မတ္တရာ – ၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်တပ်ကို စစ်ကူသွားမယ့်စစ်ကြောင်းကို စလေတောင်ရွာအနီး တောင်ကြောမှာ ပြီးခဲ့တဲ့လ ၂၉ရက်က တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ကြီး (SSTF)က ရဲအုပ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကျဆုံးခဲ့တယ်လို့ SSTF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဆယ်တော်ကြီး၊ အင်ကြင်းမြိုင်တပ်ကို စစ်ကူသွားမယ့် တပ်မ ၁၀၁ လက်အောက်ခံ၊ခလရ ၂၅၁တပ်က အင်အား ၈၀ခန့်ပါ စစ်ကြောင်းနဲ့ တိုက်ပွဲချိန် ၁:၂၀မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သူကပြောပါတယ်။
” တိုက်ပွဲဖြစ်စဉ်အတွင်း SSTF မှ ကိုယ်ပိုင်အမှတ် S-1044၊ ရဲအုပ်ဘုန်းကြီး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးထိခိုက်(မစိုးရိမ်)ဒဏ်ရာ ရရှိခဲ့ပါတယ်”လို့ သူကပြောပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ရဲဘော်က ရဲအုပ် ဘုန်းကြီး(ခ)နောင်နောင်ထက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၈ရက်နေ့ကတည်းက ရဲတပ်ဖွဲ့ကနေ CDM ဝင်သူဖြစ်ပါတယ်။
သူဟာ ပဲခူး၊ ရတဖ(၁)က CDM ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး NUG ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းချိန် ပြည်သူ့ရဲတပ်ဖွဲ့ ၊လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)မှာလည်း ရဲအုပ်တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
အင်ကြင်းမြိုင်ကိုစစ်ကူသွားမယ့် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာကြောင့် အဲဒီစစ်ကြောင်းဟာ နောက်ပြန်ဆုတ်သွားခဲ့ပြီး နယ်မြေရှင်းလင်းစဉ် MA1(၂)လက်၊MA2(၂)လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း(၁)လက်တို့ သိမ်းဆည်းရမိခဲ့ပါတယ်။
ပုံစာ – ကျဆုံးသွားတဲ့ CDM ရဲအုပ်
ဓါတ်ပုံ – ပေးပို့

