ဘွန်းနှင့်ဘာလင်သို့

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Travelogue ဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

ဂျာမနီဟုဆိုလိုက်လျှင် ကျွန်တော့်အာရုံ၌ စက်မှု ထွန်း ကားသည့် နိုင်ငံ၊ ဂျာမနီအဓိပတိ အယ်ဂျလာမာကယ်နှင့် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းကိုသာ ပြေးမြင်မိသည်။

ပြီးလျှင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သည့် နိုင်ငံ၊ ဂျူးလူမျိုး ခြောက်သန်းကို သတ်ခဲ့သည့် အဒေါ့ဖ်ဟစ် တလာနှင့် နာဇီဝါဒ၊ ဟောလိဝုဒ်က ရိုက်ကူးသည့် ကမ္ဘာ့စစ် နောက်ခံ ရုပ်ရှင်ဇာတ်ကားများမှ ဂျာမနီစစ်သားများ၊ ပြီးတော့ ဂျာမနီကို အရှေ့၊ အနောက် ခြားခဲ့သည့် ဘာလင်တံတိုင်းကြီး။ ဤအရာတို့သည် ဂျာမနီဟု ဆိုလိုက်လျှင် ကျွန်တော့်ခေါင်းထဲ ပေါ်လာသည့် အရာများပင် ဖြစ်သည်။

နိုဝင်ဘာနောက်ဆုံးပတ်တွင် ထိုအရာများဖြစ်ထွန်းရာ ဂျာမနီသို့သွားဖို့ အကြောင်းဖန်လာလေသည်။ ဂျာမနီနိုင်ငံရှိ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ချိတ်ဆက်ထားသည့် ပညာရေးစနစ်ကို သွားရောက် လေ့လာရန် ဂျာမနီသံရုံးက ဖိတ် ကြားလာခြင်း ဖြစ်သည်။

ကျွန်တော်သည် အရှေ့တောင်အာရှနိုင်ငံတချို့သို့ ရောက် ဖူးသည်။ အမေရိကသို့ တစ်ခေါက်ရောက်ဖူးသည်။ သို့သော် ဥရောပသို့ မရောက်ဖူးသေး။ ဂျာမနီမှာ ဥရောပတိုက်၏ အလယ် တွင်ရှိရာ ကျွန်တော့်မှာ ဥရောပတိုက်သို့ ခြေချရဦးမည့် အခွင့် အရေးပင် ဖြစ်သည်။

နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ခရီးစထွက်မည်ဖြစ်ရာ ဥရောပတိုက်သို့ ရောက်ဖူးသူတို့က ကျွန်တော့်ကို အနွေးထည် ကောင်းကောင်း ယူသွားဖို့ မှာသည်။ ဂျာမနီသို့ ရောက်လျှင် နှင်း များကို တွေ့ရမည့်အကြောင်းကိုလည်း ပြောပြကြသည်။ ပြီး တော့ ဂျာမနီက ဘီယာတွေကို မြည်းစမ်းကြည့်ခဲ့ဖို့လည်း အသေအချာ မှာကြားလိုက်သေးသည်။

သွားခဲ့ဖူးသည့် နိုင်ငံခြားခရီးစဉ်များတွင် ကျွန်တော်သည် တစ်ယောက်တည်းသွားခဲ့ခြင်းမျိုးမဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက် သတင်းသမားများနှင့်အတူ အဖွဲ့လိုက်သွားခဲ့ရခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ယခုဂျာမနီ ခရီးစဉ်တွင်လည်း တခြားသော သတင်း စာများ၊ ဂျာနယ်တိုက်များမှ သတင်းသမားများ ပါလိမ့်မည်ဟု ထင်ထားသည်။ မည်သူတွေ ပါမည်ဆိုတာကိုတော့ ထွေထွေထူး ထူး စုံစမ်းမနေတော့ဘဲ လေဆိပ်ရောက်မှသာ တွေ့ကြမည်ဟု တွေးထားလိုက်သည်။

photo-kyaw zayar htun နိုင်ငံရေးသမားများ သတင်းစာဆရာများ လာထိုင်တတ်သည့် ဘွန်းမြို့မှနာမည်ကြီးပီဇာဆိုင်

ခရီးစဉ် အစ

နိုဝင်ဘာ ၂၅ နံနက် ၅း၅၅ တွင် လေယာဉ်ထွက်မည်ဖြစ်ရာ ကျွန်တော်သည် အိမ်မှ လေဆိပ်သို့ နံနက် ၃း၃၀ အချိန်ထွက် လာခဲ့သည်။ မနက်စောစော ကားလမ်းရှင်းနေသဖြင့် လေဆိပ်သို့ ၄း၁၀ ခန့်တွင် ရောက်သည်။ လေဆိပ်အဆောက်အအုံမှာ တံခါး မဖွင့်သေးသဖြင့် နိုင်ငံခြားသားခရီးသည်တချို့ အဆောက်အအုံ ရှေ့တွင် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ လေဆိပ် သို့ရောက်ရောက်ချင်း ကျွန်တော်သည် ကိုယ့်အသိတွေကို လိုက် ရှာမိသည်။ သို့သော် သေနတ်ကိုင်ထားသည့် လုံခြုံရေးရဲဝန်ထမ်း နှစ်ဦးမှ လွဲ၍ မြန်မာခရီးသွားတစ်ဦးကိုမျှ မတွေ့ရ။

ခဏအကြာတွင် ကားများတစ်စီးပြီး တစ်စီးရောက်လာရာ ကိုယ်နှင့် ခရီးသွားမည့် အဖော် သည်တစ်စီးတွင် ပါလေမလား၊ နောက်တစ်စီးတွင် ပါလေမလားဟု မျှော်ကာမျှော်ကာ နေသော် လည်း တစ်ဦးမျှ ပေါ်မလာ။ ယခုနောက်ပိုင်း ကျွန်တော်သည် ရုံးမှာသာအနေများပြီး အပြင်သို့မထွက်နိုင်သောကြောင့် တချို့ သော သတင်းသမားများကို မသိတော့ပြီဖြစ်လေရာ ယခုလေ ဆိပ်သို့ ရောက်လာသည့် မြန်မာများတွင် ကိုယ်မသိသည့် သတင်းထောက်များလည်း ဖြစ်နေနိုင်သည်ဟု ကျွန်တော်တွေးမိ နေသေးသည်။

လေဆိပ်အဆောက်အအုံ တံခါးဖွင့်သည်နှင့် ကျွန်တော် စီးရမည့် Bangkok Airways လေကြောင်းလိုင်း ကောင်တာသို့ သွားကာ ချက်ချင်းတန်းစီရသည်။ ယင်းသို့တန်းစီနေစဉ်တွင် ကျွန်တော်သည် ကိုယ်နှင့် ခရီးသွားမည့်အဖော် ပေါ်လာလေ မလားဟု လေဆိပ်တံခါးဝသို့ တစ်ချက်တစ်ချက်လှမ်းကြည့်မိ သေးသည်။ နောက်ဆုံး လူဝင်မှုကြီးကြပ်ရေး ဖြတ်ပြီးသည့်အခါ မှာတော့ ကျွန်တော်သည် ဘယ်သူ့ကိုမှ ဆက်၍မမျှော်တော့။ မြန်မာပြည်က သတင်းထောက်များကို ဘန်ကောက်လေဆိပ်တွင်လည်း တွေ့နိုင် သည်၊ ဂျာမနီရောက်လျှင်တော့ ကျိန်းသေ တွေ့ရမည်ဟု ကျွန်တော်တွေးထား လိုက်သည်။

ကျွန်တော်စီးလာသည့် Bangkok Airways  လေယာဉ်ပေါ်တွင် နိုင်ငံခြား သားက အများစုဖြစ်ပြီး မြန်မာက အနည်း ငယ်သာပါသည်။ ထိုင်းနိုင်ငံ၊ သုဝ်္ဏဘူမိ လေဆိပ်သို့ရောက်တော့ နံနက်ရှစ်နာရီ ကျော်ဖြစ်သည်။ ကျွန်တော်သည် ထိုင်း နိုင်ငံသို့ ခဏခဏ ရောက်ဖူးသော်လည်း သုဝဏ္ဏဘူမိလေဆိပ်ကို ယခုမှ ပထမဆုံး ရောက်ဖူးခြင်းဖြစ်သည်။ ယင်းလေဆိပ် တွင် လေဆိပ်ဂိတ်ပေါက် များသလို သွားရ မည့် လမ်းကြောင်းများကလည်းများသည်။

