မင်းကင်း – ၂၀၂၂ ဇန်နဝါရီ ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ဘေးကကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့လို့ ကျေးရွာနှစ်ရွာ ရွာလုံးကျွတ်ပြာကျခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ မွန်းလွဲ ၃:၀၀ နာရီလောက်က မင်းကင်းမြို့နယ်၊ ဘင်ရွာနဲ့ အုန္နဲဘုတ်ရွာတွေကို အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရွာလုံး ရွာလုံးကျွတ် ပြာကျခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
ဒါအပြင် အနောက်တောရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကနီနယ်၊မင်းကင်းနယ် နယ်စပ်မှ ကျေးရွာပအဖ၊ ပကဖ အဖွဲ့တွေနဲ့ Chindwin people’s defence force (CDDF)တို့ စုပေါင်းမီးငြိမ်းသတ်ပေးခဲ့တာကြောင့် အိမ်တစ်လုံး၊နွားစာတိုက်နှစ်လုံး၊ဆိုင်ကယ်တစ်စီးနဲ့ သုံးဘီးဆိုင်ကယ် နှစ်စီးသာ ပျက်စီးခဲ့ကြောင်း ချင်းတွင်းနွေဦး-တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၂၉ရက် နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ကင်းစံပြကျေးရွာကို
ကုန်းလမ်းနဲ့ ရေလမ်း နှစ်ဘက်ညှပ်ပိတ်၊ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ကျေးရွာသား အသက် ၅၈ နှစ်အရွယ် ဦးစန်းအောင်ကို ရိုက်နှက်နှိပ်စက်ကာ သတ်ပစ်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
ဒါအပြင် ကင်းစံပြကျေးရွာက အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦးတို့ ပျောက်ဆုံးနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ နှစ်ရက်တာ တပ်စွဲထားခဲ့ပြီး ပန်းဆက်၊တောင်ဖြူ၊ကျောက်ခဲတက် စတဲ့ရွာတွေက ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဟာ မင်းကင်းမြို့နယ် တောင်လက်ဒေသဘက်သို့ စစ်ကြောင်းထိုးကာ သင်တော တောတိုက်နဲ့ ဘင်တောတိုက်ကြားမှာရှိတဲ့ ဆိုင်ကယ်နှစ်စီးနဲ့ တဲတစ်လုံး မီးရှို့ခဲ့တယ်လို့ နယ်ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး ကင်းရွာ ဘုန်းကြီးကျောင်းဟာ အမိုးပွင့်ပျက်ဆီးခဲ့ကြောင်း၊ ရွာကနေထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့နေအိမ်က ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ဒေသခံက ပြောပြပါတယ်။
ချင်းတွင်းမြစ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ရေယာဉ်ရှစ်စီးပေါ်က တပ်တွေနဲ့ Mahauurar Dragon KPDF တပ်ရင်း၊ မင်းကင်းPDFတွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးအပါအဝင် ရေမိုင်း၊ကုန်းမိုင်းတွေ ထိမှန်ပြီးရေယာဥ်အချို့ မီးစွဲလောင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
#Dailynews

