မင်းကင်း – ၂၀၂၁ မေ ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်ကို မနေ့ညက သူရှောင်တိမ်းနေတဲ့ အိမ်မှာ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက မော်ကွန်းကို အတည်ပြုပြောကြားပါတယ်။
ယင်းမာပင်မြို့နယ်က ရွှေတောင်ဦးဘုရားအနီးက နေအိမ်တစ်အိမ်မှာတိမ်းရှောင်နေရတဲ့ ဒေါ်ခင်မွှေးလွင်ကို စစ်အုပ်စုက မနေ့ည ၁၁ နာရီလောက်မှာ လာရောက်ဖမ်းဆီးခဲ့တာပါ။
သူ့ကို ဘယ်နေရာကို ခေါ်ဆောင်သွားလဲဆိုတာကို အခုအချိန်ထိ မိသားစုက မသိရှိရသေးဘဲ စိုးရိမ်နေတယ်လို့ မိသားစုဝင်ကပြောပါတယ်။
ဒေါ်ခင်မွှေးလွင်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်းကင်းမြို့က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မင်းကင်း ကြံ့ခိုင်ရေးပါတီအမတ် ဦးမောင်မြင့်က အနိုင်ရရှိခဲ့ကာ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလမှာလည်း ဒေါ်ခင်မွှေးလွင်ဟာ သူ့မဲဆန္ဒနယ်မှာ မဲဆွယ်စည်းရုံးနေတုန်း ရွာသားတစ်ယောက်ကဆိုင်ကယ်နဲ့ ဝင်တိုက်တာကိုခံခဲ့ရပါသေးတယ်။
ဓါတ်ပုံ – ဒေါ်ခင်မွှေးလွင်၏ Facebook စာမျက်နှာ
#Dailynews

