မင်းတပ်နဲ့ဖလမ်း မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား လက်နက်ချအညံ့ခံ

မင်းတပ်နဲ့ဖလမ်း မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား လက်နက်ချအညံ့ခံ

ရန်ကုန် – ဒီဇင်ဘာ ၂၀ (မော်ကွန်း)

ချင်းပြည်နယ်က မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီလက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ ချင်းညီနောင် (Chin Brotherhood) တပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ဖလမ်းမြို့နဲ့ တောင်ပိုင်းမှာရှိတဲ့ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့လ ၉ ရက်ကစပြီး Opretion CB လို့ အမည်ပေးထားတဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးမှာ ဖလမ်းနဲ့ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုးစစ်ကာလ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ရဲတွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်) ၊ ခရိုင်ဆောက်လုပ်ရေးဌာနဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့် စေတီကုန်းနဲ့ လေးမိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အခုလ ၁၅ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးဟာ ချင်းညီနောင်ဆီ လက်နက်ချအညံ့ခဲ့ပြီး ဖလမ်းမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးဟာ ပြီးခဲ့တဲ့လ ၁၂ ရက်မှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ချင်းညီနောင်ကထုတ်ပြန်ခဲ့တာပါ။

ဒီမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ကြားက အခုလို အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး မြို့တွေကို အပြီးသတ်သိမ်းနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့ဆိုတာ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF-Zoland) ၊ ချင်းအမျိုးသားကောင်စီ-မင်းတပ်( CDF-Mindat) ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF- Kampetlet) ၊ မရာအုပ်ချုပ်ရေး ကောင်စီ (MTC/ MDF) စတဲ့ ချင်းဒေသအခြေပြု တော်လှန်ရေးတပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အင်အားစုတစ်ခုဖြစ်ပါတယ်။

ချင်းညီနောင်တပ်တွေဟာ အာရက္ခတပ်တော် (AA) အပါအဝင် ယောဒေသကာကွယ်ရေးတပ်တွေနဲ့လည်း မဟာမိတ်ဖွဲ့ထားပြီး ၎င်းမဟာမိတ်တွေနဲ့ပူးပေါင်းကာ ချင်းတောင်ပိုင်းမှာရှိတဲ့ မတူပီမြို့ကို ဒီနှစ်လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ချင်းဒေသအခြေပြု တော်လှန်ရေး အင်အားစုတွေက မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်‌‌ခေါဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝနဲ့ ဆမီး တို့ကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ချင်းညီနောင် စစ်ဆင်ရေး (operation CB) အနေနဲ့ ဖလမ်းမြို့နဲ့ မင်းတပ်မြို့က စစ်စခန်း တွေကို တပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။


ပုံစာ – လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သိမ်းဆည်းရမိတွေ လက်နက်ခဲယမ်းတွေရဲ့ မြင်ကွင်း

ဓါတ်ပုံ – Chin Brotherhood

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."