အမေရိကခရီးစဉ်တုန်းက လေ ယာဉ်ကို တစ်ဆင့်ပြီး တစ်ဆင့် မိုင်ပေါင်း များစွာ စီးခဲ့လေရာ ထိုစဉ်က အတွေ့အကြုံ များက ယခုခရီးစဉ်တွင် အတော်ပင် အသုံးဝင်နေသည်။ ကျွန်တော်သည် ဂျာမနီကို ရောက်ဖို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် နယ်သာလန်နိုင်ငံ၊ အက်စတာဒန်လေဆိပ်သို့ သွားရမည်ဖြစ် သည်။ ယင်းမှတစ်ဆင့် ဂျာမနီနိုင်ငံ ဒူ ဆယ်ဒရက်ဖ်လေဆိပ်သို့ ထပ်မံသွားရ မည် ဖြစ်သည်။

photo-kyaw zayar htun Old Town Hall ရှေ့မှ ဘီသိုဗင်ရုပ်ထု

ထို့ကြောင့် သုဝဏ္ဏဘူမိလေဆိပ် ရောက်တော့ လေယာဉ် ပြောင်းစီးရမည့် သူများအတွက် Transfer ဟု ရေးသား ထားသော လမ်းဩန်များအတိုင်း အပေါ် တက်၊ အောက်ဆင်းနှင့် လမ်းလျှောက် သွားလိုက်သည်။ လမ်းဩန်ဆိုင်းဘုတ်များ အဆုံးတွင်ကမ္ဘာအနှံ့ပျံသန်းနေကြသည့် လေယာဉ်များ၏ ထွက်မည့်အချိန်၊ လေ ယာဉ်အမှတ်၊ ထွက်မည့်ဂိတ်နှင့် လေ ယာဉ်၏ နောက်ဆုံး အခြေအနေများကို ဖော်ပြထားသည်။ ခရီးသည်တို့သည် ထို အချက်အလက်များကို မှတ်သားကာ ကိုယ်စီးရမည့် လေယာဉ်ဆီကို သွားရလေ သည်။ ယင်းသို့ ဖော်ပြထားသည့်တိုင် ဂိတ်မှားပြီးရောက်လာသည့် ခရီးသည်များကိုလည်း တွေ့ရသည်။

ကျွန်တော်စီးရမည့် လေယာဉ်သည် နေ့လယ် ၁၂ နာရီ အချိန်မှ သုဝဏ္ဏဘူမိလေဆိပ်မှ ထွက်မည်ဖြစ်ရာ လေဆိပ်တွင် လေးနာရီကျော်ကြာ စောင့်ဆိုင်းရမည် ဖြစ်သည်။ ကျွန်တော့်လို စောင့်ဆိုင်းနေကြသည့် ခရီးသည်များစွာကိုလည်း တွေ့ရသည်။ လေဆိပ်တွင် ယင်းသို့ စောင့်ဆိုင်းရသည့် ခရီးသည်များ အိပ်စက် အနားယူနိုင်ဖို့ လဲလျောင်းအိပ်စက်နိုင်သည့် ဆိုဖာထိုင်ခုံများ ချထားပေးတာကိုလည်း တွေ့ရသည်။ ကွန်ပျူတာနှင့် ဖုန်းများ အားသွင်းဖို့ကိုလည်း နေရာများ လုပ်ပေးထားသည်။

လေဆိပ်တွင် အင်တာနက်ကို နှစ်နာရီကြာ အခမဲ့ အသုံးပြု ခွင့်ကိုလည်း ပေးထားသည်။ အခပေးအင်တာနက် သုံးမည်ဆိုပါ ကလည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် ကျွန်တော်သည် အင် တာနက်လိုင်းဖွင့်ကာ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဇနီးသည်ထံ ဆက် သွယ်လိုက်သည်။ အင်တာနက်မှာ လိုင်းကောင်းသဖြင့် ဗီဒီယိုဖြင့် ပါ ဆက်သွယ်၍ ရသည်။ ဇနီးသည်က ဘယ်ရောက်နေပြီတုံး၊ အားလုံးအဆင်ပြေရဲ့လား၊ ဘာတွေလုပ်နေတုံး၊ ဘယ်သူတွေပါ သေးတုံး စသဖြင့် မေးခွန်းများကို ဆက်မေးသည်။

ပြည်ပခရီးဆိုလျှင် အဖော်များ မပါလျှင်တောင် အနည်း ဆုံး ဇနီးသည်နှင့်သာ အတူတူသွားလေ့ရှိသော ကျွန်တော်သည် ယခုလို မေးခွန်းအမေးခံလိုက်ရသည့်အခါ အားငယ်သလိုလိုနှင့် ရင်ထဲဝမ်းနည်း၍ပင် လာသည်။ ကျွန်တော်တစ်ယောက်တည်း ဆိုသည့်အတွက် သူလည်း စိတ်ကောင်းလိမ့်မည် မဟုတ်။ သူက ဂရုစိုက်သွားဖို့နှင့် လိုအပ်ပါက အင်တာနက်သုံးပြီး နီးစပ်ရာလူကို အကူအညီ တောင်းဖို့ ထပ်၍ သတိပေးသည့်အခါ ကျွန်တော့်မှာ ပို၍ပင် ဝမ်း နည်းရသည်။

ကျွန်တော်တို့နှစ်ယောက်သည် တစ်ဦးမဟုတ် တစ်ဦးက ခရီးသွားရသည်ဆိုပါက စကားကို လိုတိုရှင်းသာ ပြောဖို့ မှာထား သည်။ ဘယ်ရောက်နေပြီ၊ ဘာလုပ်သည်၊ အဆင်ပြေသည် စသည့် စကားက အကုန်သာဖြစ်သည်။ ထို့ထက်ပိုပြီး သိပ်မပြော။ ပြီးတော့ “သတိရတယ်”ဆိုသည့် စကားတွေ မပြောဖို့ကို အထူးမှာ ထားရသည်။ အကြောင်းက ထိုစကားသံများ ကြားပါက ကျွန် တော်၏ တင်းထားသည့်စိတ်များ ချက်ချင်းပျော့ကျကာ ရင်ထဲ တွင် မကောင်း။ ထို့ကြောင့် တစ်ခါတလေ ဖုန်းမဆက်ဖို့ကိုပင် မှာရတာမျိုးရှိသည်။ သို့ဖြစ်၍  ယခုလည်း ကျွန်တော်သည် သူနှင့် ဗီဒီယိုကောလ်ဖြင့် စကားပြောနေတာကို ရပ်ပစ်လိုက်သည်။ ချက်ဘောက်က တစ်ခွန်း၊ နှစ်ခွန်းပြောကာ စကားဆက်မပြော တော့။ ကျွန်တော်သည် ယခုလို အိမ်နှင့် ခွဲရသည့်အခါ ဇနီးနှင့် မိသားစုဝင်တွေကို သတိရတာကတော့ အမှန်ပင်။ ယခုနောက် ပိုင်းတွင် မိသားစုနှင့်အတူ အချိန်ပေးရခြင်းကို ပို၍ တန်ဖိုးထား တတ်လာသည်။ ထို့ကြောင့် ယခုလို ရက်ပိုင်းလောက်ခွဲရသည် ကိုပင် မနေနိုင်လျှင် အချိန်ကြာကြာ ခွဲရမည်ဆိုပါက မလွယ်ကူ လှဟု ကျွန်တော်တွေးနေမိသည်။

photo-kyaw zayar htun ဘီသိုဗင် ပြတိုက်ရှိရာ လမ်းကြား

ဥရောပသို.ခရီးစဉ်

ထိုင်းနိုင်ငံစံတော်ချိန် ၁၁ နာရီ အချိန်မှာတော့ ကျွန်တော် တို့သည် လေယာဉ်ပေါ်တက်ဖို့ အသင့်ပြင်ကြရသည်။ ကျွန်တော် တို့ လိုက်ပါစီးနင်းရမည့် လေယာဉ်မှာ ခရီးသည် ၄၀၀ ခန့်ဆံ့သည့် ဘိုးရင်းလေယာဉ်ဖြစ်သောကြောင့် လိုက်ပါမည့်ခရီးသည်က များသည်။ ကျွန်တော်သည် ခရီးသွားဖော် တွေ့လေမလားဆိုသော အတွေးဖြင့် အဆိုပါ ခရီးသည်များထဲတွင် ဂျာနယ်လစ်ဖြစ်နိုင် သည့် သူကို လိုက်ရှာနေမိသေးသည်။

လေယာဉ်ပေါ်တွင် ထိုင်ခုံများက ၁၀ခုံလျှင် တစ်တန်းဖြစ် သည်။ ဘေးနှစ်ဖက်တွင် သုံးခုံစီရှိပြီး လူသွားလမ်းဖြင့် ခြား ထားကာ အလယ်တွင် ထိုင်ခုံက လေးခုံဖြစ်၏။ ကျွန်တော်သည် အလယ်တန်းလျှောက်လမ်းဘေးက ခုံတွင် ထိုင်ရသည်။ ကျွန် တော့်ဘေးတွင် နယ်သာလန်နိုင်ငံသားတစ်ဦး၊ သူ့ရဲ့ဘေးတွင် အာရှသူတစ်ဦးနှင့် ဥရောပသားဟုထင်ရသည့် အမျိုးသားတစ်ဦး တို့ဖြစ်သည်။

ကျွန်တော့်ဘေးတွင် ထိုင်သည့် နယ်သာလန်နိုင်ငံသားမှာ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ဖြစ်သည်။ သူ့မျက်နှာပေါ် တွင် ယမကာအငွေ့အသက်တို့ ဖုံးလွှမ်းနေသည်ဟု ထင်ရသည်။ သူ၏ အပေါ်သွားလေးချောင်းလောက်က ကျိုးနေသဖြင့် သူရယ် သည့်အခါ ယင်းသွားကျိုးသည့်နေရာမှ လျှာလေးက ပြူတစ်ပြူ တစ် ဖြစ်နေသည်။ စကားပြောသည့်အခါ အသံလေးတွဲတွဲဖြင့် တစ်ခွန်းချင်း ပြောလေသည်။

