ကာတွန်း -သီဟ(စခန်းသစ်) (၂၀၁၇)
ဒုက္ခသီရိမြို့လယ် စီးပွားရေးရပ်ကွက်ရှိ အတိုင်ပင်ခံ ဆရာကျွဲ၏ရုံးခန်းသို့ လူငယ်ခြေတက်လေး နိုဝင်ဘာမိုက်ခဲ ရောက်လာသည်။
ကြီးပွားတိုးတက်လိုသော နိုဝင်ဘာမိုက်ခဲ ဆရာကျွဲထံ ရောက်လာရခြင်းမှာ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်လိုသောကြောင့်ဖြစ်သည်။ ”ဘယ်လိုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နံှရင်ကောင်းမလဲ ဆရာ့ဆီကအကြံဉာဏ်တောင်းချင်ပါတယ်”ဟု နိုဝင်ဘာမိုက်ခဲက ဆိုလာ၏။
သူ့အမေးကို ဖြေဆိုရမည်ဆိုပါက သူ့ငွေထုပ် မည်မျှ ကြီးမားသနည်း၊ မည်သည့်လုပ်ငန်းများကို တတ်ကျွမ်းနားလည်သနည်းဆိုသည်တို့ကို ဦးစွာပထမ သိဖို့လိုသည်မဟုတ်လော။ သူ၏ ငွေထုပ်ကို သူ နားလည်သည့် နယ်ပယ်တွင် ရင်းနှီးမြှုပ်နံှပါက ပိုမို အလုပ်ဖြစ်မည်ဟု ဆရာကျွဲ ယူဆသည်။
”ရင်းနှီးမြှုပ်နံှမှုလုပ်မယ်ဆိုရင် မောင်ရင်ရဲ့ ငွေပမာဏက ဘယ်လောက် ရှိသလဲ”
ဆရာကျွဲ၏မေးခွန်းကို နိုဝင်ဘာမိုက်ခဲ မဖြေ။ သူ့မှာ ငွေမည်မျှရှိမှန်း တွက်ချက်မထားသောကြောင့် ချက်ချင်း မဖြေနိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဆရာကျွဲက မေးခွန်းတစ်မျိုး ပြောင်းမေးလိုက်သည်။
”မောင်ရင်က ဘယ်နေရာမှာ ကျွမ်းကျင်သလဲ”
”ကျွန်တော်က သတင်းစာ၊ ဂျာနယ်လုပ်ငန်း ကျွမ်းပါတယ်။ သတင်းထောက်လုပ်သက် ငါးနှစ် ရှိပါပြီ”
”သြော်…ကောင်းပါတယ်။ ဂျာနယ်လုပ်ငန်းဆိုတာ
အများပြည်သူကို သတင်းအချက်အလက် ပေးတာဆိုတော့ ကုသိုလ်ရပါတယ်။ အဲ…ဂျာနယ်တော့ ကိုယ်တိုင် မထုတ်သင့်ဘူး။ ရှိတာ အကုန်လုံး တဖြည်းဖြည်းချင်း ပြောင်သွားနိုင်တယ်”
နိုဝင်ဘာမိုက်ခဲလည်း ဆရာကျွဲစကားကို ခေါင်းတညိတ်ညိတ်ဖြင့် အေးစက်စက် နားထောင်၏။
”ကဲ…အရေးကြီးတဲ့ဟာကို ပြန်မေးရမယ်ဆိုရင် မောင်ရင့်မှာ ရင်းနှီးမြှုပ်နံှမယ့်ငွေ ဘယ်လောက်ရှိသလဲ”
”ဟာ…ဆရာရယ်၊ ကျွန်တော်က သတင်းသမားလေဗျာ။ ရင်းနှီးမြှုပ်နှံဖို့ ငွေဘယ်ရှိပါ့မလဲ”
