မင်းကင်း-၂၀၂၄ ဇွန် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မတောကျေးရွာက မင်္ဂလာဆောင်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၂၈ ဦးမှာ အသက် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရွယ်မရောက်သေးသူခုနစ်ဦး ပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ပါဝင်ခဲ့သူတစ်ဦးက မော်ကွန်းကို အတည်ပြုပါတယ်။
မတောရွာ မင်္ဂလာဆောင် ဗုံးကြဲခံရတာကြောင့် သေဆုံးသူတွေဟာ မတောရွာခံ ၂၁ ဦး၊ ယုံသာရွာခံ သုံးဦး၊ ပထိုးလုံးရွာခံတစ်ဦး၊ ကျွန်းတော်(အနောက်)ရွာခံတစ်ဦးနဲ့ ပျဉ်းပင်ပေါ် ရွာခံတစ်ဦး တို့ဖြစ်ပါတယ်။
“ဗုံးတစ်လုံးက မင်္ဂလာဆောင် မဏ္ဍပ်ထဲတည့်တည့်ကျလို့ သေဆုံးတာများတာ။ တချို့ဆို အစအနတောင်ရှာမရဘူး။ အခုရတဲ့စာရင်းက လက်လှမ်းမီသလောက်ပဲကောက်ထားရတာ။ တချို့က မိသားစုလိုက်လာကြတာဆိုတော့ ကလေးတွေလည်းပါတယ်၊ မိသားစုလိုက်သေသွားတာလည်းရှိတယ်” လို့ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မင်းကင်းဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၁၇ ဦးအပါအဝင် ၅၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့သူ ၁၈ ဦးရှိတယ်လို့ သူကဆက်ပြောပါတယ်။
“ဒဏ်ရာရတဲ့သူတွေကို နီးစပ်ရာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဆေးခန်းတွေမှာကုပေးနေရတယ်။ ဆေးရုံဆေးခန်းပို့ဖို့ လမ်းကြောင်းတွေကလည်း စစ်တပ်က ပိတ်ထားလို့ ရတဲ့ဟာနဲ့ကုပေးနေရတယ်။ မင်းကင်းဘက်ကနေလည်း ဆေးတွေသယ်မရအောင် စစ်တပ်က အစစ်ဆေးတင်းကြပ်ထားတယ်”လို့ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူက ဆိုပါတယ်။
စစ်ကောင်စီလေတပ်ဟာ မတောရွာက မင်္ဂလာဆောင်ကို အခုလ ၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ မတောရွာခံတွေဟာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမှာစိုးတာကြောင့် နီးစပ်ရာတောတွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းကင်းဒေသခံတွေကပြောပါတယ်။
အရပ်ဘက်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က အခုနှစ် မေလ ၂၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်ကောင်စီလေတပ်ဟာ အခုနှစ် ဇန်နဝါရီကနေ ဧပြီ အထိ လေးလအတွင်း နိုင်ငံအနှံ့လေကြောင်းကနေတိုက်ခိုက်မှုအကြိမ်ရေ နှစ်ထောင်ကျော်လုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ် ၆၁ ဦးအပါအဝင် အရပ်သား ၃၅၉ ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီလေတပ်ဟာ မင်းကင်းမြို့နယ်ထဲက ပျဉ်းကိုင်းရွာကိုလည်း မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းမှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ-ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးတဲ့သူများ။
ဓာတ်ပုံ-Student’s Revolutionary Force