လေယာဉ်စထွက်သည်နှင့် သူက အိပ်ဖို့ပြင်သည်။ ပြီးတော့ သူ ဟောက်တတ်သည့်အကြောင်း ကျွန်တော့်ကို ကြိုတင်မေတ်္တာ ရပ်ခံထားသည်။ ကျွန်တော်က ကိစ်္စမရှိကြောင်းပြောလိုက်သည်။ စိတ်ထဲမှာတော့ ကိုယ့်အတွေးနှင့်ကိုယ် ရယ်ချင်နေမိ၏။ သူသည် နယ်သာလန်နိုင်ငံက ဖြစ်ကြောင်း၊ ကျိုးနေသည့် သူ့သွားကို ထိုင်း နိုင်ငံတွင် ဈေးသက်သာသဖြင့် ဆရာဝန်နှင့် လာပြခြင်းဖြစ် ကြောင်း၊ နောက်တစ်ခေါက်မှ သွားများကို စိုက်မည်ဖြစ်ကြောင်း နှင့် ယခုရက်ပိုင်းအတွင်း သူ့သားမွေးနေ့ရှိကြောင်း ပြောပြပြီး သူ့ သား၏ ဓာတ်ပုံလေးကို ထုတ်ပြ၏။ ပြီးတော့ ကျွန်တော့်ကိုလည်း ဘယ်ကလဲ၊ ဘယ်သွားဖို့လဲ စသဖြင့် မေးသည်။

photo-kyaw zayar htun ဘီသိုဗင်ပြတိုက်ဘေးရှိဥယျာဉ်

ပြီးတော့ ကျွန်တော်သည် ဘယ်အချိန် အိပ်ပျော်သွားသည် မသိ ပြန်နိုးလာတော့ ဘေးတွင် ထိုင်နေသည့် နယ်သာလန်နိုင်ငံ သားသည် ကျွန်တော့်ကို မျက်လုံးပြူးပြီး လန့်သွားသည့် အမူ အရာဖြင့် ““အိုး မင်းတော်တော်ဟောက်တာပဲ”” ဟုဆိုကာ သူ့ ဘေးတွင်ထိုင်နေသည့် အမျိုးသမီးကိုပင် လက်တို့ကာ ပြောလိုက် သေးသည်။ ကျွန်တော်သည် သူ့အမူအရာကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်။ သို့သော် နောက်တစ်ခါ အိပ်သည့်အခါမှာတော့ ဟောက်သံ မထွက်စေရန် မျက်နှာပေါ် စောင်ခြုံထားရလေသည်။

လေယာဉ်ပေါ်တွင် လေယာဉ်မယ်များက မကြာခဏဆို သလို အစားအသောက်များနှင့် လာရောက်ဧည့်ခံသည်။ အချို ရည်၊ ကော်ဖီနှင့် အဖျော်ယမကာများ လာတိုက်သည်။  အဆာ ပြေ ပေါင်မုန့်နှင့် ကိတ်မုန့်များ လာကျွေးသည်။ နေ့လယ်စာ၊ ညနေစာတို့ဖြင့် တည်ခင်းဧည့်ခံသည်။

ခရီးသည်များထိုင်သည့် ထိုင်ခုံများတွင် တီဗီတစ်ခုစီ ပါသည်။ သီချင်းနားထောင်လို့ရသည်၊ ဗီဒီယိုဇာတ်လမ်းမျိုးစုံ လည်း ရှိသည်။ လေဆိပ်များသို့ရောက်လျှင် မည်သို့သွားရမည် ဆိုသည့် လမ်းဩန်ချက်များလည်း ပါသည်။

ပြီးတော့ မိမိစီးနေသည့် လေယာဉ်သည် အမြင့်ဘယ် လောက်က ပျံနေသည်၊ အမြန်နှုန်းဘယ်လောက်ရှိသည်၊ မိုင် ပေါင်း ဘယ်လောက်ထိ မောင်းလာခဲ့ပြီး ဘယ်နှမိုင်အထိ မောင်း ရဦးမည်၊ ဘယ်လမ်းကြောင်းကနေ ပျံသန်းသည် စသည့် အချက် အလက်များကိုလည်း အဆိုပါတီဗီတွင် ကြည့်၍ရသည်။ လေ ယာဉ်သည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ်္စတန်နိုင်ငံများ ပေါ်က ဖြတ်သန်းမောင်းနှင်သွားသည်ကို တွေ့နေရသည်။

နယ်သာလန်နိုင်ငံသို့ ၁၂ နာရီကြာ ပျံသန်းလိုက်ရသည်။ နယ်သာလန်နိုင်ငံ၊ အက်စတာဒန်လေဆိပ်(Amsterdam Airport) သို့ရောက်တော့ ည ၇ နာရီထိုးလေပြီ။ (မြန်မာနိုင်ငံမှ ၂၅ ရက် မနက် ၆ နာရီတွင်ထွက်လာခဲ့ရာ နယ်သာလန်သို့ ယင်း နေ့ ည ၇ နာရီအချိန် ရောက်သည့်သဘောဖြစ်သည်။ သို့သော် နယ်သာလန်နိုင်ငံတွင် ည ၇ နာရီက မြန်မာနိုင်ငံတွင် ၂၆ ရက် မနက်၁ နာရီကျော်ခန့်ရှိမည် ဖြစ်သည်။)အပြင်ဘက်တွင် မီး ရောင်များက လင်းလက်နေသည်။ ရာသီဥတု အပူချိန်မှာ ၅ ဒီ ဂရီစင်တီဂရိတ်ရှိပြီး မိုးဖွဲလေးများ ကျနေသည်ဟု လေယာဉ်မှ ကြေညာပေးသည်။

photo-kyaw zayar htun ဘီသိုဗင်ပြတိုက်

အက်စတာဒန်လေဆိပ်တွင် ၃ နာရီခန့်ထပ်မံစောင့်ဆိုင်းပြီး ဂျာမနီနိုင်ငံ ဒူဆယ်ဒရက်ဖ်လေဆိပ် (Duesseldorf) သို့ တစ် နာရီခန့်မျှ ထပ်မံခရီးဆက်ရပြန်သည်။ ဒူဆယ်ဒရက်ဖ်လေဆိပ်သို့ရောက်သည့်အခါ အထုပ်အပိုးများ ယူပြီး လေဆိပ်အပြင်သို့ ထွက်ခဲ့သည်။ ကျွန်တော့်ကို လာကြိုသည့် အမျိုးသမီးအား ချက် ချင်းတွေ့ရသည်။ ရုတ်တရက် ကြည့်လိုက်စဉ် အသက်ကြီးကြီး အမျိုးသမီးကြီးဟု ထင်ရသော်လည်း သေချာကြည့်သည့်အခါမှ ကျွန်တော့်ထက်ပင် အသက်ငယ်မည်ဟု ခန့်မှန်းရသည်။

သူ့နာမည်က မစ်္စကလူဒီယာ(Mr.Claudia Trantaw)ဟု ခေါ်သည်။ အသားဖြူဖြူ၊ အရပ်က မနိမ့်မမြင့်။ ခန်္ဓာကိုယ်မှာ လည်း မပိန်မဝ။ သူ့ဆံပင်ကို မဟော်ဂနီရောင်ပျော့ပျော့ဆိုးထား ပြီး ခေါင်းစည်းကိုလည်း စည်းထားတာ တွေ့ရသည်။ နှုတ်ခမ်းနီ ပါးပါးဆိုးထားသည့် သူ့နှုတ်ခမ်းမှာ ပြုံးပြလိုက်သည့်အခါ နွေး ထွေးဖော်ရွေမှုတို့ကို အတိုင်းသားခံစားရသည်။ စကားပြော သည့်အခါ အသံကို အုပ်ပြီး တိုးတိုးလေးလေးပြောသည်။

ညဉ့်နက်နေပြီဖြစ်ရာ ညစာအတွက် လေဆိပ်မှ တစ်ခုခု ဝယ်သွားဖို့ အကြံပြုသည်။ အနီးအနားရှိ ကော်ဖီဆိုင်သို့ ဝင်ကြည့် ရာ ပီဇာတစ်မျိုးသာ တွေ့သည်။ ထို့ကြောင့် ပီဇာကို ပါဆယ်ထုပ် ပြီး တက်္ကစီရှိရာသို့ ထွက်လာကြသည်။ လေဆိပ်ထွက်ပေါက် ရှေ့ တွင် ရပ်ထားသည့် မာစီဒီးအမျိုးအစား တက်္ကစီတစ်စီးကို ငှား လိုက်သည်။