သတင်းထောက်စကားကြောင့် ဆရာကျွဲ ကျွဲမြီးတိုသွားသည်။ ငွေမရှိဘဲ စီးပွားရေးသမားဖြစ်ချင်သော သတင်းထောက်ကို ဘယ်လိုနှင်ထုတ်ရင်ကောင်းမလဲဟု တွေးနေခိုက်…
”ကျွန်တော့် မိတ်ဆွေတွေက ဆရာ့ကို ချဉ်းကပ်ဖို့ ဝိုင်းပြီး တိုက်တွန်းကြပါတယ်။ သူတို့က ဆရာ့အကြောင်းလည်း အတော်များများ ပြောပြပါတယ်။ ဒါကြောင့် အကြံဉာဏ် ရလိုတဲ့အတွက် အခုလို ရောက်လာရခြင်း ဖြစ်ပါတယ်ဆရာ” ဟု နိုဝင်ဘာမိုက်ခဲက အားကိုးတကြီး ဆိုလာလေ၏။
အားကိုးရာမဲ့ဖြစ်ပြီး ရောက်လာသူကို ဆရာကျွဲ မည်သို့ ငြင်းဆန်နိုင်အံ့နည်း။
သတင်းသမားနှင့်ငွေ အတူမနေ
”မောင်ရင်က လစာ ဘယ်လောက်ရသလဲ”
”လစာက နှစ်သိန်းခွဲပါ။ အလုပ်ရှင်က ကျွန်တော်ရဲ့ ပြီးခဲ့တဲ့ငါးနှစ် လုပ်ပုံကိုင်ပုံကို သဘောကျတဲ့အတွက် လစာ ငါးရာခိုင်နှုန်း တိုးပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် လာမယ့်လက လစာ တစ်သောင်းခွဲ တက်တော့မှာပါ”
အိမ်ထောင်မကျသေးသောကြောင့် သားကျွေးမှု၊ မယားကျွေးမှုအတွက် တာဝန်မရှိသော်လည်း ကားခ၊ စားသောက်စရိတ် အထွေထွေတို့ကြောင့် ရသမျှ လစာ မစို့မပို့ကို စုမိဆောင်းမိခြင်း မရှိကြောင်း သတင်းထောက်က ရှင်းပြသည်။ မိဘနှင့်အတူနေသဖြင့် အိမ်လခအတွက်တော့ ပူစရာမလိုဟု ဆို၏။
”အင်း…မင်းမှာက ငွေမရှိဘူးဆိုတော့”
”ဆရာ၊ ငွေမရှိတာနဲ့ပဲ စီးပွားရေးလုပ်လို့ မရတော့ဘူးလား။ ကျွန်တော့်မိတ်ဆွေတွေကတော့ ဆရာ့မှာ စိတ်ကူးကောင်းတွေ အပြည့်ရှိတယ်လို့ ပြောနေကြတာနော်”
ဆရာကျွဲ၏ဂုဏ်ပုဒ်ကို ထုတ်ဖော်ပြောပြီဖြစ်သောကြောင့် အကူအညီ၊ အကြံဉာဏ် မဖြစ်မနေ ပေးရပေတော့မည်။
”မောင်ရင်၊ ဆရာ့ဆီကို မလာခင် ဘယ်ဝင်ခဲ့သေးလဲ”
”ဘယ်သူ့ဆီမှ မဝင်ပါဘူးဆရာရယ်၊ လပြည့်နေ့ ဆိုတော့ ရွှေစေတီတက်ပြီး ဘုရားပဲ ဖူးခဲ့တယ်။ ကျွန်တော် ဆရာ့ဆီက အကြံဉာဏ်ကောင်းကောင်းရပြီး စီးပွားရေးလုပ်ငန်းထဲ ခြေစုံပစ် ဝင်တဲ့အခါ အဆင်ပြေပါစေဆိုပြီး ဘုရားမှာ ဆုတောင်းခဲ့ပါတယ်။ အလှူခံပုံး ရှေ့တည့်တည့်ထိုင်ပြီး ဆုတောင်းတာ၊ ကျွန်တော့်မှာ ပိုက်ဆံအပိုမရှိတာကြောင့် အလှူငွေ မထည့်လိုက်မိဘူး။ မထည့်ရလည်း ပြဿနာတော့ မရှိပါဘူးခင်ဗျာ။ လပြည့်နေ့ဆိုတော့ ဘုရားမှာ လူလည်း များတယ်၊ အလှူခံသေတ္တာထဲမှာ ပိုက်ဆံက အပြည့်နီးပါးရှိပါတယ်”
