ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ ၃ (မော်ကွန်း)
တပ်မတော်က အာဏာသိမ်းပြီးနောက် နှစ်ရက်အကြာမှာဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာပါဝင်တဲ့ အရပ်သားသုံးဦးမှာ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် ပါဝင်လာပါတယ်။ ၎င်းပါဝင်လာတဲ့အပေါ် သူ့ရဲ့သားဖြစ်သူ ကိုနေအောင်က ဘယ်လိုသဘောထားတယ်ဆိုတာ မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မော်ကွန်း။ ။ ကိုနေအောင်က အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ ဘယ်လို ဆက်စပ်မှုရှိခဲ့တယ်ဆိုတာ ရှင်းပြ ပေးပါဦး။
ကိုနေအောင်။ ။ ဦးသိန်းညွန့်နဲ့ ကျွန်တော်က သားအဖပါ။ ဟိုးအရင်တုန်းက ပါတီတည်ထောင်သူ ၂၀ ဦးထဲမှာ ကျွန်တော်က တစ်ဦးအပါအဝင်ပါ။ ကျွန်တော်ဘာလို့ ပါခဲ့တာလဲဆိုတော့ အဲဒီအချိန်တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ သူက (ဦးသိန်းညွန့်) ရွေးကောက်ပွဲဝင်မယ်ဆိုပြီး ထွက်လာခဲ့တာလေ။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် လုပ်မယ်ထင်လို့ ကျွန်တော်က ၂၀၁၀ မှာ ပံ့ပိုးကူညီခဲ့တာပါ။ နောက်ပိုင်းတော့ ကျွန်တော်က မပံ့ပိုးတော့ဘူး။ ဘာလို့မပံ့ပိုးလည်းဆိုတော့ နောက်ပိုင်းကျတော့ သူက ပြည်ခိုင်ဖြိုးပါတီနဲ့ ကြေညာချက်တွေ တွဲထုတ်တယ်။ သူ့ကို Mandate ပေးထားတယ်ဆိုပြီး သူ့ရဲ့သဘောထားတစ်ခုတည်းနဲ့သွားပြီး Mandate တွေ လက်မှတ်ထိုးတယ်။ ကျွန်တော်တို့က ဘာမှမသိဘူး။ သွားမယ်ဆိုရင် ပါတီခေါင်းဆောင်တွေ၊ CEC အစည်းအဝေးခေါ်ပြီးမှ သွားရမှာ။ တစ်ခါလောက်ပေးထားတဲ့ Mandate ကို တစ်သက်လုံးအသုံးချလို့မရဘူး။ ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးပေါင်းပြီး လက်မှတ်တွေထိုးတယ်။ ကျွန်တော်အဲဒါကို လက်မခံဘူး။ မကြိုက်ဘူးလေ။ သူ့ရဲ့မူဝါဒကို အဲဒီမှာ ကျွန်တော်စပြီး မကြိုက်တော့ဘူး။
နောက်ပြီးတော့ အတိုက်ခံကောင်းမဟုတ်ဘဲနဲ့ တိုက်ခိုက်နေတယ်ဗျာ။ ဒါမျိုးတွေဆိုရင် ကျွန်တော်က လက်မခံဘူး။ ပြီးတော့ပါတီရဲ့မူဝါဒရော သူရဲ့မူဝါဒရော လုံးဝလက်မခံဘူး။ နောက်ဆုံးတော့ သူက ၃၄ ပါတီသွားတွေ့တယ်။ ပိုဆိုးတာပေါ့ဗျာ။ သူကိုယ်တိုင် တပ်မတော်ကို အာဏာသိမ်းဖို့ နှပ်ကြောင်းပေးခဲ့တာ။ ဒါတွေက ကျွန်တော်ပြောတာ မဟုတ်ဘူး။ သတင်းဌာနတွေရေးခဲ့ကြတာပဲ။ အဲဒီနောက်ပိုင်း ကျွန်တော်က ဘာမှမကူညီတော့ဘူး။ မပံ့ပိုးတော့ ဘူး။
မော်ကွန်း။ ။ ဘာတွေ ပံ့ပိုးခဲ့တာလဲခင်ဗျ။
ကိုနေအောင်။ ။ သူ့ရဲ့ပါတီရုံးအခြေစိုက်တဲ့ မြေကြီးက ကျွန်တော်တို့ မှတ်ပုံတင်စာချုပ်နဲ့ ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကိုရယ် ပိုင်ဆိုင်တဲ့ မြေကြီးပါ။ ဆိုတော့ ကျွန်တော်က ဒီပါတီရုံးကို ဖွင့်ဖို့မပေးတော့ဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာတွေ တင်ထားတယ်။ ရွေးကောက်ပွဲကာလဆိုတော့ အလုပ်မဖြစ်ဘူး ပေါ့။ အခုတော့ ရွေးကောက်ပွဲကော်မရှင်က မရှိတော့ဘူးဆိုတော့ ဘယ်သူ့တိုင်ရမှန်းတောင် မသိတော့ဘူးပေါ့ဗျာ။