တက်္ကစီ၏နောက်ခန်းထဲ ဝင်ထိုင်လိုက်ပြီးသည်နှင့် ကျွန် တော်သည် ထိုင်ခုံခါးပတ်ပတ်လိုက်သည်။ သို့သော် တက်္ကစီက အသံမြည်နေသည်။ ကလူဒီယာက ကျွန်တော့်ကို ခါးပတ်ပတ်ဖို့ ပြောတော့ ပတ်ပြီးကြောင်း ပြန်ဖြေသည့်အခါ တက်္ကစီဆရာက ကျွန်တော်တို့နှစ်ယောက်ကြားက လွတ်နေသည့်အလယ်ခုံမှ ခါး ပတ်ကိုလည်း တပ်ပေးဖို့ ပြောသဖြင့် ယင်းထိုင်ခုံခါးပတ်ကို တပ် ပေးလိုက်သည့်အခါမှ တတီတီနှင့် အော်နေသည့်အသံ တိတ် သွားလေတော့သည်။

photo-kyaw zayar htun ဘီသိုဗင်တွင်လာထိုင်လေ့ရှိသည့် Old Town Hall ဘေးနားမှ Em Hottche စားသောက်ဆိုင်

တက်္ကစီမှာ အဝေးပြေးလမ်းမကြီးအတိုင်း အရှိန်ပြင်းပြင်း ဖြင့် မောင်းနှင်သွားလေသည်။ ကားလမ်းမှာ ကိုယ်တွေဆီက လမ်းတွေလို အဖုအထစ်မရှိ၊ တံတားတွေကို ဖြတ်သွားသည့်အခါ တွင်လည်း ကားသည် မြောက်တက်သွားတာမျိုး မဖြစ်။တက်္ကစီက မြန်လွန်းသဖြင့် ကားခေါင်းခန်းထဲသို့ လှမ်းကြည့်ရာ ကားဆရာသည် ကီလို ၁၆၀ အထိမောင်းနေတာကို တွေ့ရသည်။ သို့တိုင် ကျွန်တော်တို့ တက်္ကစီကို ကျော်တတ်သွားသည့် ကားများ ပင် ရှိသေးသည်။

ကျွန်တော်က တခြားသော ဧည့်သည်တွေရော ရောက်ပြီ လားဟု ကလူဒီယာကို မေးကြည့်သည်။ ကျွန်တော်ဟာ ပထမဆုံး ရောက်သည့်သူ ဖြစ်ပြီးယခုညတွင် နောက်တစ်ယောက် ထပ်မံ ရောက်မည်ဖြစ်ကြောင်းနှင့် မနက်ဖြန်တွင် အားလုံး ရောက်မည် ဖြစ်ကြောင်း ပြောပြသည်။ မြန်မာနိုင်ငံမှ ဘယ်သူတွေ ပါသေးတုံး ဟု မေးကြည့်သည့်အခါ မြန်မာပြည်မှ ကျွန်တော်တစ်ယောက် တည်းသာ ဖြစ်ပြီး တခြားသော ဧည့်သည်များမှာလည်း နိုင်ငံ မတူကြကြောင်း ရှင်းပြသည်။

ထိုအခါမှ မြန်မာနိုင်ငံမှ ကျွန်တော်တစ်ယောက်တည်း သာ ရောက်လာခြင်းဖြစ်သည်ကို သိလိုက်ရသည်။ ပြီးတော့ ယခု ရောက်လာမည့်ဧည့်သည်များတွင် ကျွန်တော်တစ်ယောက် တည်းသာ သတင်းထောက်ဖြစ်ပြီး တခြားသူများမှာ မတူညီ သည့် သက်ဆိုင်ရာဌာနများမှသာ ဖြစ်သည်။ ဟိုတယ်ရောက် သည့်အခါမှ ခရီးစဉ်၏ အသေးစိတ်အစီအစဉ်များ ပါသည့်စာ ရွက်ကို ပေးမည်ဟု ဆိုလေသည်။

လေဆိပ်မှ ကျွန်တော်တည်းခိုရမည့် ဘွန်းမြို့က Gunnewig Hotel Residence ဟိုတယ်သို့ တစ်နာရီကြာမျှ မောင်းလိုက်ရသည်။ ဘွန်းမြို့သို့ ဝင်ခါနီးတွင် မိုးဖွဲဖွဲရွာချသည်။ ဟိုတယ် သို့ရောက်သည့်အခါ  ည ၁၂ နာရီထိုးလေပြီ။ ဘွန်းမြို့မှာ ည အမှောင်တွင် အိပ်မောကျကာ တိတ်ဆိတ်၍ နေသည်။ ရာသီဥတု မှာအနွေးထည်ဝတ်ထားသည့်ကြားက အေးစိမ့်စိမ့်ဖြင့်။

 

ဘွန်းမြို့ (Bonn City)

နောက်တစ်ရက် မနက် ၉ နာရီ ခန့်တွင် ကျွန်တော် အိပ်ရာ က နိုးလာသည်။ ဟိုတယ်အနီးပတ်ဝန်းကျင်သို့ လမ်းထွက် လျှောက်ကြည့်သည်။ ရာသီဥတုက အေးစိမ့်စိမ့်။ လေက တစ် ချက်တစ်ချက်ဝှေ့ကာ တိုက်သည်။ ဆောင်းဝင်လာပြီဖြစ်၍ အဝါ ရောင်သစ်ရွက်တို့ မြေပြင်သို့ ကြွေကျပြီး ပြန့်ကြဲကာ နေသည်။ သစ်ပင်တို့မှာလည်း သစ်ရွက်မရှိတော့သဖြင့် အင်္ကျီချွတ်ထားခံရ သူများနှင့်သာ တူတော့သည်။

ဘွန်းမြို့သည် ရှေးဟောင်းမြို့ ကြီးတစ်ခုဖြစ်သည်။ ဂီတ ပညာရှင် လူးဒ်ဝစ်ဗန်ဘီသိုဗင် (Ludwig Van Beethoven) ၏ ဇာတိမြို့ဖြစ်သည်။ လူဦးရေ သုံးသိန်းကျော်ရှိပြီး ဘာလင်တံ တိုင်း မပြိုခင်၊ အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ မပေါင်းစည်းခင် အချိန်က အနောက်ဂျာမနီ၏ မြို့တော်ဖြစ်ခဲ့ဖူးသည့် မြို့ဖြစ်သည်။ လက်ရှိတွင် ဘွန်းမြို့၌ ဖယ်ဒရယ်ဝန်ကြီးဌာနရုံး ခြောက်ရုံး အခြေစိုက်နေဆဲဖြစ်သည်။

တနင်္ဂနွေနေ့တွင် ရုံးများ၊ ဈေးဆိုင်များ ပိတ်တတ်သည်ဟု ဆိုခြင်းကြောင့် လမ်းများပေါ်တွင် လူရှင်း၍နေသည်။ ဟိုတယ် အနီးတွင် ဖူဆယ်ဘောလုံးကွင်းသာသာ အကျယ်ရှိသည့် မြက် ခင်းစိမ်းကွင်းပြင်တစ်ခုကို တွေ့ရသည်။ ယင်း၏ဘေးဘက်တွင် လူနှစ်ယောက်ထိုင်၍ရသော သစ်သားခုံတန်းလေးများ ထား ပေးထားသည်။ စက်ဘီးများကို သော့ခတ်ထားနိုင်ရန် လုပ်ပေး ထားသည့်နေရာတွင် စက်ဘီးအစီး ၂၀ ခန့်ရပ်ထားသည်ကို တွေ့ရ၏။

ကျွန်တော်သည် မြက်ခင်းဘေးရှိ ထိုင်ခုံတွင် ခဏထိုင်ကာ ဟိုကြည့်၊ သည်ကြည့် လိုက်ကြည့်နေမိသည်။ ကားရှင်း၊ လူရှင်း လှသည်မှာ ““လူတွေ ဘယ်များရောက်ကုန်ကြသလဲ””ဟု မေးရ မလိုပင်ဖြစ်သည်။ လမ်းလျှောက်နေသူ တစ်ယောက်စ၊ နှစ် ယောက်စလောက်ကိုသာ တွေ့ရသည်။ မတော်လို့ အ်္တရာယ် ပြုခံရမည်ဆိုလျှင်တောင် ကူညီသူ ရှိမည်မဟုတ်ဟု ကိုယ့်ဘာသာ ကိုယ်တွေးမိကာ ဘေးဝဲယာသို့ ကြည့်ပြီး ထိုင်ရာမှထကာ ဆက် ၍ လမ်းလျှောက်ခဲ့သည်။

ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းတီးသံများ ရုတ် တရက်ကျယ်လောင်စွာ ကြားလိုက်ရသဖြင့် အသံလာရာသို့      လှမ်းကြည့်လိုက်ရာ အပေါ်သို့ ချွန်၍တက်နေသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးတစ်ခုကို တွေ့ရလေသည်။ အသံသာ ကြားရသော်လည်း လူများကို မတွေ့ရ။ ကျွန်တော်သည် တက်္ကသိုလ်တစ်ခုဘက်သို့ လှည့်ပတ်ကြည့်ကာ ဟိုတယ်သို့ ပြန် လာခဲ့တော့သည်။