သတင်းသမား နိုဝင်ဘာမိုက်ခဲက ပိုက်ဆံအပြည့်အလှူခံသေတ္တာပုံးအကြောင်း ပြောပြသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။
”မောင်ရင်၊ အဲဒီအလှူခံပုံးကို စိတ်မဝင်စားဘူးလား”
”ဘာလဲ၊ ဆရာက အဲဒီအလှူခံပုံးကြီးကို အမှိုက်သယ်တဲ့ လက်တွန်းလှည်းပေါ် တင်ပြီး ဘုရားပေါ်ကနေ တွန်းပြေးဖို့ အကြံ ပေးမလို့လား”
”တော်ပါတော့ မောင်ရင်ရယ်၊ ဒီလို ခပ်ပေါ့ပေါ့တွေးတာမျိုးအတိုင်း လုပ်တယ်ဆိုရင် ဒါက ရာဇဝတ်မှုမြောက်လိမ့်မယ်။ ပြီးတော့ လုပ်ငန်းအောင်မြင်သွားတယ်ဆိုရင်တောင်မှ အလှူခံပုံး တစ်ပုံးပဲ ရမှာကွ။ ငါ့မှာ အလှူခံပုံးတွေ အကုန်လုံးကို ရယူနိုင်တဲ့ တရားဝင်နည်းလမ်း ရှိတယ်။ ငါပြောပြမယ်၊ တရားဝင်တဲ့ နည်းလမ်းနော်”
တရားဝင်နည်းလမ်းဖြင့် အလှူခံပုံးအားလုံးရမည် ဟူသော စကားကြောင့် သတင်းထောက် နိုဝင်ဘာမိုက်ခဲ မျက်နှာဝင်းခနဲ ဖြစ်သွားသည်။
ပုံးထဲက ပိုက်ဆံ ကိုယ့်ပိုက်ဆံ
ရွှေစေတီ ပတ်ပတ်လည်တွင် အလှူခံပုးံများကို မရေတွက်နိုင်သလောက်နီးပါး တွေ့ရမည်ဖြစ်ကြောင်း၊ ဘုရားဂေါပကအဖွဲ့ကလည်း ထိုပုံးများကို ဖွင့်ပြီး ငွေရေတွက်၊ စာရင်းသွင်း၊ ဘဏ်သို့ ပို့ဆောင်အပ်နံှသည့်အလုပ်ကို မလုပ်ကိုင်နိုင်ကြောင်း၊ ထိုလုပ်ငန်းကို ဝန်ဆောင်မှုပေးလိုသူက လုပ်ငန်းလုပ်ပိုင်ခွင့် လျှောက်ထားပြီး လုပ်ကိုင်နိုင်ကြောင်း သတင်းထောက်ကို ရှင်းပြလိုက်သည်။
”တစ်နှစ်ကို အလှူခံပုံးတွေက ရငွေ စုစုပေါင်းက သိန်းကိုးထောင် ရှိတယ်လို့ ခန့်မှန်းကြတယ်ကွ။ မင်းက သိန်းရှစ်ထောင်နဲ့ လေလံအောင်တယ်ဆိုပါစို့။ ဒါဆို တစ်နှစ်ကို မင်းက သိန်းတစ်ထောင် အနည်းဆုံး ရပြီ”
”သိန်းတစ်ထောင်ဆိုတော့ မက်စရာပဲနော်”
