ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၂၃ (မော်ကွန်း)
ဒီလဆန်းကတည်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးကာ ၆၀ ခန့် လူသားဒိုင်းအဖြစ် အဖမ်းခံထားရဆဲဖြစ်တယ်လို့ ဒေသတွင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်နေသူတချို့က ဒီနေ့ပြောပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်ကျေးလက်ဒေသတွေကို ဒီလ ၄ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးဖျက်ဆီးနေခဲ့တာဖြစ်ပြီး ဒီနေ့အထိ ဘုတလင်မြို့ အနောက်မြောက်ဘက်ဒေသက စိုင်ပြင်လေးရွာမှာ တပ်စွဲအခြေချနေဆဲဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
” ဘုတလင်ကနေ မုံရွာ နမခကို ပြန်ဝင်ပြီး ကျေးရွာတွေကိုတော့ အောက်တိုဘာ ၈ ရက်က စထိုးတာ။ အခုအချိန်ထိ စစ်ကြောင်းက ပြန်မဆုတ်သေးဘူး။ ကျေးရွာတွေ မီးရှို့ခံရတာက လက်ရှိ စိုင်ပြင်လေးရွာမပါသေးဘူး အိမ်ခြေ ၄၀၀ ကျော်နေပြီ ။ အသတ်ခံရတာက လက်ရှိ ၂၃ ယောက်ဝန်းကျင်ရှိပြီ။ အဖမ်းခံရသူကတော့ ၆၀ ဝန်းကျင်ရှိပြီ” လို့ ဘုတလင်မြို့နယ်အခြေစိုက် ဒေါင်းရာဇာ စစ်ရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ဘုတလင်မြို့ရဲ့ အနောက်မြောက်ဘက်ဒေသမှာရှိတဲ့ တက်လှိုင်း၊ စီပါ၊ ကျွဲသေချောင်း၊ ဆယ်ဝရွာဟောင်း၊ ဆယ်ဝရွာသစ်နဲ့ အိုင်ပေါင်းချောင်ရွာတွေက အိမ်ခြေ ၄၀၀ ခန့်နဲ့ နွားတင်းကုတ်တွေကို မီးရှို့ထားပြီးဖြစ်သလို လက်ရှိတပ်စွဲထားတဲ့ စိုင်ပြင်လေးရွာမှာလည်း မီးရှို့နေဆဲလို့ အကူအညီပေးသူတချို့က ပြောပါတယ်။ အဲဒီရွာရဲ့ ပျက်ဆီးဆုံးရှုံးမှုနဲ့ သေဆုံးစာရင်းကိုတော့ မပြုစုနိုင်သေးဘူးလို့ သူတို့က ပြောပါတယ်။
အိမ်ခြေ ၂၉၀ ကျော် မီးရှို့ခဲ့တဲ့ စီပါရွာမှာဆိုရင် အဲဒီစစ်ကြောင်းက လူခြောက်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စစ်တင်ဘာ ၃၀ ရက်တုန်းကတော့ ဘုတလင်အနောက်မြောက်ဘက်မှာရှိတဲ့ ကူတော်ရဲကင်းစခန်းကနေ ဘုတလင်မြို့ ဘက်ကို ပြန်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်ကြောင်းလိုက်ပြုတ်သွားခဲ့ပါသေးတယ်။
ဒီလိုစစ်ရှုံးပြီးရက်ပိုင်းအတွင်းမှာပဲ အင်အား ၁၀၀ ကျော်ပါတဲ့ နောက်ထပ်စစ်ကြောင်းတစ်ခုကို စေလွှတ်ပြီး စစ်ကောင်စီဟာ ကျေးရွာတွေကိုမီးရှို့၊ ဒေသခံတွေကို သတ်ဖြတ်ဖမ်းဆီးတာတွေလုပ်နေတာလို့ စစ်ရှောင်ကူညီပေးနေသူတချို့က ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်း အခုမီးရှို့ထားတဲ့ ရွာတွေထဲက ဆယ်ဝနဲ့ အိုင်ပေါင်းချောင်စတဲ့ ရွာတွေဟာ ကူတော်ရဲစခန်းကို သွားတဲ့လမ်းဘေးမှာ ရှိတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတော့ ဘုတလင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အဲဒီစစ်ကြောင်းကြောင့် အရပ်သား ၂၄ ဦးသေဆုံးခဲ့ကာ အဲဒီအထဲမှာ ကလေးသုံးဦး၊ အမျိုးသမီးသုံးဦးနဲ့ သက်ကြီးရွယ်အိုတစ်ဦးပါဝင်တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ကူတော်ရဲစခန်း စစ်ကူစစ်ကြောင်းပြုတ်သွားတဲ့တိုက်ပွဲ ဖြစ်ပြီးကတည်းက အဲဒီဒေသတွင်းမှာ ဒေသခံ ၅၀,၀၀၀ ခန့် စစ်ဘေးရှောင်ခဲ့ရပြီး ၁၅,၀၀၀ ခန့်က သူတို့ရွာတွေကို ပြန်မကပ်နိုင်သေးဘူးလို့ အကူအညီပေးနေသူတချို့ကပြောပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပုံစာ- စစ်ကောင်စီ စစ်ကြောင်းရဲ့ မီးရှိုး၊လူသတ်ခံခဲ့ရတဲ့ စီပါရွာက နေအိမ်တချို့
ဓါတ်ပုံ- ဒေါင်းရာဇာ စစ်ရှောင်ကူညီရေးအဖွဲ့
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