အခန်းထဲပြန်ရောက်တော့ နောက်ရက်သွားဖို့၊ လာဖို့ အတွက် ကင်မရာနှင့် ဖုန်းတွေကို ကြိုတင်အားဖြည့်ထားဖို့ လုပ် သည်။ ကျွန်တော့်တွင်ပါလာသည့် အားသွင်းကြိုးပလပ်ခေါင်း နှင့်က အဆင်မပြေသဖြင့် အားသွင်းလို့မရ။ ယင်းသို့သော အတွေ့ အကြုံမျိုးကို အမေရိကသွားတုန်းကလည်း ကြုံခဲ့ဖူးသည်။ ထို့ ကြောင့် ဥရောပ၊ အမေရိကသို့ သွားမည်ဆိုပါက ဘက်စုံ အသုံး ပြုနိုင်သည့် ကြားခံပလပ်ခေါင်းတစ်ခု ဆောင်ထားဖို့ အတွေ့ အကြုံရှိသူများ သတိပေးသည်ကို သွားသတိရမိသည်။

ဟိုတယ်ခန်းထဲတွင် ပျင်းပျင်းရှိသည်နှင့် တီဗီဖွင့်ကြည့် လိုက်သည်။ အားကစားပွဲတစ်ခုလာနေသည်။ ဖူဆယ်ဘောလုံး ကန်သည့်သဘောမျိုး ဂိုးသမားအပါအဝင် ကစားသမားအားလုံး သည်လက်တစ်ဆုပ်စာ ဘောလုံးလေးကို လက်နှင့်ပစ်ကာ ဂိုး သွင်းရသည့် ကစားပွဲတစ်ခုဖြစ်သည်။ခဏကြည့်ပြီးတော့ နောက် ထပ် EURONEWS ဆိုသည့်လိုင်းကို ပြောင်းလိုက်သည်။ ရခိုင် ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားသော ဘင်္ဂါလီ သတင်းများ လာနေသည်။ ဘင်္ဂါလီကလေးများ၊ အမျိုးသမီးများ

ထမင်းစားသောက်နေကြသည့်မြင်ကွင်းနှင့် သူတို့ငိုနေကြသည့် မြင်ကွင်းများကို သတင်းတင်ဆက်သူက ကရုဏာဖြစ်စဖွယ် ရိုက်ပြထားသည်။

ကယ်ဆယ်ရေးစခန်းတွင် သူတို့ မည်သို့နေထိုင်ကြသည်၊ စားသောက်ကြသည်၊ နိုင်ငံတကာအဖွဲ့အစည်းများက မည်သို့ ကူညီပေးနေကြသည်ဆိုသည့် အကြောင်းများကို တင်ဆက်သွား သည်။ ပြီးတော့ မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာမည့် အကြောင်းလည်း တစ်ဆက်တည်း တင်ဆက်သွားလေသည်။အင်တာနက်ကိုဖွင့်ကြည့်သည့်အခါ ကနေဒါတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ဒေါက်တာဇာနည်စကားပြောနေစဉ် ပရိသတ်ထဲမှ ဆဲဆိုကန့်ကွက်နေသည့် ဗီဒီယိုင်တစ်ခုကို ဦးဝီရသူ က ပြန်ရှယ်ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ကျွန်တော်သည် ယခုခရီးစဉ်တွင် ရခိုင်ပြည် နယ်က ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ အမေးမခံရဖို့ကို ဆု တောင်းမိသည်။ နိုင်ငံတကာမှကြည့်လျှင် ကိုယ်တွေသည် ရိုဟင် ဂျာဆိုသည့် လူနည်းစုအပေါ်  ခွဲခြားဆက်ဆံသူ၊ လူမျိုးတုံးသတ် ဖြတ်မှု ကျူးလွန်သူတွေအဖြစ် မြင်နိုင်စရာရှိသော်လည်း ကိုယ်တွေမှာလည်း ကိုယ့်ပြည်တွင်းရေးပြဿနာများနှင့် ကိုယ် ဖြစ်သည်။

သို့ဖြစ်၍ ယင်းအကြောင်းဆွေးနွေးလျှင် အချေအတင် စကားများကာ အမုန်းပွားရမည့်ရလဒ်ဖြင့်သာ အဆုံးသတ်နိုင် စရာရှိခြင်းကြောင့်လည်း ယင်းအကြောင်းကို မမေးစေဖို့ ဆုတောင်းမိခြင်းဖြစ်သည်။

နံနက် ၁၁း၀၀ နာရီတွင် ကလူဒီယာက နေ့လယ်စာ စားဖို့ကို ဖုန်းဆက်လာသည်။ကျွန်တော်က ဘီသိုဗင်ပြတိုက်သို့ သွားလည်ချင်ကြောင်းပြောသဖြင့် နေ့လယ်စာ စားပြီလျှင်လိုက်ပို့ပေး မည်ဟု ဆိုသည်။ နေ့လယ်စာသွားစားတော့ ထပ်မံရောက်ရှိလာ သည့် ဧည့်သည်သုံးယောက်ကို တွေ့ရသည်။ ဆလိုဗက်ကီးယား နိုင်ငံက အမျိုးသားတစ်ဦး၊ ကာဂျစ်္စတန်က အမျိုးသားတစ်ဦးနှင့် ဗီယက်နမ်က အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။

ကျွန်တော်တို့သည် ဟိုတယ်အနီးရှိ နာမည်ကြီးပီဇာဆိုင်သို့ သွားခဲ့ကြသည်။ ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်ပြီး ယင်း ဆိုင်သို့ နိုင်ငံရေးသမားများ၊ မီဒီယာသမားများ လာရောက် စကားပြောကြ၊ အင်တာဗျူးကြလေ့ရှိသည်ဟု ကလူဒီယာက ရှင်းပြသည်။

ကျွန်တော်တို့ ဆိုင်ထဲသို့ဝင်သွားသည့်အခါ ဆိုင်ထဲတွင် နွေး၍ နေသည်။ ကျွန်တော်သည် အင်္ကျီကို အသားကပ်တစ်ထည်၊ ယင်းအပေါ်မှာ တီရှပ်တစ်ထည်၊ ဆွယ်တာအထူသား အနွေး ထည်တစ်ထည် ထပ်ဝတ်ထားပြီး ယင်းအပေါ်ကမှ နှင်းကာ ခေါင်းစွပ်အနွေးထည်ကို ဝတ်ထားခြင်းဖြစ်ရာ ဆိုင်ထဲရောက် သည့်အခါ အပေါ်ဆုံးက နှင်းကာခေါင်းစွပ်အနွေးထည်ကို ချွတ် လိုက်ရသည်။ ဆိုင်သည် အပြင်က ကြည့်သည့်အခါ တိတ်ဆိတ် နေပြီး လူမရှိသလိုလို ထင်ရသော်လည်း ဆိုင်ထဲတွင် စားသောက် ကာ စကား ပြောနေကြသူများမှာ မနည်းလှ။

ကျွန်တော်တို့သည် အခန်းတစ်ခုတည်းသို့ ဝင်လိုက်ပြီး အနွေးထည်များချိတ်ရန် လုပ်ထားသည့် သစ်သားတိုင်တွင် အနွေးထည်များကို ချိတ်ထားလိုက်ကြသည်။ အပေါ်ဘက်တွင် ကျောပိုးအိတ်များတင်သည့် စင်တစ်ခုကိုလည်း တွေ့ရသည်။ ကလူဒီယာပြောပြမှ အခန်းကို သေချာကြည့်လိုက်ရာ ကျွန်တော် တို့ထိုင်နေသည့်အခန်းမှာ ရထားတွဲတစ်ခု၏ အတွင်းပိုင်းပမာ ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ဤဆိုင်တွင် ပီဇာမှာ နာမည်ကြီးဖြစ်ကြောင်း ညွှန်းသဖြင့် ပီဇာကိုသာ စားဖို့ ဆုံးဖြတ်လိုက်သည်။ ပီဇာအရွယ်အစားက ကြီးသဖြင့် ကလူဒီယာနှင့် ကာဂျစ်္စတန်မှMr.Amangeldy Davletaliev က ပီဇာတစ်ခုကို တစ်ယောက်တစ်ဝက် စားဖို့ လုပ်သည်။ ကျွန်တော်နှင့် ကျန်နှစ်ယောက်က တစ်ယောက် တစ်ခုမှာကြသည်။ ခဏအကြာတွင် စားပွဲပေါ်သို့ ပီဇာရောက် လာ လေတော့သည်။ ပီဇာမှာ သူ့ကိုထည့်ထားသည့် ကြွေပန်းကန် ထက်ပင်ကြီးနေ၍ ဘေးသို့တွဲကျနေသည်။ နှစ်ခုပေါင်းလျှင် ကျွန် တော်တို့ဆီက ဆန်ကောတစ်ချပ်စာလောက်ပင် ရှိမည်ထင်၏။

