ချင်း-၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း)
ချင်းပြည်နယ်၊ မတူပီနဲ့ မင်းတပ်မြို့နယ်အတွင်းကကျေးရွာတွေမှာ ကျွဲ၊ နွားနဲ့ နွားနောက်အကောင်ရေရာချီပြီး ခွာနာလျှာနာနဲ့ ဒေါင့်သန်းရောဂါတွေကူးစက်နေတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနဲ့ကုသရေးဌာန မြို့နယ်တာဝန်ခံအရာရှိ ဒေါက်တာဟုန်းမနားက မော်ကွန်းကိုပြောပါတယ်။
အခုနှစ် ဩဂုတ်လလယ်ပိုင်းကစပြီး မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်နားကကျေးရွာတွေက ကျွဲနွားနဲ့ နွားနောက်တွေမှာ ရောဂါစတင်ကူးစက်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်မှာတော့ စက်တင်ဘာမှာ စတင်ကူးစက်လာတာလို့ သူကပြောပါတယ်။
“ကျွန်တော်တို့ကလည်း ဟိုဘက်ကကျွဲနွားတွေဒီဘက်ကိုမတင်သွင်းဖို့ အသိပေးစာတွေထုတ်ထားတာပဲ။ မတူပီမြို့နယ်ကဆို တော်တော်များများဖြစ်တာ။ ကျွန်တော်လက်လှမ်းမီသလောက်ဆို မင်းတပ်မြို့နယ်က ဘွေရှိရယ် မတူပီက ရမ်တိန်း ကျေးရွာတွေမှာတော့ တော်တော်လေးဖြစ်နေတာ” လို့ ဒေါက်တာဟုန်းမနားကပြောပါတယ်။
ချင်းပြည်နယ်မှာ နွားနောက်ကို အများဆုံးမွေးမြူကြပြီး တောတွေထဲမှာ သဘာဝအတိုင်း လွှတ်ထားတာဖြစ်လို့ ဆေးကုသဖို့ခက်ခဲပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ခွာနာလျှာနာနဲ့ ဒေါင့်သန်းရောဂါကူးစက်မှုမရှိသေးတဲ့ ကျေးရွာတွေမှာ ကာကွယ်ဆေးထိုးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေါက်တာဟုန်းမနားကပြောပါတယ်။
“ကာကွယ်ဆေးက ကျွန်တော်တို့မှာ အလှူရှင်တွေအပေါ်မူတည်တာပေါ့။ အကုန်လုံးထိုးနိုင်ဖို့ အလှူရှင်များများလိုတာပေါ့။ ကာကွယ်ဆေး တစ်လုံးနှစ်လုံးရရင် တစ်လုံးနှစ်လုံးထိုး။ အဲ့လိုလုပ်ရတာ။ လာမယ့်ရက်သတ္တပတ်အတွင်းတော့ မဖြစ်သေးတဲ့ကျေးရွာတွေမှာ အမြန်ဆုံးကာကွယ်ဆေးထိုးနိုင်ဖို့ပြင်ဆင်နေတယ်” လို့ သူကဆိုပါတယ်။
ချင်းပြည်နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်ဈေးနှုန်းတွေမြင့်တက်နေလို့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် နွားနောက်ရောင်းပြီးဖြေရှင်းနေရတယ်လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ ကျွဲနွားနဲ့ နွားနောက်တွေ ခွာနာလျှာနာနဲ့ ဒေါင့်သန်းရောဂါကူးစက်နှုန်းမြင့်တက်လာရင် ဒေသခံတွေအတွက် စားဝတ်နေရေး အခက်အခဲတွေပိုမိုကြုံတွေ့လာနိုင်တယ်လို့ သူကပြောပါတယ်။
ချင်းပြည်နယ် မတူပီမြို့နဲ့ မင်းတပ်မြို့နယ်မှာ ကျွဲနွားနဲ့ နွားနောက်အကောင်ရေ စုစုပေါင်း နှစ်သောင်းဝန်းကျင်ရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
ပုံစာ-ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ခွာနာလျှာနာရောဂါကူးစက်ခံထားရတဲ့ ကျွဲနွားများ
ဓာတ်ပုံ-မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

