မင်းတပ်မှာ ဆေးရုံကို စစ်ကောင်စီလေတပ်ဗုံးကြဲလို့ လေးဦးသေ

မင်းတပ်မှာ ဆေးရုံကို စစ်ကောင်စီလေတပ်ဗုံးကြဲလို့ လေးဦးသေ

မင်းတပ်-၂၀၂၄ ဧပြီ ၂၆ (မော်ကွန်း)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)က ဝမ္မသူးဆေးရုံကို မနေ့ကည ၈ နာရီဝန်းကျင်က စစ်ကောင်စီလေတပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်လို့ လူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်က တာဝန်ရှိသူတစ်ဦးက ဒီနေ့မနက်ပိုင်းမှာ မော်ကွန်းကိုပြောပါတယ်။

“လေးဦးသေဆုံးတယ်လို့ ကနဦးသိရပါတယ်။ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရပါတယ်ဗျ။ ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာတွေကတော့ ပြန်အသုံးပြုလို့ မရနိုင်လောက်အောင် ထိခိုက်သွားပါတယ်။ ည ၁၂၊ ၁ နာရီဝန်းကျင်အထိ ပတ်ကြဲနေလို့ ပြည်သူတွေကော ပြေးရတာရှိပါတယ်။ (ဗုံးကြဲမှုကြောင့်) အဆောက်အဦတွေ မီးလောင်ရာကနေ တောမီးပါဆက်လောင်သွားတဲ့ အနေအထားပါ။ နွေရာသီဖြစ်လို့ တောမီးစတွေရှိနေနိုင်ပါသေးတယ်” လို့ သူကပြောပါတယ်။

ဝမ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် အရပ်သားတွေနေထိုင်တဲ့ အခြားနေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ဗုံးကြဲခံရလို့ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ဆေးဝန်ထမ်းတွေက ကူညီကုသပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

“ တချို့ဆရာမတွေဆို ကိုယ်တိုင်ထိခိုက်ခံရတဲ့ကြားက ကူပေးနေကြတာရှိပါတယ်။ အသေးစိတ်ကိုတော့ မကြာမီ အုပ်ချုပ်ရေးဘက်က သတင်းထုတ်ပြန်သွားပါလိမ့်မယ်” လို့ CDF မင်းတပ် တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီလေတပ်ဟာ ညပိုင်းကလည်း တစ်ညလုံးနီးပါး တိုက်ခိုက်ခဲ့သလို ဒီနေ့လည်း မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ လေယာဉ်ပျံဝဲတာတွေလုပ်ဆောင်နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီလေတပ်ဟာ ဆေးရုံကို ညပိုင်းဗုံးမကြဲမီ ညနေ ၄ နာရီခွဲဝန်းကျင်တုန်းကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့သလို Y-12 လေယာဉ်နဲ့လည်း ငါးကြိမ်ဗုံးကြဲတိုက်ိခုက်ခဲ့သေးတယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ လက်ရှိအချိန်ထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အခုလ ၁ ရက်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)က ချပ်ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ အဆောက်အဦလေးလုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ-စစ်ကောင်စီလေတပ် မနေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မင်းတပ်မြို့နယ်က ဝမ္မသူးဆေးရုံ
ဓာတ်ပုံ-CDF မင်းတပ်

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."