ပီဇာကို သိပ်မကြိုက်လှသော ကျွန်တော့်အတွက်တော့ အခက်တွေ့ခြင်းပင်။ ကျွန်တော်သည် ထိုပီဇာကို သုံးပုံ တစ်ပုံသာ စားနိုင်လေသည်။ ကျန်နေသေးသည့်ပီဇာကို ပါဆယ်ထုပ်လိုက် ရသည်။ ဗီယက်နမ်မြှျ.ံကပနည ူန ြါကပနည ကလည်း ကျွန်တော့်ကိုကြည့်ကာ နှာခေါင်းလေးရှုံ့ပြီး သူ စား၍မကုန်တော့ ကြောင်း ပြောသည်။ ပြီးတော့ ကျွန်တော့်လိုပင် ပါဆယ်ထုပ်ပေးဖို့ ဆိုသည်။ ပီဇာတစ်ခုလျှင် ယူရိုငွေ ၁၀ ပေးရပြီး တခြားဆိုင်များ တွင် ယခုထက် ဈေးသက်သာသည်ဟု သိရ၏။

 

ဘီသိုဗင်ပြတိုက်

နေ့လယ်စာ စားသောက်ပြီးသည့်အခါတွင် ကျွန်တော်နှင့် ဗီယက်နမ်သူကို ကလူဒီယာက ဘီသိုဗင်ပြတိုက်သို့ လိုက်ပို့ပေး သည်။ ကျန်နှစ်ယောက်က မနက်ကမှ ရောက်လာသူများ ဖြစ် သည့်အတွက် ဟိုတယ်သို့ ပြန်နားကြလေသည်။ ဘီသိုဗင်ပြတိုက် သည် မဝေးလှသဖြင့် လမ်းလျှောက်သွားကြသည်။ ပြတိုက်သို့ မရောက်ခင် လမ်းတစ်ဝက်တွင် ဥိူ ွှသတည ံေူူ အဆောက် အအုံတစ်ခု၏ လှေကားရှေ့တွင် ရုပ်တုတစ်ခုကို တွေ့ရလေသည်။

ရုပ်တုသည် သူတော်စင်တစ်ဦးအလား ထင်မှတ်ရပြီး သူ့ ခန်္ဓာကိုယ်ပေါ်တွင် အညိုရောင်အဝတ်ထည်တစ်ခုကို ခြုံကာထား သည်။ သူ့ဘယ်ဘက်လက်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ထား သည်။ ကလူဒီယာက ““သူ့ကိုသိလား”” ဟု ရုပ်တုကိုကိုင်ရင်း မေး သည်။ ကျွန်တော်က ““ဘီသိုဗင်””ဟု ပြန်ဖြေလိုက်သည်။

ဘီသိုဗင်သည် သက်ရှိထင်ရှားရှိခဲ့စဉ်က ယခုရုပ်တုရှိရာ နေရာ၏ ဘေးဘက်ရှိ စားသောက်ဆိုင်သို့ လာထိုင်တတ်သည်၊ လာရောက်ကတတ်လေ့ရှိသည်ဟု ကလူဒီယာက စားသောက် ဆိုင်ကို ဩန်ပြရင်း ဆိုသည်။ သူဩန်ပြသည့် ဆိုင်လေးကို လှမ်း ကြည့်လိုက်ရာ ဆိုင်ခန်းမှာ ထောင့်ကျကျနေရာတွင် ရှိပြီး တံခါး ကို ပိတ်ထားသည်။

ဆိုင်ရှေ့တွင် လူတစ်ယောက် ရပ်နေတာက လွဲ၍ ဘာလှုပ် ရှားမှုကိုမှ မတွေ့ရ။ လက်ရှိတွင် စားသောက်ဆိုင်ကို ဖွင့်ထား၏လောဟုပင် ကျွန်တော် တွေးမိသည်။ ကျွန်တော်တို့သည် အခွင့် အရေးရတုန်း ရုပ်တုနှင့် ဓာတ်ပုံတွဲ၍ ရိုက်ကြသည်။ ပြီးတော့ စိတ်ထဲတွင် ဆိုင်ထဲသို့ ဝင်ထိုင်ကြည့်ချင်သည့် စိတ်များပင် ဖြစ် လာမိသည်။

ကျွန်တော်တို့သည် ဘီသိုဗင်ပြတိုက်သို့ ခရီးဆက်ကြသည်။ဘီသိုဗင်ပြတိုက်မှာ တံတိုင်းသဖွယ် ဖြစ်နေသည့် တိုက်တန်းလမ်း ကြားထဲတွင် မထင်မရှား တည်ရှိနေခြင်းဖြစ်သည်။ ၁၈ ရာစုက တည်းက တည်ဆောက်ခဲ့သည့် အဆိုပါ တိုက်အိမ်တွင် ဘီသိုဗင် ကို မွေးဖွားခဲ့သည်။ ယခုအခါ ယင်းကို ပြတိုက်အဖြစ် ထိန်းသိမ်း ထားခြင်းဖြစ်သည်။

ကျွန်တော်တို့သည် အဆောက်အအုံတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်ကြသည်။ ဘီသိုဗင်နှင့်ပတ်သက်သည့် အမှတ် တရ ပန်းချီကားများ၊ စီဒီခွေများ၊ စာအုပ်များ၊ အင်္ကျီများ စသည့် များစွာသော အမှတ်တရများကို ရောင်းချနေကြသည်။ ကျွန် တော်တို့နှစ်ယောက်ကို ပြတိုက်ထဲ ဝင်ကြည့်နိုင်ဖို့ ကလူဒီယာ    က လက်မှတ်ဖြတ်ပေးပြီးသည့်နောက် ဟိုတယ်သို့ ပြန်သွား လေသည်။

ဘီသိုဗင်ပြခန်းမှာ ခြံဝင်းထဲတွင် ရှိနေခြင်းဖြစ်သည်။အပြင်ဘက်က ကြည့်လျှင် အထပ်မြင့်တိုက်ဟု ထင်ရသော်လည်း အထဲသို့ ဝင်သွားသည့်အခါ အနောက်ဘက်တွင် ခြံဝင်းတစ်ခု ရှိ နေတာကို တွေ့ရလေသည်။ ယင်းခြံဝင်းထဲတွင် ဘီသိုဗင်ဖြစ်ဟန် ရှိသော ကိုယ်တစ်ပိုင်း ရုပ်တုနှစ်ခုကို တွေ့ရသည်။ ပြီးတော့ ချယ် ရီပန်းများပွင့်နေသည့်အလား သစ်ရွက်တွေ တစ်ပင်လုံးဝါနေ သည့် သစ်ပင်တစ်ပင်နှင့် သစ်ရွက်တွေ လုံး၀ မရှိတော့သည့် သစ် ပင်တစ်ပင်လည်း ရှိသည်။

ခြံထဲက ကိုယ်တစ်ပိုင်းရုပ်တုနှစ်ခုသည် ခေါင်းကို အနည်း ငယ် စောင်းကာ အောက်ဘက်သို့ ငုံ့ကြည့်နေခြင်းဖြစ်ရာ မြေပြင် တွင် ပြန့်ကျဲနေသည့် အဝါရောင်သစ်ရွက်များကို ကြည့်နေသည့် အလား ထင်မှတ်ရသည်။

ဘီသိုဗင်ပြတိုက်မှာ အဝါရောင်တိုက်အိမ်ဖြစ်သည်။ ယင်း တိုက်အိမ်မှာ ၁၈ ရာစုကတည်းက တည်ဆောက်ထားသည့် တိုက်အိမ်ဖြစ်ပြီး ဘီသိုဗင်နေခဲ့သည့် အိမ်လည်းဖြစ်သည်။ အရှေ့ ဘက်မျက်နှာစာတွင် ထပ်ခိုးပါရှိသည့် သုံးထပ်တိုက်ဖြစ်ပြီး အနောက်ဘက်တွင်တော့ ထပ်ခိုးပါရှိသည့် နှစ်ထပ်တိုက်ဖြစ် လေသည်။ အဆောက်အအုံမှာ ထုထည်ကြီးမားပြီး ကျစ်ကျစ် လျစ်လျစ် တည်ဆောက်ထားသည့် တိုက်အိမ်တစ်ခုဖြစ်သည်။

ကျွန်တော်တို့သည် တိုက်အိမ်ထဲသို့ ဝင်လိုက်သည့်အခါ အသက် ၇၀ ကျော်အရွယ်ရှိ အဘွားအိုတစ်ဦးက ပြုံးပြနှုတ်ဆက် ပြီး လက်မှတ်လာတောင်းသည်။ ပြီးတော့ လွယ်ထားသည့် ကျွန် တော့်ကင်မရာကို အိတ်ထဲထည့်ပေးထားဖို့ အိတ်တစ်အိတ်ပေး သည်။ ပြခန်းထဲတွင် ဓာတ်ပုံ မရိုက်ဖို့ တားမြစ်ထားလေသည်။

စစဝင်ချင်း ညာဘက်ရှိ အခန်းထဲသို့ အရင်ဆုံး ဝင်ကြည့် လိုက်သည်။ ယင်းအခန်းမှာ ၁၀ ပေပတ်လည် အကျယ်မျှသာ ရှိပြီး ပန်းချီကားများ ပြသထားသည်။ အခန်းထဲတွင် လမ်း လျှောက်သည့်အခါ သစ်သားကြမ်းခင်းမှာ တဂျွတ်ဂျွတ် မြည်နေ သဖြင့်ခြေထောက်ကို ဖွဖွလေးနင်းကာ ဖြည်းဖြည်းချင်း လျှောက် ရသည်။

