ရန်ကုန်- ၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း)
တအာင်းတပ်(TNLA) ထိန်းချုပ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက သတ္ထုတွင်းတွေရှိတဲ့ ဘော်ကြိုရွာကို စစ်ကော်မရှင်လေတပ်က ဒီနေ့လယ်ပိုင်းမှာဗုံးကြဲတဲ့အတွက် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်တစ်ချို့ ပျက်စီးခဲ့တယ်လို့ သီပေါဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ နေ့လယ် တစ်နာရီ ၃၅၊ ၄၀ လောက် ဘော်ကြိုစျေး ရွာအထွက်က TNLA စစ်ဆေးရေးဂိတ်ကို စကစက လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံးလာကြဲတာ။ နေအိမ်နှစ်အိမ်ပျက်စီးပြီး ကျားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်။ ဘော်ကြိုဘုရားမှန်တွေလည်း ပျက်စီးခဲ့တယ်” လို့ ၎င်းဒေသခံက မော်ကွန်းကို ပြောပါတယ်။
အဲဒီရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။ ဘော်ကြိုရွာအနီးမှာ မြန်မာနိုင်ငံကို ခါးလယ်ကဖြတ်ပိုင်းထားသလို ဖြစ်နေတဲ့ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေပိုက်လိုင်း ဖြတ်သန်းသွားတာပါ။
TNLA ကတော့ ဘော်ကြိုရွာက အရပ်သားနေထိုင်ရာ နေရာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတဲ့အတွက် အသက် ၄၅ နှစ်အရွယ် အရပ်သားတစ်ဦးဒဏ်ရာရပြီး အိမ်သုံးလုံးပျက်စီးတယ်လို့ ဒီနေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
လတ်တလော သီပေါမြို့နယ်ဘက်ခြမ်းမှာ တိုက်ပွဲမရှိသေးဘူးလို့ မြို့ခံတစ်ဦးကပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လကတည်းက စစ်ကော်မရှင်ကကြဲချနေတဲ့ဗုံးတွေကြောင့် တချို့တွေလည်း စစ်ရှောင်သွားကြပြီလို့ သူကဆိုတယ်။
ဒါပေမဲ့ သီပေါမြို့မှာ လက်ရှိနေထိုင်နေတဲ့မြို့ခံတွေဟာ စစ်ဘေးရှောင်ဖို့ သီပေါ-နမ့်လန် လမ်းပိုင်းအခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သူကပြောပါတယ်။ စစ်ကော်မရှင်နဲ့ တိုက်ပြီး လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတောင်သိမ်းပြီးမှ တရုတ်ဖိအားကြောင့် ငြိမ်းချမ်းရေးအစောဆုံးပြန်ယူသွားတဲ့ ကိုးကန့်တပ်(MNDAA) က အဲဒီလမ်းပိုင်းကိုထိန်းချုပ်ထားတာလို့ သူကပြောတယ်။
“ သီပေါက စစ်ရှောင်၊ မရှောင်ဆိုတာက နမ့်လန်လမ်းကို စောင့်ကြည့်နေကြတာ။ နမ့်လန်-သီပေါလမ်းပိုင်းမှာ ကိုးကန့်တွေ ရှိတယ်။ သူတို့ ဘယ်လိုလုပ်မလဲပေါ့။ အဲဒါကို အရပ်သားတွေက စောင့်ကြည့် နေကြတယ်။ လောလောဆယ် အဲဒီလမ်းပိုင်းကနေပဲ စကစတွေက လာနိုင်သေးတာရှင့်” လို့ သီပေါမြို့ခံကပြောတယ်။
မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ကမြို့ရွာအများစုကိုထိန်းချုပ်ထားတဲ့ တအာင်းတပ်နဲ့ စစ်ကော်မရှင်တို့ ပြီးခဲ့တဲ့လကုန်ပိုင်းက တရုတ်နိုင်ငံမှာဆွေးနွေးခဲ့ကြပေမယ့် အဖြေမထွက်ဘူးလို့ သတင်းတွေက ရေးပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း တအာင်းတပ်ရော စစ်ကော်မရှင်ဘက်ကပါ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ စစ်ကော်မရှင်တပ်တွေဟာ တအာင်းတပ်သိမ်းထားတဲ့ နောင်ချိုမြို့ကို ပြန်သိမ်းသွားသလို တရုတ်- မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေပိုက်လိုင်းဖြတ်သန်းထားတဲ့ ဂုတ်ထိပ်ဒေသကိုပါထပ်သိမ်းကာ တစ်ဖက်ခြမ်းမှာရှိတဲ့ တအာင်းတပ်ထိန်းချုပ်ရာ ကျောက်မဲမြို့ကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးပါတယ်။
ပုံစာ- လေကြောင်းဗုံးကြဲခံရလို့ ပျက်စီးသွားတဲ့ ဘော်ကြိုရွာက နေအိမ်တစ်လုံး။
ဓါတ်ပုံ- Visit Kyaukme

