ရန်ကုန်-၂၀၂၄ မေ ၁၁ (မော်ကွန်း)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား ဒီနေ့မနက်အစောပိုင်းက မိုင်းခွဲခံရပြီး တံတားကျိုးသွားလို့ ရန်ကုန်-မော်လမြိုင်ကားတွေ သွားမရတော့ဘူးလို့ ယာဉ်လိုင်းဂိတ်တွေနဲ့ ခရီးသည်တချို့က ပြောပါတယ်။
ကျုံအိတ်တံတားဟာ အရင်ကလည်း မိုင်းခွဲဖျက်ဆီးခံရလို့ လမ်းတစ်ဖက်ကို ဘေလီတံတားထိုးထားတာဖြစ်ပြီး ဒီနေ့မနက်က ထပ်မံမိုင်းခွဲခံရတာကြောင့် အဲဒီဘေလီတံတားပါကျိုးကျပျက်စီးခဲ့တာပါ။
ရန်ကုန်ကနေ မော်လမြိုင်ကို ခရီးသွားမယ့် သူတစ်ဦးကလည်း ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ကားလက်မှတ်ဖြတ်မရတော့ဘူးလို့ ပြောပါတယ်။
“မော်လမြိုင်ကို မနက်ဖြန်မနက်သွားဖို့ ကားလက်မှတ်ဖြတ်တာ၊ ဘယ်ဂိတ်မှဖြတ်မရဘူး။ တံတားကျိုးလို့တဲ့။ ကားပြန်ထွက်နိုင်မယ့်အချိန်တော့ မသိသေးဘူးလို့ပြောတယ်”လို့ သူကပြောပါတယ်။
မော်ကွန်းက အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာရှိတဲ့ ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းတချို့ကို ဖုန်းဆက်မေးမြန်းရာမှာလည်း ကျုံအိတ်တံတားကျိုးလို့ ကားမထွက်သလို ဘယ်နေ့မှပြန်ထွက်နိုင်မယ်ဆိုတာလည်း မသိသေးဘူးလို့ ဆိုကြပါတယ်။
“မနက်ဖြန်ကားမထွက်ပါဘူး။ လမ်းမှာတံတားကျိုးလို့ ကားထွက်လို့မရပါဘူး”လို့ မန္တလာမင်း အဝေးပြေးကားလက်မှတ်အရောင်းဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ယာဉ်လိုင်းတွေပိတ်ဆို့နေသလို ဘယ်အဖွဲ့က မိုင်းခွဲဖျက်ဆီးသွားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဘားအံကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားကို မနှစ်က ဇွန် ၂၉ ရက်ကလည်း မိုင်းခွဲဖျက်ဆီးခံရသလို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးသလို ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ-ဒုတိယအကြိမ်မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွားတဲ့ ကျုံအိတ်တံတား။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် People media တယ်လီဂရမ်ချန်နယ်။