ရှေးဟောင်းအဆောက်အအုံဖြစ်သည့်အတွက် အသံမြည် နေခြင်းမျိုး မဟုတ်ဘဲ ကြမ်းခင်းကို ယင်းသို့ အသံမြည်အောင် တမင်လုပ်ထားဟန်ရှိသည်။ အကြောင်းက ခင်းထားသည့် သစ် သားများက ဟောင်းနွမ်းနေတာမျိုး မဟုတ်ဘဲ အကောင်း  အတိုင်း ရှိနေသေးခြင်းကြောင့် ဖြစ်သည်။

ကျွန်တော်တို့သည် အပေါ်ထပ်သို့ ကြောင် လိမ်လှေကားမှ တစ်ဆင့် ဆက်တက်သွားလိုက်သည်။ လှေကားခွင်မှာ ကျဉ်း ကျဉ်းလေးဖြစ်၏။ စိတ်ထဲတွင် လူပုလေးတွေ နေသည့်အိမ်လား ဟု ပင်ထင်မှတ်ရသည်။ သို့သော် နောက်မှတွေးမိသည်က တိုက် အိမ်ပုံစံမှာ အေးလွန်းသည့် ရာသီဥတုအပေါ် မူတည်ပြီး ဆောက် ထားဟန်ရှိသည်။ ယခုလို နံရံထူထူ၊ အခန်းကျဉ်းကျဉ်း၊ အမိုး နိမ့်နိမ့်ဖြစ်မှသာလျှင် တိုက်ထဲတွင် နွေးနေမည်ဖြစ်သည်။

ပြခန်းများမှာ စုစုပေါင်း ၁၂ ခန်းအထိ ရှိသည်။ ယင်း ပြခန်းများထဲတွင် ဘီသိုဗင်အပါ အဝင် သူ၏မိသားစုဝင်ပန်းချီ ကားများ၊ သူအသုံး ပြုခဲ့သည့် စန်္ဒရား၊ တယောနှင့် ဂီတတူရိယာ ပစ်္စည်းများ၊ ဘီသိုဗင်၏ လက်ရေးမူများနှင့် ရုပ်တုများကို ပြသ ထားလေသည်။ ထို့ပြင် ဘီသိုဗင်၏ ဂီတဖန်တီးမှုများကို နား ထောင်နိုင်စေရန် အခန်းတစ်ခုတွင် ကွန်ပျူတာများကို ထားပေး ထားသည်။

ပြတိုက်မှ ပေးသည့် ဘီသိုဗင်၏ ကိုယ်ရေး အကျဉ်းတွင် သူ သည် ၁၇၇၀ ဒီဇင်ဘာ ၁၇ တွင် ဘွန်းမြို့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ဂီတပညာကို သင်ကြား ခဲ့သူဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်တွင် ဗီယင်နာမြို့သို့ ပြောင်း ရွှေ့သွားခဲ့သည်။ အသက် ၂၈ နှစ်အရွယ်မှ စတင်ကာ နားလေး သည့် ဝေဒနာခံစားခဲ့ရသည်။

နောက်ပိုင်းတွင် လုံးဝမကြားတော့သဖြင့် မိတ်ဆွေများဖြင့် ဂီတပညာရပ်များ ဆွေးနွေးရာတွင် စာဖြင့်ရေးသားပြီး အပြန် အလှန်ဆွေးနွေးခဲ့ရသည်။ ယင်းသို့ ဆွေးနွေးပြောဆိုခဲ့သည် စာအုပ်များသည် နောင်တွင် ဘီသိုဗင်ကို လေ့လာဖို့ အရေးကြီး သည့် အရင်းအမြစ်များဖြစ်လာခဲ့သည်။ ၁၈၂၇ မတ် ၂၆ ၊ အသက် ၅၆နှစ်အရွယ်တွင် ဗီယင်နာမြို့တွင် ကွယ်လွန်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ကျွန်တော်တို့ သွားခဲ့တဲ့နေ့က ပြတိုက်သို့ လာရောက်လည် ပတ်သူ တော်တော်များသည်။ ပြတိုက်မှ အမှတ်တရပစ်္စည်းတစ်ခု လောက် ဝယ်ခဲ့ဖို့ လုပ်သေးသည်။ သို့သော် ယူရိုငွေဖြင့်သာ ရောင်းသည့်အတွက် ဒေါ်လာငွေသာရှိသော ကျွန်တော့်မှာ မည် သည့်အမှတ်တရပစ်္စည်းမှ မဝယ်ခဲ့ရ။ကျွန်တော်တို့သည် ပြတိုက် ထဲတွင် တစ်နာရီကြာမျှ လှည့်လည်ကြည့်ရှုပြီးနောက် ဟိုတယ်သို့ ပြန်လာခဲ့တော့သည်။

ဘီသိုဗင်ဝိုင်

ညနေ ၆ နာရီခွဲတွင် ညစာ စားဖို့ လူစုလိုက်ကြသည်။ ခရီး စဉ်အတွက် ဖိတ်ကြားထားသူများအားလုံးလည်း ရောက်နေပြီ ဖြစ်သည်။ ကျွန်တော်တို့အာရှမှ အိန္ဒိယနိုင်ငံသားနှင့် ထိုင်းနိုင်ငံ သားတစ်ဦးကို ထပ်တွေ့ရသည်။ ထိုင်းနိုင်ငံသားကို တွေ့ရသည် မှာ ကျွန်တော့်စိတ်ထဲ ကိုယ့်မြန်မာနိုင်ငံသားနှင့် တွေ့လိုက်ရသလို ဝမ်းသာရလေသည်။

ကျွန်တော်တို့သည် ရုပ်သွင်ပြင်လက်္ခဏာနှင့် ယဉ်ကျေးမှု တို့ တူကြသလိုအိမ်နီးချင်းများလည်း ဖြစ်ကြသည်။ ထို့ပြင် ကျွန် တော်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့်အခါ မျိုးတွင် နိုင်ငံခြားသို့ ရောက်သည်ဟု မခံစားရဘဲ ကိုယ့်အိမ်၊ ကိုယ့်ရွာသို့ ရောက်သလို ရင်းရင်းနှီးနှီးဖြစ်နေခြင်းကြောင့်လည်း အထက်ပါအတိုင်း ခံစားရခြင်း ဖြစ်နိုင်သည်။ သူ့နာမည်က မြ.ဏမငည ြခေ့ငျေငအ ဟုခေါ်ပြီး ထိုင်းနိုင်ငံ ျွေြောညေါေူေ့ညငလနမျငအပ သ် ွှနခ့ညသူသါပ ှုျညေ မှ ဖြစ်သည်။ သူသည် ဂျာမနီသို့ ရောက်ဖူူးသည်။

ကလူဒီယာသည် နေ့လယ်ကသွားခဲ့သည့် လမ်းကြောင်း အတိုင်း ကျွန်တော်တို့အဖွဲ့ကို ဦးဆောင်သွားသည်။ ပြီးလျှင် ဘီသိုဗင်ရုပ်တုရှေ့သို့ ရောက်သည့်အခါ နေ့လယ်က မပါလာခဲ့ သည့် သူများကို ရုပ်တုကြီးနှင့်မိတ်ဆက်ပေးသည်။ ပြီးလျှင် ဘီသို ဗင်ရုပ်တုနှင့်အတူ ဓာတ်ပုံရိုက်ကြသည်။ ကျွန်တော့်အတွက်တော့ မနက်ကတည်းက အားရလောက်အောင် ဓာတ်ပုံရိုက်ထားသည် ဖြစ်ရာ သိပ်ပြီး စိတ်မဝင်စားတော့။

သို့သော် ဘီသိုဗင် ပုံမှန်လာထိုင်လေ့ရှိသည်ဆိုသော နာ ံသအအခ့န ဟု အမည်ရသည့်စားသောက်ဆိုင်ထဲကိုတော့ ဝင်ကြည့်ချင်မိသည်။ အခွင့်အရေးရလျှင် တစ်ယောက်တည်း ခဏလောက်ဖြစ်ဖြစ် လာထိုင်မည်ဟု တွေးကာ ဆိုင်ဘက်သို့ လှမ်း၍ ငေးကြည့်နေမိသည်။ ဆိုင်ရှေ့တွင် လူတစ်ယောက် ဆေး လိပ်သောက်နေသည်ကို တွေ့ရသည်။ ဆိုင်မှာ တံခါးပိတ်ထားပြီး တိတ်တိတ်ဆိတ်ဆိတ်ပင်။

ကျွန်တော်ကြည့်နေစဉ် ကလူဒီယာသည် ဆိုင်ရှေ့သို့ လျှောက်သွားသည်ကို တွေ့ရသဖြင့် သူ့နောက်သို့ လိုက်သွား လိုက်သည်။ သူ့အနားသို့ရောက်သည့်အခါ ““ငါတို့ ညစာ ဒီမှာ စားကြမယ်”” ဟုဆိုလိုက်ရာ ကျွန်တော့်မှာတစ်ဦးတည်းသော ကံ ထူးရှင်ရွေးပွဲတွင် နာမည်ကြေညာပေးသူက အနားသို့ကပ်ကာ      ““ကံထူးရှင်က မင်းပဲ”” ဟု အပြောခံလိုက်ရသလိုသာရှိတော့သည်။

