ရန်ကုန် – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုပြီး ဖယ်ရှားခိုင်းတဲ့ရပ်ကွက်ငါးခုထဲက တစ်ခုဖြစ်တဲ့ စံသမာဓိရပ်ကွက်မှာ စစ်ကောင်စီတပ်တွေ၊ ရဲတွေနဲ့ တုတ် ဓားကိုင်ဆောင်ထားတဲ့ လူမိုက်တွေက ဒီနေ့လယ်ပိုင်းကစပြီး နေအိမ်တွေကိုဖျက်ဆီးနေတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။
“ရဲရယ်စစ်တပ်ရယ် ဓားတွေကိုင်ထားတဲ့လူမိုက်တွေပါတယ်။ အပြာဝတ်စုံနဲ့။ ဓားကိုင်ထားတဲ့သူတွေကရှေ့က ရဲကဒုတိယ စစ်တပ်ကနောက်မှာ။ သူတို့ဘက်ဟိုးနဲ့ထိုးတဲ့ဆီက ငါ့အိမ်ခေါင်းရင်းထိရောက်နေပြီ” လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
ရပ်ကွက်နေသူတွေက အိမ်တွေမဖျက်ဖို့ တောင်းပန်တာ၊ တားတာတွေလုပ်လို့ အမျိုးသမီးတစ်ဦးကိုလည်း စစ်တပ်ကခေါ်သွားတယ်လို့ သိရပါတယ်။
“သူတို့(စစ်တပ်)ကပြောတယ်။ မတရားတာတော့ဖြစ်လို့မရပါဘူးတဲ့။ အဲ့လိုပြောပေမယ့် သူတို့မတရားတာလုပ်နေတာလေ။ ဖျက်စာပါလားဆိုတော့လည်း ဘာမှမပြနိုင်ဘူးလေ။တို့တွေက အပါမခံနိုင်တော့တားကြတာ။
တားတော့ ကောင်မလေးကိုခေါ်သွားတယ်။ မေးစရာရှိလို့တဲ့ ပြန်လွှတ်ပေးမယ်ပြောတယ်။ ငါတို့က သွားစရာမရှိတော့ဘူးလေ။ မဖယ်ပေးလို့ပစ်သတ်မယ်ဆိုလည်းသတ်သွားပါတော့။ မတက်နိုင်တော့ဘူးပြောလိုက်တယ်”
စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းထားတဲ့ရပ်ကွက်ငါးခုဟာ မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုထဲက စံသမာဓိ၊ မြဝတီ၊ ဓမ္မပါလ၊မြဲမြံအောင်နဲ့ ဂုံညှင်းနီး ရပ်ကွက်တွေဖြစ်ပါတယ်။
အဒီရပ်ကွက်တွေကို နိုဝင်ဘာ ၂၂ ရက်ကနောက်ဆုံးထားဖျက်သိမ်းခိုင်းတာကြောင့် ဒေသခံအများစုဟာ အိမ်တွေဖျက်ပြီး နေစရာမရှိဘဲ ဒုက္ခရောက်နေကြပါတယ်။
အဲဒီရပ်ကွက်ငါးခုမှာ အိမ်ခြေတစ်သောင်းဝန်းကျင်ရှိပြီး နေထိုင်သူငါးသောင်းနီးပါးရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီလိုဖယ်ရှားခိုင်းတာကြောင့် စိတ်ကျပြီး အဆုံးစီရင်သွားသူသုံးဦးအထိရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ – စံသမာဓိရပ်ကွက်မှ ဖျက်သိမ်းနေရသောနေအိမ်များ
Photo: Mawkun
#Dailynews

