ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်းထဲမှာ ရွာတွေကိုစီးနင်းကာ လူသတ်မီးရှိုးခဲ့သလို ဘုရားငွေပါခိုးခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်းတာကို ခံလိုက်ရပြီး စစ်ကြောင်းလိုက်ပြုတ်သွားခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ခိုးဆိုးလုနှိုက်ရာမှာ နာမည်ကြီးတဲ့အတွက် ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေက အမည်ပြောင်ပေးထားတဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လက်အောက်ခံ အဲဒီစစ်ကြောင်းကို ဘုတလင်မြို့နယ်ထဲမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝိုင်းတိုက်တဲ့အတွက် စစ်ကောင်စီတပ်သား ၃၀ ကျော်အရှင်မိကာ ဆယ်နဲ့ချီတဲ့ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက် ၇၀ ကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြားလည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ရလိုက်တယ်လို့ဆိုကြပါတယ်။
” အသေ (သေဆုံးစာရင်း)ကတော့ အတိအကျ မသိရသေးဘူး။ ပိုးလို့ပက်လက်ပဲ။ နှစ်ဆယ်ကျော် အစိတ်တော့ ရှိမှာ၊ သေတာက။ အရှင်မိတာက ၃၄ ယောက်၊ လက်နက်တွေက ၇၀ ကျော်တယ်” လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၀င် တစ်ဦးကပြောပါတယ်။
အဲဒီတိုက်ပွဲဟာ စက်တင်ဘာ ၃၀ မနက်ပိုင်း ၁၁ နာရီလောက်မှာ ဘုတလင်မြို့နယ်၊ စီပါနဲ့ ကျွဲသေချောင်းရွာကြားမှာ ဖြစ်ပွါးခဲ့ပြီး အင်အား ၇၀ ကျော်ပါဝင်တဲ့ အဲဒီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သုံးနာရီကျော်ကြာ တိုက်ခိုက်ချေမှုန်းခဲ့တာလို့ စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူ တိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
” ကိုယ့်ဘက်က အေးဆေးပါပဲ။ ပွန်းပဲ့ရုံဒဏ်ရာရတာ။ စစ်တပ်ဘက်က လေး၊ ငါး ယောက်တော့ လွတ်သွားတာ ရှိတယ်။ ကိုယ်တွေက ဒီ ၃၀ ကျော်ကိုမဲနေတုန်း ထွက်ပြေးကြတာ” လို့ ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်က မော်ကွန်းကိုပြောပါတယ်။
အခု ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းချေမှုန်းတာခံခဲ့ရတဲ့ အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့ပေါ်ကနေ ကူတော်ရဲစခန်း ဘက်ကို စက်တင်ဘာ ၂၀ မှာ စစ်ကူးသွားခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး ကူတော်ရဲစခန်းကနေ ဘုတလင်ကိုအပြန် လမ်းမှာ တိုက်ခိုက်ချေမှုန်းခံခဲ့ရတာ ဖြစ်ပါတယ်။
အခုချေမှုန်းခံရတဲ့ ဘီလူးစစ်ကြောင်းဟာ ကူတော်ရဲစခန်းကို စစ်ကူထွက်လာစဉ် ကျွဲသေချောင်းကျေးရွာက ပြည်သူတစ်ဦး၊ ကတိုးကျေးရွာက အသက် ၇၀ ကျော် အမျိုးသားတစ်ဦး၊ ရပ်/ကျေး ပကဖအဖွဲ့၀င် နှစ်ဦးတို့ကို ပစ်သတ်ခဲ့ပြီး ကျွဲသေချောင်းရွာ ဘုန်းကြီးကျောင်းက ဘုရားငွေ ကျပ် ၁၀ သိန်းကျော်ကို ခိုးယူခဲ့ကြသူတွေဖြစ်သလို ကတိုးရွာက နေအိမ် ၂၀ ၀န်းကျင်ကို မီးရှို့ဖျက်စီးခဲ့တဲ့ စစ်ကြောင်းလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပုံစာ – ဘုတလင်တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ။
ဓါတ်ပုံ- ယင်းမာပင်ခရိုင်၊ဗျူဟာ ၄၇ က ရဲဘော်တစ်ဦး။
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