ကျွန်တော်သည် ကြီးမားသောအပြုံးကို ဆောင်လျက် ဝမ်းသာ အားရဖြင့် ဆိုင်တံခါးကို တွန်းဖွင့်ကာ အထဲသို့ဝင်လိုက်သည်။ အထဲတွင် လိုက်ကာအထူကြီးတစ်ခုဖြင့် ထပ်၍ ကာရံထားသည်။ ယင်းလိုက်ကာနောက်တွင် နောက်ထပ်တံခါးတစ်ချပ်ကို တွန်း ဖွင့်လိုက်သည့်အခါ စကားပြောသံများ၊ ရယ်မောသံများ၊ ဇွန်းသံ၊ ခက်ရင်းသံများနှင့် တစ်ဆိုင်လုံး လူပြည့်နေသည်ကို တွေ့လိုက်      ရသည်။

အပြင်တွင် အရမ်းအေးသလောက် ဆိုင်ထဲတွင်က နွေး နွေးလေးဖြင့် နေလို့ကောင်းသည်။ ထို့ကြောင့်လည်း လူတွေကို အပြင်၌ မတွေ့ရခြင်း ဖြစ်မည်။ ကလူဒီယာသည် ညစာစားဖို့ကို ကြိုတင်မှာကြားထားခြင်း ဖြစ်သည်။

ကျွန်တော်တို့ကို အစားမစားခင် တစ်ခုခုသောက်ဖို့ ပြော သည်။ အများစုက ဘီယာတွေမှာကြသည်။ ဘီယာခွက်များမှာ တစ်ထွာလောက်ကနေ တစ်ပေအထိ အမြင့်ရှိသည့် လက်ကိုင် မပါသော ဖန်ခွက်များဖြစ်သည်။ ဘီယာမကြိုက်သော ကျွန်တော် က ဘီသိုဗင်ဝိုင်ဖြူတစ်ခွက် မှာလိုက်သည်။

ကျွန်တော်သည် လာချပေးသည့် ဝိုင်ဖြူခွက်ကိုသောက် ရင်း ဆိုင်၏ အပြင်အဆင်ကို လိုက်ကြည့်နေမိသည်။ ဘီသိုဗင် တစ်ယောက် ဘယ်နေရာမှာ ထိုင်လေမလဲဟုလည်း တွေးနေမိ၏။ ဆိုင်ထဲတွင် အလင်းပေးထားသည့်စနစ်က မီးလုံးကို မမြင်ရဘဲ အလင်းရောင်ကိုသာ ယူထားသည့် သဘောဖြစ်သည်။ဆိုင်သည် မူလအတိုင်း ထိန်းသိမ်းထား ခြင်းဟုတ်၊ မဟုတ်တော့ မသိ၊ ဆိုင်ထဲရှိ အနက်ရောင်သစ် သားတိုင်ကြီးများနှင့်ထုပ် တန်းများက သံထည်မပါဘဲ တစ်ခုနှင့်တစ်ခု ဖောက်စွပ် ထားသည်ကို တွေ့ရသည်။ သံ ရိုက်ရမည့်နေရာတွင်သစ်သား ချောင်းများကိုသာတွေ့ ရသည်။

ပြီးတော့ ကျွန်တော့်ညာ ဘက်ရှိ မီးခိုးရောင် နံရံပေါ်တွင် မီး သွေးခဲဖြင့် ဆွဲထားသည်ဟု ထင်ရသော နံရံပန်းချီတစ်ခုကို တွေ့ရ သည်။အဖြူရောင် စား ပွဲခင်းခင်းထားသည့် စားပွဲခုံ ပေါ်တွင် ခွက်တချို့ တင်ထား ပြီး ယင်းဘေးတွင် အမျိုးသမီး နှင့် အမျိုးသားတို့ စုံတွဲအလိုက် စကားပြောနေကြဟန်ဖြစ်သည်။ မီးသွေးဖြင့် ဆွဲ ထားသလားဆို တာ အတိအကျသိနိုင်စေရန် ပန်းချီကို လက်ဖြင့် တို့ကြည့်သည်။ လက်တွင် ဘာမှမပေ။ အနီးကပ်သေချာကြည့်မှ တချို့နေရာများ တွင် အနီရောင် ဖြင့် ဆွဲထားတာကိုလည်း တွေ့ရသည်။

ပန်းချီးကားကို စိုက်ကြည့် နေစဉ် ဆိုင်ထဲက စကားပြောသံ၊ ဇွန်း၊ခက်ရင်းသံနှင့် ဖန်ခွက်ချင်း တိုက်သံတို့သည် ပန်းချီကားထဲမှ ကြားနေရသလို ထင်လာမိသည်။ ပန်းချီကားထဲမှ လူတို့သည် လည်း ဂီတအသံနှင့်အတူ လှုပ်ရှားလာသည်။ ကလူဒီယာက ကျွန်တော့်ကို နောက်တစ်ခွက်ထပ်ယူဦးမလားဟု မေးသည်။

အခြားသော မိတ်ဆွေတို့သည်လည်း အသီးသီး ထပ်မှာ ကြသည်ကို တွေ့ရသည်။ စားကောင်း၊ သောက်ကောင်းရုံ တစ် ခွက်လောက်သာ တိုက်သည်ဟု ထင်ပြီး ထပ်မမှာတော့ဟု တွေး နေရာက ယင်းသို့ အမေးခံရသည့်အခါ ခေါင်းက အလိုအလျောက် ညိတ်သွားသည်။ ခဏအကြာ အားလုံး၏ မျက်နှာပေါ်တွင် နူးညံ့ သော အပြုံးနှင့် ရီဝေသော အကြည့်တို့က နေရာယူထားကြလေ တော့သည်။

ယင်းဆိုင်တွင် ထမင်းရသဖြင့် ကျွန်တော်သည် ပုစွန်နှင့် ငါးတို့ပါသည့် ထမင်းတစ်ပွဲ မှာလိုက်သည်။ ဝိုင်နှစ်ခွက်ကုန်သွားသည့်အချိန်တွင် အငွေ့တထောင်းထောင်းထနေသည့် လက်ကိုင် ပါ ကြေးဒယ်ပိုင်းတစ်ခုရှေ့သို့ ရောက်လာသည်။ ဒယ်ပိုင်းထဲတွင် ထမင်း၊ ပုစွန်နှင့်အတူ အရိုးမရှိတော့သည့် ငါးအသားလွှာ တစ်ခု ကို တွေ့ရသည်။ ဆလတ်ရွက်နှင့်အတူ ခရမ်းချဉ်သီးနှင့် သံပရိုသီး တစ်ခြမ်းစီ ထည့်ပေးထားသည်။ ဥရောပတွင် စားရသည့် ညစာ က ပီဇာမဟုတ်ဘဲ ထမင်းဖြစ်နေခြင်းအတွက် ကျွန်တော် အတိုင်း မသိ ဝမ်းသာမိတာတော့ အမှန်ပင်။

ကျွန်တော်တို့သည် ည ၉ နာရီကျော်တွင် ဟိုတယ်သို့ ပြန် လာခဲ့ကြသည်။ ယင်းအချိန်တွင် မြန်မာပြည်၌ ည ၂ နာရီ ကျော် နေပြီဖြစ်သည်။ ရာသီဥတုက မနက်ကလို မိုးအုံ့မနေတော့ဘဲ ကောင်းကင်က ကြည်လင်နေသည်။ ကျွန်တော်တို့လမ်းလျှောက် နေသည့်အရှေ့တည့်တည့်တွင်လခြမ်းကွေးလေးမှာ ပြုံးပြုံးလေး သာပြနေသလားမှတ်ရသည်။ ညကချမ်းအေးလွန်းလှသည်။ မနက်မိုးလင်းလျှင် နှင်းကျနိုင်သည်ဟု ကလူဒီယာက ခန့်မှန်း သည်။

မနက်ဆိုလျှင် ကျွန်တော်တို့၏ လေ့လာရေးခရီးစဉ် စတင် ရတော့မည်ဖြစ်သည်။ ကျွန်တော်တို့သည် ဘွန်းမြို့ရှိ အသက်မွေး ဝမ်းကျောင်း အတတ်ပညာ သင်ပေးသည့် ကျောင်း၊ အသက်မွေး ဝမ်းကျောင်း အတတ်ပညာနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ချိတ် ဆက် ဆောင်ရွက်နေသည့် ဌာနများနှင့် လက်တွေ့လုပ်ငန်းခွင်များ သို့  နှစ်ရက်ကြာ သွားရောက် လေ့လာရမည်ဖြစ်သည်။ ပြီးလျှင် ဂျာမနီ၏ မြို့တော် ဘာလင်သို့ ခရီးဆက်မည်ဖြစ်၏။ ဘာလင်တွင် သုံးရက် ကြာမည်ဖြစ်၏။ ထို့ကြောင့် ကျွန်တော်သည် နောက် ရက်အတွက် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ကာ အိပ်ရာ စော စောဝင်ခဲ့လေတော့သည်။ (ဆက်လက်ဖော်ပြပါမည်။)

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."