”မက်စရာပေါ့ကွ။ အဲဒါထက်ပိုပြီး ရအောင်လုပ်တဲ့နည်းလမ်းတွေ ရှိပါသေးတယ်။ ဘုရားရင်ပြင်ပေါ်ကိုသွား၊ ဘယ်နားမှာ ဘုရားဖူးတွေ ကြာကြာနေကြသလဲ လိုက်လေ့လာ၊ အဲဒီနား အလှူခံပုံး များများထား။ သူတို့တွေ လှူရလွယ်ကူအောင် ဝန်ဆောင်မှု ပေးတဲ့သဘောပေါ့ကွာ”
”ပြီးတော့ ဘာတွေ လုပ်သင့်သေးလဲ ဆရာ”
”လုပ်သင့်တာကတော့ ဘုရားဖူးတွေ အဆင်ပြေရေးပေါ့ကွာ။ အခုခေတ်က ဘဏ်ကတ် အသုံးပြုမှု များလာပြီဆိုတော့ ဘုရားရင်ပြင်ပေါ်မှာ ATM ငွေထုတ်စက်တွေ လာပြီး ထားကြဖို့ ဘဏ်တွေကို တိုက်တွန်းပေါ့ကွာ။ ဒါဆို ဘဏ်တွေလည်း အဆင်ပြေမယ်။ ဘုရားလာသူတွေငွေထုတ်ချင်ရင်လည်း အဆင်ပြေတယ်။ အလှူခံပုံးထဲလည်း အလှူငွေ ပိုရနိုင်ခြေ ရှိတာပေါ့ကွာ”
နိုဝင်ဘာမိုက်ခဲက စိတ်အားထက်သန်လာပုံရသည်။ အလှူခံပုံးလေလံဆွဲရမည့်အချိန်၊ လေလံချပေးသူတို့ကို ချဉ်းကပ်ပုံ၊ ပြိုင်ဘက်တို့၏ အနေအထားများအကြောင်း အဆက်မပြတ် မေးမြန်း၏။ ဆရာကျွဲ လည်း အဆက်မပြတ် ဖြေရလေ၏။ နောက်ဆုံးတွင် ဆင်ပြောင်ကြီးအမြီးကျမှ တစ်ဟူသော အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။
”ဆရာ၊ ကျွန်တော် လေလံဆွဲမယ်ဗျာ။ ဆွဲမယ်ဆိုပေမယ့် ပြဿနာကြီးတစ်ခုတော့ ရှိနေတယ်”
”ဟင်…ဘာများလဲကွ”
”ကျွန်တော် လေလံအောင်ရင် ပိုက်ဆံက သိန်းကို ထောင်ချီပြီး သွင်းရမယ်လေဆရာ။ ကျွန်တော် ဒီပိုက်ဆံ ဘယ်က ရနိုင်မလဲ”
”ဒီပြဿနာ ဖြေရှင်းဖို့က မခက်ပါဘူး၊ ဒီခေတ်မှာ စီးပွားရေးလုပ်ဖို့ အခြေအနေမပေးသူတွေက သူတို့ ပိုက်ဆံကို ဘဏ်ထဲသွားထည့်ကြတယ်။ မင်းက သူတို့နဲ့ ပြောင်းပြန်ဆိုတော့ ဘဏ်ကနေ ငွေချေးပေါ့ကွယ်”
နိုဝင်ဘာမိုက်ခဲလည်း ဆရာကျွဲကို ဦးညွှတ်ပြီး ကျေးဇူးစကား အကြိမ်ကြိမ် ဆိုလေ၏။ ”ကဲ…မေးရဦးမယ်။ နိုဝင်ဘာမိုက်ခဲဆိုတဲ့ နာမည်ကို ဘာအဓိပ္ပာယ်နဲ့ မှည့်ထားတာလဲ”
”ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ကျွန်တော်က မိုက်ခရိုဖုန်း အပိုင်စီးပြီး လေများတတ်လို့ ခင်မင်သူတွေက မိုက်ခဲလို့ နာမည်ပြောင် ပေးထားတာပါ။ နိုဝင်ဘာဆိုတာကတော့ ကျွန်တော် မွေးတဲ့လပါ။ သတင်းသမားဖြစ်တော့ နိုဝင်ဘာမိုက်ခဲ ဆိုတဲ့ ကလောင်နာမည် ရွေးပါတယ်။ မိတ်ဆွေတွေကလည်း ဒီနာမည်ကိုပဲ ခေါ် ကြပါတယ်”