မော်ကွန်း။ ။ ဒါဆို ဦးသိန်းညွန့်တို့ဘက်က ဖယ်မပေးသေးဘူးပေါ့။
ကိုနေအောင်။ ။ လက်ရှိကတော့ ဖယ်မပေးသေးဘူးပေါ့။ ကျွန်တော်ကတော့ လုံးဝခွင့်မပြုတော့ဘူး။ ကျွန်တော်က အရင်က ဒီမြေကြီးနေရာကို ခွင့်ပြုခဲ့တယ်ဆိုတာ တိုင်းပြည်နဲ့ ပြည်သူအတွက် အလုပ်လုပ်ဖို့ပေးတာ။ အဲဒီတော့ ကျွန်တော်က ဒါကို တိုင်းပြည်နဲ့ ပြည်သူအတွက်မဟုတ်ဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးပေါင်းတာတွေ၊ ဒီလို လုပ်တာတွေအတွက်ဆိုရင် ကျွန်တော်က မပေးနိုင်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တာ ဒါပဲ။
မော်ကွန်း။ ။ ဒီပါတီမှာ ကိုနေအောင်အပြင် ဘယ်သူတွေ ပါဝင်ခဲ့သေးလဲဗျ။
ကိုနေအောင်။ ။ ကျွန်တော့်အစ်ကိုကတော့ ပါတီထဲမှာ မပါခဲ့ဘူး။ ကျွန်တော့်အမျိုးသမီးကတော့ အရင်တုန်းက ပါတီမှာ အတွင်းရေးမှူးလုပ်ပေးခဲ့တယ်။ သူလည်းဦးသိန်းညွန့်ရဲ့ မူဝါဒတွေ၊ လုပ်ကိုင်ပုံတွေ မကြိုက်ဘူး။ အဲဒီအတွက် ကျွန်တော်တို့က မကူညီတော့ဘူး။ သူတို့ကလည်း ကျွန်တော်တို့ကို ဘယ်အချိန်ထုတ်ထားလည်းမသိဘူး။ ထုတ်ထားတာ ကျွန်တော်တို့လည်း မသိလိုက်ပါဘူး။ ရှင်းရှင်းပြောရရင် ပါတီကနေ ကျွန်တော်တို့ကို ဥပဒေနဲ့မညီ ထုတ်ထားတာ။ အစည်းအဝေးခေါ်တာတွေ ကျွန်တော်တို့ကို ခေါ်ယူဆွေးနွေးတာတွေ၊ သတိပေးတာတွေ ဘာမှ မရှိဘူး။
မော်ကွန်း။ ။ အစ်ကိုအနေနဲ့ သားအဖဖြစ်တယ်ဆိုပေမယ့် အန်ကယ်ဦးသိန်းညွန့်ရဲ့ ရပ်တည်ချက်တွေကို မကြိုက်ဘူးဆိုတဲ့သဘောပေါ့။
ကိုနေအောင်။ ။ မကြိုက်ဘူး၊ လက်မခံဘူး၊ လုံးဝဆန့်ကျင်ကန့်ကွက်တယ်။
မော်ကွန်း။ ။ အခုဆိုရင် အန်ကယ်ဦးသိန်းညွန့်က တပ်မတော်က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှာ ပါဝင်သွားပြီပေါ့လေ။ သားတစ်ယောက်အနေနဲ့ ပြည်သူလူထုကို ဘာများသတင်းစကားပေးချင်လဲ။
ကိုနေအောင်။ ။ ၁၉၉၀ မှာ NLD ကနေ သူရွေးကောက်ပွဲဝင်ခဲ့တယ်။ သင်္ဃန်းကျွန်းပြည်သူလူထုကြီးက သူ့ကို တစ်ခဲနက်ထောက်ခံအားပေးလိုက်တယ်။ ၂၀၁၀ မှာ NLD ကရွေးကောက်ပွဲမဝင်ဘူးဆိုလို့ သူတို့ ဦးခင်မောင်ဆွေတို့ ခွဲထွက်လာခဲ့တယ်။ ခွဲထွက်လာပြီး ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တယ်။ သင်္ဃန်းကျွန်းပြည်သူလူထုက ဒီမိုက ရေစီအင်အားစုတွေပဲဆိုပြီး တစ်ခဲနက်ထောက်ခံအားပေးလိုက်ကြတယ်။ မနေ့က ကြေညာ ချက်ထွက်လာတဲ့အပေါ်မှာ ကျွန်တော်လုံးဝလက်မခံဘူး။ ကန့်ကွက်ရှုတ်ချတယ်။ တိုင်းပြည်ရဲ့ သစ္စာဖောက်လောက်ကောက်အဖြစ် ကျွန်တော်မှတ်ချက်ပြုတယ်။
မော်ကွန်း။ ။ အစ်ကိုတို့က သားအဖဖြစ်နေတယ်ဆိုတော့ ဖခင်အဖြစ်ရော အသိအမှတ်ပြုသေးလားခင်ဗျ။
ကိုနေအောင်။ ။ သူ့က ကျွန်တော့်ကို သတင်းစာမှာ သားအဖြစ်ကနေ စွန့်လွတ်ထားတယ်ဗျ။ မြန်မာ့ထုံးတမ်းအရတော့ တရားမဝင်ပါဘူး။ ကျွန်တော်လည်း ဒီလို တိုင်းပြည်အပေါ်မှာ သစ္စာဖောက်တဲ့လူကို ကိုယ့်ကိုမသတ်မှတ်ရင် ကိုယ်လည်း မသတ်မှတ်ပါဘူး။
#Interview