ်။
ပုံစာ – လက်နက်ကြီးထိမှန်ကာ သေဆုံးသွားကြသူများ
ဓါတ်ပုံ – Supplied