ထိုသို့ ရှင်းပြပြီးနောက် လုပ်ငန်းရှင်ဖြစ်လာတော့မည့် နိုဝင်ဘာမိုက်ခဲလည်း ဆရာကျွဲ၏ရုံးခန်းမှ တက်ကြွစွာ ထွက်ခွာသွားလေ၏။
ခြောက်လခန့် ကြာသော်
ခြောက်လခန့်ကြာသော် ဒုက္ခသီရိမြို့လယ်တွင် ဆရာကျွဲ ရှိနေခိုက် ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်လာသော နိုဝင်ဘာမိုက်ခဲနှင့် တွေ့ ဆုံလေသည်။
”ဟေ့…မောင်ရင် က အလှူခံပုံးကန်ထရိုက် လုပ်ငန်းလုပ်ဖို့ ငါအကြံပေးလိုက်တဲ့ နိုဝင်ဘာ မိုက်ခဲမဟုတ်လားကွ။ ပြောစမ်းပါဦး၊ အဲဒီလုပ်ငန်း လုပ်ဖြစ်သလား။ အစပိုင်းမှာတော့ ဒီလိုပဲပေါ့ကွာ။ အချိန်တန်ရင် အရင်းကြေပြီး အမြတ်ကြီးကြီးရမှာပါကွ”
နိုဝင်ဘာမိုက်ခဲကအလှူခံပုံး ကန်ထရိုက်လုပ်ငန်း မလုပ်ဖြစ်တော့ကြောင်း ပြောပြ၏။
”မလုပ်ဖြစ်တော့လည်း အရှုံးမရှိ၊ အရင်းပဲပေါ့ကွာ။ စိတ်မညစ်ပါနဲ့”
”မလုပ်ဖြစ်ပေမယ့် အရှုံးကြီးရှုံးပြီး အကြွေးတွေ တင်နေပြီ ဆရာကျွဲရေ။ လေလံဆွဲတဲ့အခါ ပိုက်ဆံအဆင်သင့်ဖြစ်အောင် မိဘအိမ်ကို ဘဏ်မှာအပေါင်ထားပြီး ချေးလိုက်တယ်။ ဆိုင်ရာလူကြီးလို့ ယူဆရသူတွေကို ချဉ်းကပ်ပြီး လက်ဆောင်လေး ဘာလေး ပေးဖြစ်တယ်။ အဲဒီအခြေအနေမှာပဲ ရွှေစေတီရဲ့ အလှူခံသေတ္တာကန်ထရိုက်စနစ် ရပ်ဆိုင်းသွားတယ်ဗျာ။ ကျွန်တော်အခုတော့ ဘဏ်ကိုလည်း အတိုးများများပေးရတယ်၊ သုံးထားတာတွေလည်းများတော့ ပေါင်ထားတဲ့ အိမ်ကို ရွေးဖို့ငွေ မလုံလောက် တော့ဘူး”
အတိုင်ပင်ခံ ဆရာကျွဲလည်း မှားတဲ့အခါလည်း မှားပေမပေါ့ဟု ရေရွတ်ရုံသာ တတ်နိုင်တော့ ပြီ။ အကြွေးတင်သဖြင့် ကြေကွဲနေရသော နိုဝင်ဘာမိုက်ခဲကို ခပ်သုတ်သုတ် နှုတ်ဆက်ပြီး အိမ်သို့ ခပ်ကုပ်ကုပ် ပြန်ခဲ့လေတော့သတည်း။
၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ သရော်စာ ဖြစ်ပါသည်။
ရန်ုလိုကျွဲ ရေးသည်။