ဘုတလင်-၂၀၂၄ နိုဝင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကို အခြေချပြီး မြို့နယ်အတွင်းထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့တုန်းက မြို့အရှေ့ဘက်ခြမ်းက သဖန်းရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီမြို့နယ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အခြေစိုက်ရာ မုံရွာမြို့နယ်နဲ့ နယ်ချင်းဆက်နေတဲ့အတွက် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှု၊ မီးရှို့မှုနဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တဲ့ဒဏ်ကို အခံရဆုံးမြို့နယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။
” စစ်ကြောင်းထိုးတာက နှစ်လကျော်ပြီ။ ပြည်သူတွေလည်း ဒုက္ခရောက်လှပါပြီ။ နိုဝင်ဘာ ၇ ရက်နေ့ မနက်ခင်းမှာလည်း ဘုတလင်မြို့ အရှေ့အခြမ်းက သဖန်းရွာကို မီးရှို့တယ်။ ၃၄ အိမ် မီးလောင်ခဲ့တယ်။ အိမ်တွေရိုက်ဖျက်ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူသွားတယ်” လို့ မီးဘေးသင့် ဒေသခံတစ်ဦးက ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့လအစပိုင်းကနေ အခုအထိ မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလိုက်၊ မြို့ထဲပြန်ဝင်လိုက် လုပ်နေတဲ့ အဲဒီစစ်ကြောင်းကြောင့် ဒေသတွင်းက ကျေးရွာတွေမှာ အိမ်ခြေရာပေါင်းများစွာ မီးရှို့ခံထားရသလို လူနှစ်ဒါဇင်ကျော် သတ်ဖြတ်ခံရပြီးဖြစ်ကာ အများအပြားလည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတချို့က ပြောပြတယ်။
” ဒေသတွင်းက စစ်ရှောင်တွေ ရာသီဥတုကြောင့် ဖျားနာတာတွေ၊ တုပ်ကွေးဖြစ်တာတွေ ရှိနေတယ်။ အခုရက်ပိုင်းလည်း မိုးက ရွာတော့ ဒုက္ခ ပိုရောက်တယ်ဗျ။ စစ်အုပ်စုက စစ်ကြောင်းထိုးလိုက်၊ ဘုတလင်မြို့ထဲ ဝင်လိုက်လုပ်နေတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတချို့ ပြန်လွှတ်တယ်။ ကူကယ်ရေးလုပ်နေတဲ့အဖွဲ့တွေတော့ ရှိတယ်။ ရေရှည်လာတော့ ကူညီမှုတွေက လိုအပ်နေ သေးတယ်” လို့ ဘုတလင်မြို့နယ်မှာ စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ မခင်ဝတီက ပြောပါတယ်။
ပြီးခဲ့တဲ့လအစပိုင်းကတည်း စစ်ကြောင်းထိုးရင်း ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲကနေ အသက်အရွယ်ကြီးသူတွေကို ပြန်လွှတ်ပေးနေပေမယ့် အများစုကိုတော့ ဘုတလင်မြို့ပေါ်မှာ ဆက်လက်ဖမ်းဆီးထားဆဲပဲလို့ ဒေသခံတချို့က ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်မြို့နယ်ထဲက ဒေသခံ ၁၅,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့အပြင် ဒေသတွင်း လှည့်လည်တိမ်းရှောင်ကြရင်း ရောဂါဘယတွေလည်း ဖြစ်နေကြတာကြောင့် ဆေးဝါးအကူအညီ တွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဘုတလင်မြို့ရဲ့ အနောက်ဘက်ခြမ်းဒေသမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်ခဲ့ပြီးနောက် အောက်တိုဘာလအစကနေ အခုအထိ စစ်ကောင်စီဟာ ပြန်လည်စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့၊ အရပ်သားတွေကို သတ်ဖြတ်၊ ဖမ်းဆီးတာတွေ လုပ်နေတာလို့ ဒေသခံ တချို့က ပြောပါတယ်။
ပဋိပက္ခစောင့်ကြည့်တဲ့အဖွဲ့ Data for Myanmar ရဲ့ ဇူလိုင်လအထိ စာရင်းတွေအရ အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း တစ်သိန်းကျော်ကို မီးရှို့ဖျက်ဆီးထားတယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲက နေအိမ် ၇၃,၀၀၀ ကျော်ဟာ ဘုတလင်မြို့နယ်ပါဝင်တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ မီးရှို့ခံရတာဖြစ်ပြီး တစ်နိုင်ငံလုံး မီးရှိုးဖျက်ဆီးခံရမှုရဲ့ ၇၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
ပုံစာ- စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ပြီး ခြေ၊လက်၊ခေါင်းတွေ ဖြတ်တင်ထားခဲ့တဲ့ ခြံစည်းရိုးပေါ်ကို သေဆုံးသူရဲ့ မိခင်က နာရေးနေ့မှာ ဆေးလိပ်သွားတင်ပြီး ငိုကြွေး နှုတ်ဆက်နေတဲ့မြင်ကွင်း ဖြစ်ပါတယ်။ ဘုတလင်မြို့နယ်ထဲက အဲဒီ စီပါ ရွာမှာ လူခြောက်ဦး ရက်ရက်စက်စက် စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသလို ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဓါတ်ပုံ- ပေးပို့

